၂ဝဝ၈ ခုနှစ်တွင် ဝင်ငွေစံချိန်ချိုးမည်ဟု ဝေဖန်ရေးဆရာများက ခန့်မှန်းထားကြသည့် ဇာတ်ကားများဖြစ်သည့် The Mummy: Tomb of the Dragon Emperor, Indiana Jones and the Kingdom of Crystal Skull စသည့် ဇာတ်ကားများကို ကျော်ဖြတ်ကာ ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်၏ Batman ဇာတ်ကားသစ်ဖြစ်သည့် The Dark Knight ဇာတ်ကားမှာ ၂ဝဝ၅ ခုနှစ်က ပြသခဲ့သည့် Batman Begin ဇာတ်ကား၏ နောက်ဆက်တွဲ (Sequel) ဇာတ်ကားဖြစ်သည်။
Batman
ကမ္ဘာ့ပထမဦးဆုံး Batman ဇာတ်ကားကို Batman ဆိုသည့် နာမည်ဖြင့်ပင် ၁၉၈၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ လင်းနို့လူသား (Batman) အဖြစ် မိုက်ကယ်ကီတန်က သရုပ်ဆောင်သည်။ လင်းနို့ လူသား၏ ရန်သူတော်ကြီး The Joker အဖြစ် Easy Riders ဇာတ်ကားမှ မင်းသားကြီး ဂျက်နီကိုယ်ဆန်က သရုပ်ဆောင်သည်။ မိုက်ကယ်ကီတန်နှင့် ဂျက်နီကိုဆန်တို့၏ ပြောင်မြောက်လှသည့် သရုပ်ဆောင်ချက်များကြောင့် ပထမဦးဆုံး Batman ဇာတ်ကားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည်။
၁၉၉၂ ခုနှစ်တွင် Batman Returns၊ ၁၉၉၅ ခုနှစ်တွင် Batman Forever ဇာတ်ကား၊ ၁၉၉၇ ခုနှစ် Batman & Robin ဇာတ်ကားများကို ထုတ်လုပ်ပြသခဲ့သည်။ ယခင်ပြသခဲ့သည့် Batman ဇာတ်ကားများမှာ ငွေကြေးအရ အောင်မြင်မှု ရရှိခဲ့သည့် ဇာတ်ကားများ ဖြစ်သော်လည်း ၁၉၉၇ ခုနှစ်တွင် ရုံတင်ပြသခဲ့ပြီး ဂျော့ကလူနီက လင်းနို့လူသားအဖြစ် သရုပ်ဆောင်ခဲ့သည့် မူပိုင်ခွင့်ရှိသူများနှင့် ထုတ်လုပ်သူများက ဆက်လက် ရိုက်ကူးမှုကို ခေတ္တရပ်နားခဲ့သည်။ ငွေရောင် ပိတ်ကားပေါ်မှာ ၈ နှစ်ကြာ ပျောက်ကွယ်နေခဲ့ရသည့် Batman ဇာတ်ကားကို ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်က ပြန်လည် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒီဂျစ်တယ် အထူးပြု လုပ်ဆောင်ချက်များဖြင့် ဖန်တီးထားသည့် Batman ဇာတ်ကားတွင် Batman အဖြစ် ခရစ္စတီယန်ဘေးလ်က သရုပ်ဆောင်သည်။ ခရစ္စတီယန်ဘေးလ်မှာ ကလေးဘဝကတည်းက ဒါရိုက်တာ စတီဗင်စပီးဘာ(ဂ့်) ၏ Empire of The Sun ရုပ်ရှင်ဇာတ်ကားတွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သည်။ (The Prestige ဇာတ်ကားတွင်လည်း ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သည့် မျက်လှည့်ဆရာအဖြစ် သရုပ်ဆောင်ခဲ့သည့်အတွက် နာမည်ကျော်ကြားခဲ့သည်။) Batman Begins ဇာတ်ကားတွင် မျက်နှာသစ် သရုပ်ဆောင်များကို ပွဲထုတ်၍ အောင်မြင်မှု ရရှိလာခဲ့သည့် ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်မှာ ၂ဝဝ၈ ခုနှစ်တွင် The Dark Knight ဆိုသည့်ဇာတ်ကားကို ထပ်မံ ရုံတင်ပြသခဲ့သည်။
ဇူလိုင်လ ၁၈ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် The Dark Knight ဇာတ်ကားမှာ ယခုစာရေးနေသည့် အချိန်အထိ ရုပ်ရှင်တန်းစီး ဇယား၏ နံပါတ် ၁ နေရာတွင် သီတင်း ၅ ပတ်ကြာ ဗိုလ်ဆွဲခဲ့ပြီး ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား စာရင်းတွင်လည်း Titanic ဇာတ်ကားနောက် နံပါတ် ၂ နေရာတွင် ဒုတိယ လိုက်လျက်ရှိသည်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင် ပြသခဲ့သည့် Titanic ဇာတ်ကားမှာ ကမ္ဘာတဝှမ်း ရုံတင်ပြသရာမှ ဝင်ငွေဒေါ်လာ သန်းနှစ်ထောင် နီးပါး (နှစ်ဘီလျံ) ရရှိခဲ့ပြီး အမေရိကန်နိုင်ငံတွင် ပြသရာမှ ရရှိငွေ ဒေါ်လာသန်း ၆ဝဝ ကျော်ဖြင့် ပထမနေရာတွင် ရှိပြီး၊ The Dark knight ဇာတ်ကားကမူ အမေရိကန် နိုင်ငံတွင် ပြသရာမှ ရရှိသော ဝင်ငွေဒေါ်လာ သန်း ၄၆ဝ ကျော်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
လော့(စ်)အိန်ဂျလိ(စ်)တိုင်း(မ်) သတင်းစာကမူ The Dark Knight ဇာတ်ကားနှင့် ပတ်သက်၍ အိပ်မောကျနေသော အမေရိကန် ရုပ်ရှင်လောကကို လှုပ်နှိုးလိုက်သည့် ဇာတ်ကားဟု မှတ်ချက်ပေးခဲ့ပြီး နယူးယောက်တိုင်း(မ်) သတင်းစာကလည်း ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် နံပါတ် ၁ နေရာတွင် ၁၁ နှစ်ကြာ စိုးမိုးထားနိုင်မှုကို ဖယ်ရှားနိုင်တော့မည့် ဇာတ်ကားဟု ဆိုသည်။
Batman
Batman ၏ ရန်သူတော် Joker အဖြစ် ယခုနှစ်ဆန်းပိုင်းတွင် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုဖြင့် ကွယ်လွန်သွားရှာပြီ ဖြစ်သည့် ဟိတ်လယ်ဂျာက သရုပ်ဆောင်ထားသည်။
မင်းသားဟိတ်လယ်ဂျာမှာ Broke Back Mountain ဇာတ်ကားတွင် လိင်တူ စိတ်ဝင်စားသူ နွားကျောင်းသား ကောင်းဘွိုင်အဖြစ် နာမည်ကျော် မင်းသားတလက် ဖြစ်ခဲ့ပြီး အချို့သော ရုပ်ရှင်ဝေဖန်ရေး ဆရာများကမူ Batman ဇာတ်ကား၏ အောင်မြင်မှုမှာ ဟိတ်လယ်ဂျာ ကွယ်လွန်ပြီးနောက် ပထမဆုံး ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သောကြောင့်ဟု ဆိုသည်။
