အာဏာဖီဆန်သော ရုပ်ရှင် V for Vendetta (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း
ရက်စက် ကြမ်းကြုတ်သော အာဏာရှင်
အစိုးရတရပ်အား မည်သို့ ဖြုတ်ချရမည်ကို
ဟောလီးဝုဒ် ရုပ်ရှင်လောကမှ ရံဖန်ရံခါတွင်
ရုပ်ရှင် ဇာတ်ကားကြီးများအနေနှင့် ရိုက်ကူး
ထုတ်လုပ်ခဲ့ဖူးသည်။ ထို ဇာတ်ကားများအနက်
၂ဝဝ၇ ခုနှစ်က ရုံတင် ပြသခဲ့သည့် V for
Vendetta ဇာတ်ကားမှာ ပြောစမတ် ဖြစ်စရာ
ရုပ်ရှင်ကားအဖြစ် စံနမူနာ ယူထိုက်ပေသည်။

V for Vendetta ဇာတ်ကားမှာ နိုင်ငံတကာတွင်
ရုံတင် ပြသနေသည့်အချိန်က သောက်သောက်လဲ
ဝင်ငွေရသည့် Box Office ရုပ်ရှင် ဇာတ်ကားတ
ကား ဖြစ်သောကြောင့် မြန်မာရုပ်ရှင်ရုံ တည်
ဆောက်ထားသည့် ကုမ္ပဏီပိုင်ရှင်တို့မှာ ထိုဇာတ်ကားကို ဝယ်ယူလျှင် သေချာပေါက် မြတ်မည်ကို တွေးမိသောကြောင့် မလေးရှား ဖျော်ဖြေရေး ကုမ္ပဏီတခုနှင့် စာချုပ် ချုပ်ဆိုပြီး ပြည်တွင်းရုံများ
တွင် ပြသရန် ကြံစည်ပြီးခါမှ နအဖ အစိုးရမှ ပြသခွင့် မပြုသောကြောင့် ရုံမတင် ဖြစ်လိုက်သည့်
ဇာတ်ကားဖြစ်သည်။

ထိုဇာတ်ကားနှင့် ပတ်သက်၍ ရုံတင် ပြသခွင့် မရခဲ့သလို၊ ပြည်တွင်း စာနယ်ဇင်းများတွင်လည်း ဇာတ်ကားအကြောင်း Review ဆောင်းပါးများပါ ရေးသားခွင့်ကို စာပေ စိစစ်ရေးက  ပိတ်ပင်ခဲ့လေသည်။ သို့သော် မြန်မာ့ရုပ်ရှင် ဝါသနာအိုးများက ထိုဇာတ်ကားကို လမ်းဘေး DVD  အရောင်းဆိုင်များ၌ ခိုးကြောင်ခိုးဝှက် ရောင်းချသောကြောင့် အနည်းအကျဉ်း ကြည့်ရှုခွင့် ရရှိခဲ့ကြသည်။

V for Vendetta ဇာတ်ကားများ လန်ဒန်မြို့နှင့် တထေရာတည်း တူသည့် Jordan မြို့ အပါအဝင် တနိုင်ငံလုံးကို အာဏာရှင်တဦးမှာ ရက်စက် ကြမ်းကြုတ်စွာ ထိန်းချုပ်ထားချိန် ဖြစ်သည်။ အဆိုပါ အာဏာရှင်ပုဂ္ဂိုလ်မှာ စစ်ယူနီဖောင်းဝတ် မဟုတ်သော်လည်း ပြည်သူ ပြည်သားတို့၏ ရှေ့မှောက်သို့ ထွက်ရန် မဆိုထားဘိ၊ သူ၏ ကက်ဘိနက်အတွင်း ပါဝင်သော  ပုဂ္ဂိုလ်များကိုပင် အတွေ့မခံ။ လက္မ ၂ဝဝ ပတ်လည် လောက်ရှိမည့် LCD မော်နီတာမှ တဆင့်သာ အမိန့်တော်များကို ပေးသနားတော်မူလေသည်။ ပြည်သူ ပြည်သားများအားလည်း သူတို့ ထိန်းချုပ်ထားရာ BTN  ရုပ်သံလှိုင်းမှ တဆင့် မိန့်ခွန်း ချွေတော်မူလေသည်။ အဓိပတိ အဒမ်ဆွန်တလာ ဟု အမည်ရသည့် အာဏာရှင်မှာ သူ၏ အာဏာကို ထိပါးတော့မည့် ပုဂ္ဂိုလ်များ သို့မဟုတ် သံသယရှိသည့် ပုဂ္ဂိုလ်များကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လျှို့ဝှက်နေရာများတွင် လူမဆန်စွာ ဖမ်းဆီး နှိပ်စက်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်လေသည်။

