IL Divo (ကိန်းစ် ရုပ်ရှင်ပွဲတော်ဆုရ အီတလီဇာတ်ကား)

ငြိမ်းချမ်းငြိမ်း
ဂျူလီယို အန်ဒရေတီ ဟူသည့် အမည်မှာ အီတလီနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်သည်။ ၁၉၄၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ ပါလီမန်တွင် ၇ ကြိမ် အရွေးခံရပြီး ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ဝန်ကြီးချုပ်အဖြစ် ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် လာဘ်စားမှု၊ သတင်းထောက် မီနိုအသတ်ခံရမှုတွင် ပါဝင်ပတ်သက်မှု၊ မာဖီးယားခေါင်းဆောင် ဂေတာနိုနှင့် ဆက်သွယ်မှုများကြောင့် အာဏာလက်လွှတ်ခဲ့ရသည်။ နောက်တနှစ်တွင် သူ၏ အကျင့်ပျက်မှုများကြောင့် ထောင်ဒဏ် ၂၄ နှစ် အပြစ်ပေးခံခဲ့ရသည်။ တပါတီစနစ်ဖြင့် အီတလီနိုင်ငံ၏ အာဏာကို ၄၄ နှစ်ကြာ ချုပ်ကိုင်ထားသည့် ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တဦးလည်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် မေလက ပြင်သစ်နိုင်ငံ ကိန်းစ်မြို့တွင် ကျင်းပခဲ့သည့် ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဇာတ်ကားပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြရာ အီတလီနိုင်ငံမှ IL Divo ၏ ဒါရိုက်တာနှင့် သရုပ်ဆောင်များမှာ ကမ္ဘာကျော်များ မဟုတ်ကြသည့်အတွက် အစတွင် စိတ်ဝင်စားသူ မရှိခဲ့ကြ။ ပွဲတော်ရက်အတွင်း ပြသပြီး နောက်ပိုင်းတွင်မူ ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ထိုပွဲတော်တွင် ဂျူရီလူကြီးတဦးအဖြစ် တာဝန်ယူခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် ရှောင်ပန်းက ပွဲတော်၏ အမြင့်ဆုံးဆုတဆုဖြစ်သည့် Palme d’Or (အင်္ဂလိပ်ဘာသာဖြင့် Golden Palm) ဆု ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။

ပြင်သစ်သတင်းစာ LE Monde က အကျင့်ပျက် နိုင်ငံရေးသမားတို့ ကြီးစိုးသော ကန့်လန့်ကာနောက်ကွယ်ရှိ အီတလီနိုင်ငံရေးဇာတ်ခုံကို ကန့်လန့်ကာရှေ့သို့ ဆွဲထုတ်ခဲ့သည့် ဇာတ်ကား စသည်ဖြင့် ချီးကျူးရေးသားခဲ့ကြသည်။

One Man Up / The Consequences of Love စသည့် ဇာတ်ကားများကို ရိုက်ကူးခဲ့သည့် အီတာလျှံ ရုပ်ရှင်ဒါရိုက်တာ ပေါ်လို ဆော်ရန်တီနိုနှင့် သရုပ်ဆောင် တိုနီဆာဗီလိုနှင့် အန်နာဘော်နီတို့ ပါဝင်ထားသည့် IL Divo ဇာတ်ကားမှာ ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ဇာတ်ကားဆုရရှိခဲ့သလို ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင်လည်း ဆုရရှိခဲ့သည်။ မရိုးသားမှုများနှင့် တိုင်းပြည်ကို လိမ်လည်လှည့်ဖြားခဲ့သည့် တိုင်းပြည်ခေါင်းဆောင် နိုင်ငံရေးသမားတဦးဖြစ်သည့် ဂူလီယို အန်ဒရေတီအကြောင်းကို ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။ မာဖီးယား ဒုစရိုက်ဂိုဏ်းသားများက အီတလီ နိုင်ငံရေးလောကကို ကြိုးကိုင်ချယ်လှယ်ထားကာ အကျင့်ပျက် နိုင်ငံရေးသမားတို့ကို သူတို့ကြိုးဆွဲရာ ကရသည့်အဖြစ်ကို IL Divo တွင် တွေ့ရမည်ဖြစ်သည်။

