သဘာဝတရားမှ အငြိုးကြီးလေသောအခါ (An Inconvenient Truth) (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း
အနည်းဆုံး လူတသိန်းကျော် သေကျေပျက်စီးခဲ့ပြီး လူတသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ တမြို့လုံးနီးပါး ရေကြည်တပေါက် သောက်စရာမရှိ ဖြစ်ပျက်ခဲ့ရသည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း၏ လက်သည်တရားခံမှာ မည်သူနည်း။

သဘာဝတရား၏ ဖေးမမှုကို နှစ်ပေါင်းများစွာတိုင်အောင် ရရှိခံစားခဲ့ရသော မြန်မာနိုင်ငံမှာ ကမ္ဘာ့နိုင်ငံများတွင် မည်သို့သော သဘာဝဘေးအန္တရာယ်မျိုး ကျရောက်သည် မဆိုထားနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကျရောက်လေ့ရှိသော သဘာဝတရား၏ ဘေးထွက်ဆိုးကျိုးများကိုပင် မြန်မာပြည်သူ ပြည်သားတို့မှာ မခံစားခဲ့ရ။ အာရှတိုက်တွင် နှစ်ပေါင်း ၂ဝ အတွင်း အဆိုးရွားဆုံးသော သဘာဝဘေးဒဏ်ကို စစ်အစိုးရ၏ လျစ်လျှူရှုထားမှုကြောင့် အလူးအလဲ ခံလိုက်ရသည်။

၂ဝဝ၇ ခုနှစ်က ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့သည့် ဒါရိုက်တာ Davis Guggenheim . An Inconvenient Truth ဇာတ်ကားမှာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီ လှပေသည်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ အလွန်အကျွံ သုံးစွဲမှု၊ သစ်တောများ အလွန်အကျွံ ခုတ်ထွင်မှု၊ မလိုအပ်ဘဲ ရေကာတာကြီးများ ဆောက်လုပ်မှု၊ မြို့ပြချဲ့ထွင်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှု၊ မိုးသက်မုန်တိုင်းများ တိုက်ခတ်နိုင်မှု၊ ရေကြီးမှုများ ဖြစ်လာနိုင်ကြောင်း တင်ပြထားပါသည်။

An Convenient Truth ဇာတ်ကားတွင် အမေရိကန် ဒုသမ္မတ ဟောင်အယ်(လ်)ဂိုးက သူကိုယ်တိုင် အစီအစဉ် တင်ဆက်သူ၊ ထုတ်လုပ်သူအဖြစ် တာဝန်ယူကာ လူတို့၏ မဆင်မခြင် သဘာဝတရားများကို ပျက်စီးနေမှုကြောင့် သဘာဝတရားမှ လူများကို တန်ပြန် ကလဲ့စားချေမည့်နေ့မှာ မဝေးနိုင်တော့ကြောင်း သတိပေး ပြောဆိုထားသည်။

၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူနာမီ ငလျင်လှိုင်းမှာ သဘာဝတရား၏ ဖောက်ပြန်မှု (Nature Strike Back) တခု ဖြစ်သည်ဟု အယ်(လ်)ဂိုးက ထိုဇာတ်ကားတွင် သုံးသပ်ပြောဆိုခဲ့သည်။ နူးကလီးယား စမ်းသပ်မှု၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ အလွန်အကျွံ သုံးစွဲမှုနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် ပင်လယ်ရေ အောက် သယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုကြောင့် သဘာဝတရားက ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ရှင်းပြ ထားသည်။

ဂေဟဗေဒစနစ် မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ရာတွင် သစ်တောများ ခုတ်ထွင်ရှင်းလင်းမှုနှင့် မြို့ပြချဲ့ထွင်မှုကို ရှောင်ရှားသင့်ကြောင်း ယူနက်စကို၏ တိုက်တွန်းချက်ကို ကိုးကားပြီး မြေပုံကားချပ်များ၊ တကယ့်အဖြစ်အပျက်များကို အယ်(လ်)ဂိုးက တင်ပြခဲ့သည်။

တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ရေကာတာများ တိုးချဲ့တည်ဆောက်မှုကြောင့် ရေကြီးမှု၊ မြေပြိုမှုများဖြစ်ကာ လူပေါင်းထောင်ချီ အသက်ဆုံးရှုံး ခဲ့ရပုံများကို တင်ပြထားသည်။ မြန်မာနိုင်ငံတွင်လည်း ၂ဝဝ၆ ခုနှစ် မိုးနှောင်းပိုင်းမှစကာ အထက်မြန်မာပြည်တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ် မိုးဦးတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများ ရေကြီးမှုနှင့် ရေကာတာကျိုးပေါက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဂေဟဗေဒစနစ်အား ဟန်ချက်ညီစေရန် ထိန်းသိမ်းပေးသော ဖြစ်စဉ်များထဲတွင် အရေးပါဆုံးတခု ဖြစ်သော သစ်တော များကို နအဖ အစိုးရမှ နိုင်ငံခြားဝင်ငွေ ရရှိရန်အလို့ငှာ နှစ်စဉ် ခုတ်လှဲပစ်ကြသည်။ ယခင်က ဘင်္ဂလား ပင်လယ်အော် မှ ဝင်ရောက်လာသည့် မုတ်သုန်မိုးတိမ်များကို ပဲခူးရိုးမရှိ သစ်တောများမှ အစဉ်လိုက် သယ်ဆောင်သွားကာ အထက် မြန်မာပြည် အပူပိုင်းဒေသများတွင် မိုးရွာသွန်းစေနိုင်ခဲ့သည်။ ယခုတော့ နအဖ၏ ပျဉ်းမနား နယ် မြေတဝိုက်တွင် နေပြည်တော်မြို့သစ် တည်ဆောက်မှုကြောင့် သစ်ပင်များ ခုတ်လှဲမှု၊ ပဲခူးရိုးမရှိ သစ်ပင်များ ခုတ်ထွင် ရောင်းချမှုများ ကြောင့် ရေဝေတောများ ပျက်စီးဆုံးရှုံးခဲ့ရသော မိုးသားတိမ်လိပ်များမှာ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးအောက် တွင်သာ ရွာသွန်းချနိုင်မှုကြောင့် အထက်မြန်မာပြည် မြို့ပြတွင် မိုးရွာသွန်းမှု လျော့ကျခဲ့ပြီး အောက်မြန်မာပြည်တွင် ရေကြီး ရေလျှံမှုများ နှစ်စဉ်ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများက နှစ်စဉ် သတိပေး ပြောကြားခဲ့သော်လည်း နအဖ အတွက်မူ သစ်တောများမှ နိုင်ငံတကာ ဝင်ငွေကို မြိုးမြိုးမြက်မြက် ရရှိနေမှုကြောင့် လျစ်လျူရှုခဲ့သည်။ လူတသိန်းကျော် သေခဲ့ရသည့် ဆိုင်ကလုန်းနာဂစ်သည် နအဖ၏ ထိုကဲ့သို့ လျစ်လျူရှုခဲ့သည့် အကျိုးဆက်ပင် ဖြစ်သည်။ အချိန်အခါမရွေး သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်မှုနှင့် ပတ်သက်၍ ကြိုတင် သတိရှိကြရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေများအား လှုံ့ဆော်ပညာပေးရန်၊ သတိပေးချက် များ ထုတ်ပြန်ရန် လိုအပ်မှုများကိုလည်း An Inconvenient Truth တွင် ရိုက်ကူးတင်ဆက်ထားသည်။

ပြသချိန်  ၉၄ မိနစ် ကြာမြင့်သော ထိုဇာတ်ကားတွင် သစ်တပင်နှုတ်လိုက်ရုံ၊ မော်တော်ကား စက်နှိုးလိုက်ရုံ၊ ပေါက်တူးတချက် ပေါက်လိုက်ရုံဖြင့် ဂေဟဗေဒစနစ်များ ပျက်စီးနိုင်ပြီး သဘာဝဘေးဒဏ်များ ခံစားနိုင် ရပုံကို အဆင့်ဆင့် အသေးစိတ် ဖော်ပြထားသည့်အတွက် ထိုဇာတ်ကား ကြည့်သူများအနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် စိတ်ပါဝင်စားလာနိုင်သည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံ များတွင် ထိုဇာတ်ကားမှာ ပြည်သူပြည်သားများ ပညာပေးလှုံ့ဆော်ရေး အစီအစဉ်တရပ်အနေဖြင့် ကျောင်းများ၊ ပြည်သူများကို ပြသနေခဲ့သော်လည်း မြန်မာအစိုးရအတွက်မူ သူတို့ကိုယ်တိုင်လည်း စိတ်မဝင် စား၊ ပြည်သူများကိုလည်း သဘာဝဘေးအန္တရာယ်အတွက် ပညာပေး ဆောင်ရွက်မှုမျိုး မပြုလုပ်ခဲ့ချေ။