အာဏာရှင်အစိုးရအား ဖြုတ်ချမည့် လူစွမ်းကောင်းကြီး V မှာ အာဏာရှင်တို့၏ ထိုသို့ ဖမ်းဆီး နှိပ်စက်ခံရပြီး အသတ်ခံရမည့် အချိန်တွင် သူနေထိုင်ရာ အကျဉ်းခန်းအတွင်းမှ လွတ်မြောက်လာခဲ့ပြီး သေရွာပြန် လူသားအဖြစ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ Mr. V မှာ ငရဲခန်းအတွင်းမှ လွတ်မြောက်လာပြီးနောက် မျက်နှာကို အမြဲတမ်း မျက်နှာဖုံးစွပ်ထားကာ အာဏာရှင် အစိုးရအား ဆန့်ကျင်သည့် ကိစ္စရပ်များကို တကိုယ်တော် စွမ်းစွမ်းတမံ ပြုလုပ်လေတော့သည်။ တနေ့တွင်မူ အာဏာရှင်တို့၏ လက်ပါးစေ လျှို့ဝှက် ရဲအဖွဲ့မှ လိုက်လံ နှောင့်ယှက်နေသည့် အမျိုးသမီးလေး အီဗာအား ကယ်တင်ရင်း သူနေထိုင်ရာသို့ ခေါ်ဆောင်သွားခဲ့သည်။ အီဗာ၏ အမေမှာလည်း အာဏာရှင်တို့၏ ငရဲခန်းအတွင်း အသတ်ခံခဲ့ရသူ ဖြစ်ပြီး Mr. V က အီဗာအား အာဏာ ဖီဆန်နည်းများဖြင့် ရက်စက် ကြမ်းကြုတ်သော အစိုးရအား ဖြိုချရမည်ကို ပြောကြားခဲ့ပြီး သူတို့နှစ်ဦးမှာ ယုံကြည်ချက် ပို၍ပင် ခိုင်မာလာခဲ့သည်။

mr.v3.jpg

Mr. V မှာ တကိုယ်တော် လှုပ်ရှားရင်း အာဏာဖီဆန်ရေး နည်းလမ်းများဖြင့် အသံလွှင့်ရုံများကို ခေတ္တ စီးနင်းခြင်း၊ အာဏာရှင် ဝါဒဖြန့်ချိရေး ယန္တရားများ ဖြစ်သည့် နံရံကပ် ပိုစတာ၊ ရုပ်သံလှိုင်းများတွင် နှောင့်ယှက်ခြင်းများ၏ ထိရောက်မှုကြောင့် ပြည်သူများက သူ၏ လုပ်ရပ်များကို ထောက်ခံလာခဲ့ကြသည်၊၊