ထိပ်တန်း ဒုစရိုက်သမားတယောက် ဖြစ်သော်လည်း မူမှန်စိတ် မဟုတ်တော့သည့် ဂျိုကာတယောက် အသွင်ဖြင့် သရုပ်ဆောင်ခဲ့သောကြောင့် ရုပ်ရှင်ကြည့် ပရိသတ်များကမူ ရုပ်ရှင်ထဲတွင် မြင်နေကျ ဒုစရိုက် ခေါင်းဆောင်ကြီးများလို မဟုတ်တော့ဘဲ တမျိုး ဆန်းသစ်စေခဲ့သည့် အတွက်ဟု ဆိုသည်။
ဂျိုကာ၏ လက်ချက်ကြောင့် မျက်နှာတခြမ်း ရစရာမရှိအောင် ပျက်စီးခဲ့သည့် ဂေါက်သမ်မြို့တော်၏ တရားရေးအရာရှိ ဟာဗေးဒန့် (Two-Face) အဖြစ် အယ်ရွန်အက်ဟက်က သရုပ်ဆောင်ထားသည်။ ဂေါသမ်မြို့တော်ကြီးမှ ဒုစရိုက် အကြမ်းဖက်သမားများအား အပြီးတိုင် ရှင်းလင်းရန် ကြံစည်ထားသည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး လင်းနို့လူသား၏ မဟာမိတ်လည်း ဖြစ်သည်။ အယ်ရွန်အက်ဟတ်မှာ တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး လင်းနို့လူသား၏ မဟာမိတ်လည်းဖြစ်သည်။
အယ်ရွန်အက်ဟတ်မှာ ယခင် ဇာတ်ကားများ ဖြစ်သည့် The Black Dahlia, Thank You for smoking နှင့် In the Company of Men ဇာတ်ကားများတွင် မသမာသူအဖြစ်သာ သရုပ်ဆောင်ခဲ့သည်။ ဂေါက်သမ်မြို့တော် ရဲဌာနတွင် တဦးတည်းသော လာဘ်မစားသည့် ရဲအရာရှိ ဂျိမ်းစ် ဂေါ်ဒွန် အဖြစ် ဂယ်ရီအိုးမန်းနှင့် လင်းနို့လူသားဟု နာမည်တွင်သည့် ဘရု(စ်)ဝိန်၏ ငယ်သူငယ်ချင်း ရေချယ်ဒူးစ်အဖြစ် မဂ္ဂီဘီလီနာတို့က သရုပ်ဆောင်ထားသည်။
ဂေါက်သမ်စီးတီးမှာ ကမ္ဘာတလွှားမှ ထိပ်သီး ဒုစရိုက်ဂိုဏ်းများ၏ ဆုံရပ်မြို့တော် ဖြစ်သလို ဒုစရိုက်မှုများ ထွန်းကားရာ မြို့တော်လည်း ဖြစ်သည်။ ဂေါက်သမ် မြို့တော်ဝန်က ဒုစရိုက်ဂိုဏ်းများကို စတင်နှိမ်နင်းသည့် အချိန်မှာပင် ဟောင်ကောင် ဒုစရိုက်လောက ဂိုဏ်းခေါင်းဆောင်များနှင့် ပေါင်းကာ ဂျိုကာကို အကူအညီတောင်း၍ Batman အပါအဝင် ဂေါက်သမ်စီးတီးမှ အုပ်ချုပ်ရေး အရာရှိများကိုပါ ရှင်းပစ်ရန် ကြံစည်ခဲ့သည်။
ရဲအရာရှိ ဂေါ်ဒွန်နှင့် Batman တို့က Joker ကို တရားရေးအရာရှိ ဒန့်အား ဖမ်းဆီးသတ်ဖြတ်ရန် ကြံစည်နေချိန်တွင် ဖမ်းဆီးရမိခဲ့သည့် Batman က ဂျိုကာကို ဖမ်းဆီးစစ်ဆေးပြီး ဂျိုကာဆီက ရရှိလိုက်သော သတင်းမှာ ဒုစရိုက် ဂိုဏ်းသားများမှ လူမိုက်အားပေး အကျင့်ပျက် ရဲများနှင့် ပေါင်းကာ ဒန့်နှင့် Batman ၏ သူငယ်ချင်း ရေချယ်တို့ကို မြို့၏ တဖက်တချက်တွင် ဖမ်းဆီးထားကြောင်း သိရှိခဲ့သည်။ နှစ်ဦးစလုံးကို တချိန်ထဲတွင် သွားရောက် ကယ်တင်ရန် မဖြစ်သော Batman မှာ ဒန့်ကို အချိန်မီ ကယ်ဆယ် လိုက်နိုင်သော်လည်း ဂျိုကာထောင်ထားသော ဗုံးများ၏ ပေါက်ကွဲမှု အရှိန်ကြောင့် သူ့မျက်နှာတခြမ်းမှာ ရစရာမရှိအောင် ဖြစ်သွားခဲ့ရသည်။ ရေချယ်ကိုမူ Batman က ဗုံးကွဲမှုမှ မကယ်တင်နိုင်ခဲ့ချေ။
Batman
မြို့အနှံ့ ဗုံးပေါက်ကွဲမှုများ ဖြစ်နေသည့် အချိန်တွင် ဂျိုကာလည်း သူ့ကို စစ်ကြောမေးမြန်းရန် ထားရှိသည့် အခန်းတွင် ဟောင်ကောင် ဒုစရိုက်ထိပ်သီး လော်နှင့်အတူ လွတ်မြောက်သွားခဲ့သည်။ ဂေါက်သမ် မြို့တော် အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုပါ ဖမ်းဆီး သတ်ဖြတ်နိုင်ခဲ့သည့် ဂျိုကာမှာ ပို၍ လက်ရဲဇက်ရဲ ဖြစ်လာပြီး ကိုယ်ကျင့်တရား မကောင်းသော အာဏာပိုင်အဖွဲ့နှင့် ပုဂ္ဂိုလ်များသည်လည်း တရားဥပဒေစိုးမိုးမှုကို လျစ်လျှူရှု၍ ဂျိုကာနှင့်ပေါင်းကာ ဒုစရိုက် လုပ်ငန်းများဖြင့် ချမ်းသာလာကြသည်။ နေ့အလင်းရောင် အောက်တွင်သာ တရားဥပဒေ စိုးမိုးမှုရှိသည့် ဂေါက်သမ် မြို့တော်သားတို့၏ ဘဝမှာ ညအသွင်မှ မြို့ပြ အကြမ်းဖက်သမား ဂျိုကာ၏ လုပ်ကြံသတ်ဖြတ်မှုများ အောက်သို့ ကျီးလန့်စာစား နေကြရသည်။
အကြောက်အလန့် မရှိသည့် စိတ္တဇ လူသတ်သမားဆန်ဆန် ဂျိုကာအဖြစ် သရုပ်ဆောင်သွားခဲ့သည့် ဖိဘားအိတ်လယ်ယာမှာ The Dark Knight ဇာတ်ကားတွင် သူ၏ သရုပ်ဆောင်မှုအတွက် အော်စကာဆု ရရှိနိုင်သည်ဟု ရုပ်ရှင်ဝေဖန်ရေး ဆရာများက ထင်ကြေးပေးနေကြသည်။
၁၉၉၇ ခုနှစ်က ရုံတင်ပြသခဲ့သည့် Titanic ဇာတ်ကားမှာ လူတို့၏ သဘောသဘာဝအပေါ် အခြေခံ၍ ရိုက်ကူးထားသော အလွမ်းအဆွေးနှင့် ပေးဆပ်အနစ်နာခံမှု စသည့် လူတဦးနှင့်တဦးအပေါ် ထားရှိသော အချစ်ဇာတ်လမ်း ဖြစ်သည်။ The Dark Knight ဇာတ်ကားမှာမူ ယနေ့ကမ္ဘာတွင် စက္ကန့်နှင့် မလပ်အောင် ကြားနေရသည့် လူဆိုးနှင့်လူကောင်း၊ သုစရိုက်နှင့် ဒုစရိုက်၊ အကောင်းနှင့် အဆိုးတို့ ဒွန်တွဲ တည်ရှိနေကြပုံ၊ အချင်းချင်း အားပြိုင် အနိုင်ယူကြပုံတို့ကို ဒုစရိုက်ကိုယ်စားပြု ဇာတ်ကောင်အဖြစ် ဂျိုကာ၊ သုစရိုက်ကိုယ်စားပြု ဇာတ်ကောင်အဖြစ် Batman ကို ကိုယ်စားပြုထားသည်။ The Dark Knight ဇာတ်ကားမှာ Wanted ဇာတ်ကားလိုပင် ရုပ်ပြကာတွန်း ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။