(ဒီရေတောများတွင် နေထိုင်သော တောဆင်ရိုင်းများ ကောင်ရေကိုပင် နိုင်ငံတကာ အဖွဲ့အစည်းတခုမှ ၂ဝဝ၆ ခုနှစ်တွင် ဧရာဝတီတိုင်း၌ လာရောက် သုတေသနပြုမှ ကောင်ရေမည်မျှ ရှိသည်ကို မြန်မာအစိုးရက သိခဲ့ရသည်၊၊) ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကိစ္စများတွင် အာရုံစိုက်ဆောင်ရွက် နေသော်လည်း နအဖ အစိုးရကမူ လျစ်လျှူရှုထား၍ ကောင်းဆဲပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် နာဂစ်ဆိုင်ကလုံးဒဏ်ကြောင့် သေကြေပျက်စီးဆုံးရှုံးမှု များရခြင်းသည် သဘာဝဘေးဒဏ်ကြောင့်ထက် အစိုးရ၏ သဘာဝဘေးအန္တရာယ် အခြေအနေမှန် ကို သတင်းထုတ်ပြန်မှု မရှိခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် တတ်ကျွမ်းသူများ နည်းပါးခြင်း၊ လူသားချင်း စာနာစိတ်ကင်းမဲ့သည့် အပြုအမူများကြောင့် သဘာ ဝဘေးဒဏ်ခံ ဒေသများအတွက် ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူများ၊ အချိန်မီ ပြည်ဝင်ခွင့်ဗီဇာ မရရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲခြင်းများနှင့် ပတ် သက်၍ ဦးစီးဆောင်ရွက်နေသူ အမေရိကန် ဒုသမ္မတဟောင်း အယ်(လ်)ဂိုးက ဝါရှင်တန်ပို့(စ်) သတင်းစာနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ www.Climatecrisis.net တွင်လည်း မေလ ၂ ရက်နှင့် ၃ ရက်များက တိုက်ခိုက်ခဲ့သော ဆိုင်ကလုံးမုန်တိုင်းနှင့် ပတ်သက်၍ အယ်(လ်)ဂိုးက “သဘာဝ ဘေးအန္တရာယ်များ ပိုမိုများပြားလာမှုမှာ ထိုနိုင်ငံများ၏ သက်ဆိုင်ရာ အစိုးရများအပေါ်တွင် အများကြီး မူတည်နေကြောင်း” ထောက်ပြပြောဆိုခဲ့သည်။

An Inconvenient Truth ဇာတ်ကားတွင်လည်း သဘာဝ ဘေးအန္တရာယ်ဒဏ် ခံစားခဲ့ရသည့် နေရာဒေသများအနေဖြင့် ပထမဦးစွာ မြေဆီလွှာ ဆုံးရှုံးခြင်း၊ လူသားအရင်း အမြစ် ဆုံးရှုံးခြင်း၊ နောက်ထပ် သဘာဝဘေးအန္တရာယ်များကို ထပ်မံတွေ့ကြုံနိုင်ဖွယ် ရှိခြင်းတို့ကြောင့် ထိုနေရာအတွက် နှစ်ရှည်စီမံချက်များအပြင် အချိန်တိုအတွင်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ကြံဆသင့်ကြောင်း ဖော်ပြထားသည်။ သဘာဝဘေးအန္တရာယ် ကျွမ်းကျင်သူများကမူ ကပ်ဘေးကျရောက်ပြီး သော နေရာများတွင်  ဇာတိချက်မြှုပ်သူများ ကိုယ်တိုင်ကပင် ထိုအရပ်ကို စွန့်ခွာသွားကာ လူနေထိုင်လိုစိတ် ကင်းမဲ့သွားသည့်ဒေသများ ဖြစ်သွားတတ်သည်ဟု ဆိုသဖြင့် မြန်မာနိုင်ငံ၏ မုန်တိုင်းဒဏ်ခံရသော ဒေသမှာ နိုင်ငံ၏ စပါးကျီနှင့် လယ်ယာသားငါးအတွက် အဓိကအားထားရာဒေသ ဖြစ်သည့်အပြင် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် စားသုံးသော ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်သောကြောင့် စိုးရိမ်ဖွယ်ရာ ကောင်းလှသည်။