နိုင်ငံရေး အန်တုမှု အရှိန်အဟုန် ရလာပြီး ပြည်သူများကလည်း္နMr. V လုပ်ရပ်များကို သဘောကျ နှစ်ခြိုက်လာခဲ့ကြသည့်အခါ Mr. V က ပြည်သူတရပ်လုံးအား သူ့လို မျက်နှာဖုံးများစွပ်၍ ဝတ်ရုံနက်များ ခြုံကာ လူထု တိုက်ပွဲဝင်ရန် ဆော်သြကြလေသည်။ သူကိုယ်တိုင်လည်း အာဏာရှင်အား ထိပ်တိုက် ရင်ဆိုင်ကာ သုတ်သင် ရှင်းလင်းပြီး အာဏာရှင်တို့ ရုံးစိုက်ရာ ဗဟို ဌာနချုပ်အား ဓာတ်မြေသြဇာများနှင့် စီစဉ်ထားသည့် ရထားတွဲဗုံးဖြင့် ဖြိုဖျက်ခဲ့လေသည်။ Mr. V ချိန်းဆိုထားသော နေ့ရက်သို့ ရောက်သည့်အခါ ပြည်သူတရပ်လုံးမှာ မျက်နှာဖုံးများ ဝတ်ဆင်၍ သေနတ်ပြောင်းဝ၊ အမြောက်ပြောင်းဝရှေ့သို့ ရောက်ရှိလာခဲ့ကြသည်၊၊ Mr. V ၏ အချိန်ကိုက် စီစဉ်မှုကြောင့် ဗဟို အမိန့်ပေးမှု ကင်းမဲ့နေသည့်အတွက် စစ်သားများမှာလည်း ပြည်သူလူထုအား ပစ်ခတ် ဖြိုခွဲခြင်းများ မရှိတော့ဘဲ ယင်းတို့ သွားချင်သည့် နေရာသို့ လွတ်လပ်စွာ ချီတက်ခွင့် ပြုလိုက်လေတော့သည်။ Mr. V မှာ သူ၏ စွန့်လွှတ် အနစ်နာခံမှုကြောင့် အာဏာရှင် အစိုးရ ပြုတ်ကျသွားခဲ့သော်လည်း သူကိုယ်တိုင်ကမူ မြင်တွေ့သွားခွင့် မရခဲ့ချေ။

V for Vendetta ဇာတ်ကားကို ဒါရိုက်တာ Jame Mc Teigue က ရိုက်ကူးပြီး Matrix ဇာတ်ကားများနှင့် Lord of the Ring ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် သြစတေးလျား သရုပ်ဆောင် Hugo Weaving က သရုပ်ဆောင်ထားသည်။ အီဗာအဖြစ် Star war ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် ဂျူးလူမျိုး သရုပ်ဆောင် တာလီပေါ့မန်းက သရုပ်ဆောင်ထားသည်။ ထိုဇာတ်ကားတွင် မြန်မာပြည်သူ ပြည်သားများအတွက် နမူနာယူသင့်သည့် အချက်မှာ အာဏာရှင် အစိုးရလက်အောက်မှ လွတ်မြောက်အောင် စွမ်းဆောင်ရသည့်အခါတွင် စည်းလုံးညီညွတ်ကြရန်နှင့် Mr. V ပြုလုပ်ခဲ့သည့်အတိုင်း နိုင်ငံရေး အန်တုမှုများနှင့် အာဏာဖီဆန်သည့် နည်းလမ်းများမှတဆင့် အဆုံးသတ် အောင်ပွဲအထိ ရောက်အောင် တိုက်ယူသွားနိုင်သကဲ့သို့ ပြည်သူ ပြည်သားများကလည်း အာဏာဖီဆန်သည့် နည်းလမ်းများသုံးပြီး ဆေးအနီနှင့် V ဆိုသော အမှတ်တံဆိပ်ကို ယင်းတို့၏ ဝါဒဖြန့်ချိရေး ပိုစတာများပေါ်တွင် လိုက်လံ ရေးသားကြလေသည်။

mr.v1.jpg

V for Vendetta ဇာတ်ကားမှာ CGI Effect (computer generated effect) အများကို အသုံးပြုထားသော်လည်း အချို့နေရာများသည် ဓာတ်ပုံ အလင်းအမှောင်ကို အထူး ဦးစားပေး ပြုလုပ်နိုင်ခဲ့သည်။ တချိန်လုံး မျက်နှာဖုံးစွပ်ထားသည့် Mr. V ကို ဒါရိုက်တာက သူ၏ အတွင်းစိတ် ခံစားမှုများကို တသမတ်တည်းသာရှိသည့် မျက်နှာဖုံးပေါ်တွင်ပါ ပေါ်လွင် ထင်ရှားအောင် ရိုက်ကူး ပြသွားနိုင်ခဲ့သည်။ Mr. V မျက်နှာပေါ်ကို ရိုက်သည့် ကင်မရာထောင့်နှင့် အနီးအဝေးကို မူတည်၍ Mr. V တကယ့်မျက်နှာ အမူအယာအလား ဖော်ပြသွားနိုင်သကဲ့သို့ ဇာတ်ကားတခုလုံး မျက်နှာဖုံးစွပ်၍ သရုပ်ဆောင်သွားသည့် Mr. V မှာ ယင်း၏ မျက်နှာကို ပရိသတ်က မတွေ့ရသော်လည်း ပြောစကား (Dialogue) နှင့် ကိုယ်ဟန်အမူအယာ (္ဘBody Language) များအရ ပေါ်လွင် ထင်ရှားအောင် သရုပ်ဆောင် သွားနိုင်ခဲ့သည်။

V for Vendetta ဇာတ်ကား၏ မူရင်းဇာတ်လမ်းမှာ အင်္ဂလန်နိုင်ငံတွင် ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ၁ဝ ကြိမ်တိုင်တိုင် ပုံနှိပ် ထုတ်ဝေခဲ့ရသည့် ကာတွန်း ရုပ်ပြဆရာ အလန်မိုးနှင့် ဒေးဗစ်လွိုင်တို့ ရေးဆွဲခဲ့သည့် ကာတွန်း ရုပ်ပြအပေါ် အခြေခံပြီး ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ Mr. V အာဏာရှင် အန်တုမှု လုပ်ရပ်တချို့မှာ မင်းမဲ့စရိုက်နှင့် အကြမ်းဖက်သည့် နည်းလမ်းများကို အသုံးပြုသွားသည်ကို တွေ့မြင်ရမည် ဖြစ်ပြီး အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် လုပ်နည်း လုပ်ဟန်များမှာလည်း မရှိမဖြစ် လိုအပ်ပေသည်။ အကြမ်းဖက်သည့် အာဏာရှင်ကို အကြမ်းမဖက်သည့်နည်းဖြင့် ရေရှည် တိုက်ပွဲဝင်၍မရ ဆိုသည်ကို V for Vendetta က အထင်အရှား ဖော်ပြခဲ့သည်။

mr.v6.jpg

V for Vendetta ဇာတ်ကားကို ရေးသားနေချိန်၌ တိဘက်တွင်လည်း ဒုတိယမြောက် ရွှေဝါရောင်တော်လှန်ရေးဟု တင်စား ခေါ်ဝေါ်ကြသည့် တိဘက်ဘုန်းတော်ကြီးများနှင့် ပြည်သူလူထု၏ လွတ်မြောက်ရေးတိုက်ပွဲ အရှိန်အဟုန်ကလည်း ကြီးမားလျက် ရှိသည်။ မြန်မာပြည်သူ လူထုက ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြ တိုက်ပွဲဝင်ခဲ့သော်လည်း တိဘက်ပြည်သူများကမူ ရရာလက်နက် စွဲကိုင်၍ တိုက်ပွဲဝင်လျက် ရှိကြသည်။ သမိုင်းကြောင်းအရ မြန်မာနိုင်ငံတွင် လူထုအုံကြွမှု ဖြစ်ပွားပြီးသည်နှင့် မရှေးမနှောင်းမှာဘဲ တိဘက်တွင်လည်း လူထုအုံကြွမှု ဖြစ်ပွားခဲ့သည့် သာဓကများ ရှိခဲ့၍ ယခုအခါ သမိုင်းချားရဟတ်က တပတ်ပြန်လည်လာပြီ ဖြစ်ရာ မြန်မာပြည်သူ ပြည်သားများအနေဖြင့် တိဘက်၏ ရရာ လက်နက်စွဲကိုင်၍ တိုက်ပွဲဝင်နေသည်ကို အတုယူ၍လည်းကောင်း၊ V for Vendetta ၏ Mr. V People Power(ပြည်သူ့အုံကြွပေါက်ကွဲမှု) ကို အခြေခံပြီး ရရာလက်နက် စွဲကိုင်၍ သော်လည်းကောင်း အာဏာဖီဆန်လျှင်ဖြင့် မြန်မာပြည်သူ ပြည်သားအပေါင်း လိုချင်တောင့်တနေသော ဒီမိုကရေစီမှာ ပြေး၍ပင် မလွတ်ချေ။