ခရစ်ယာန် ဒီမိုကရက်တစ်ပါတီမှာ တပါတီစနစ်ဖြင့် အီတလီနိုင်ငံကို ၄၄ နှစ်ကြာ အုပ်စိုးထားနိုင်ခဲ့သည်။ ဂျာနယ်လစ်တဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုချင်သည့် ဂူလီယို အန်ဒရေတီမှာ အီတလီနိုင်ငံ ရောမမြို့တွင် ဥပဒေပညာ သင်ကြားနေရင်း ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နှင့် ထိုအချိန်က အီတလီ နိုင်ငံရေးဝန်ကြီးချုပ်ဖြစ်သူ အယ်ဆီဒီ ဒီဂက်စ်ပါရီနှင့် ရင်းနှီးကာ ထိုပါတီ၏ ပါတီဝင်တဦးဖြစ်ခဲ့သည်။ သူ့အသက် ၂၇ နှစ်အရွယ် ၁၉၄၆ ခုနှစ်တွင် ပါလီမန်အဖွဲ့ဝင်တဦး ဖြစ်လာခဲ့သည်။ သူ၏ တိကျပြတ်သားမှုနှင့် မြော်မြင်တွေးခေါ်နိုင်စွမ်းတို့ကြောင့် ပါတီတွင် ရာထူးအဆင့်ဆင့် မြင့်တက်ကာ ၁၉၅၄ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပထမအကြိမ် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက နိုင်ငံရေးအဖွဲ့အစည်းအဖြစ်မှ လူသတ်၊ “ားပြတိုက်၊ ဆက်ကြေးကောက် အဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲလာသည့် ကိုစတာနိုစထရာ (Costa Nostra) တဖြစ်လဲ မာဖီးယား ဂိုဏ်းသားများနှင့် ထိတွေ့မှု ရှိခဲ့သည်။

ထိုအချိန်က မာဖီးယားတို့၏ အခြေစိုက်ရာ ဆစ်စလီကျွန်းနှင့် ကော်မိုရာဒေသ အပါအဝင် တနိုင်ငံလုံးတွင် လျှို့ဝှက်ဒုစရိုက်အဖွဲ့ဖြစ်သည့် မာဖီးယားတို့မှာ အင်အားကောင်းနေချိန်ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၆၆ ခုနှစ်ထိ ကာကွယ်ရေးဝန်ကြီးအဖြစ် ဂူလီယို တာဝန်ထမ်းဆောင်ပြီးချိန်တွင် စစ်ဒဏ်မှ နာလန်ထစ အီတလီနိုင်ငံမှာ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထွန်းကားလာခဲ့သော်လည်း နိုင်ငံရေးနယ်ပယ်မှာ အကျင့်ပျက်ခြစားမှုနှင့် မတည်ငြိမ်မှုများနှင့် ပြည့်နှက်နေသည်။

အီတလီနိုင်ငံတွင် လူပြောများသော စကားတခွန်းရှိသည်။ အာဏာရ အီတလီနိုင်ငံရေးသမားတို့တွင် တယ်လီဖုန်းနှစ်လုံးရှိသည်။ တလုံးမှာ သူ၏ အစိုးရအဖွဲ့ဝင်များနှင့် ဆက်သွယ်ရန်ဖြစ်ပြီး ကျန်တလုံးမှာ မာဖီးယားတို့နှင့် ဆက်သွယ်ဖို့ဖြစ်သည်ဟု ဆိုသည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်ထိ တနှစ်ကျော်ကြာ အီတလီ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ပြီးနောက် ဂူလီယိုက အီတလီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ယခင်ဝန်ကြီးချုပ်ဟောင်းနှင့် ကွန်မြူနစ် နှိပ်ကွပ်ရေးသမားဖြစ်သူ အယ်ဒိုမိုရိုမှာ ၁၉၇၈ ခုနှစ် မတ်လတွင် ပြန်ပေးဆွဲခြင်းခံရသည်။ Red Brigades ဟု အမည်ခံထားသည့် အီတလီ ကွန်မြူနစ် အကြမ်းဖက်သမားများက ပြန်ပေးဆွဲကာ ထိုနှစ် မေလတွင် သတ်ဖြတ်လိုက်သည်။ အီတလီဝန်ကြီးချုပ်ဟောင်း အသတ်ခံရမှုတွင် ဂူလီယို အန်ဒရေတီ၏ တာဝန်မကင်းကြောင်းနှင့် မာဖီးယားတို့၏ နောက်ကွယ်မှ ကြိုးကိုင်မှုလည်း ပါဝင်ကြောင်း ရေးသားခဲ့သော မီနိုဟု လူသိများသော ကာမင်းပီကိုရယ်လီမှာ ၁၉၇၉ ခုနှစ် မတ်လတွင် ရောမမြို့၌ အသတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် မာဖီးယားတို့ဆီမှ ငွေကြေးများကို သူ၏ အစိုးရအဖွဲ့ဝင်ဖြစ်သူ ဆာလ်ဗိုလီမာမှတဆင့် လက်ခံခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဘဏ်သူဋ္ဌေးကြီး ရောဘတ်ကိုကယ်ဗီ၊ တရားသူကြီး အီယိုဗာနီဖယ်ကွန်တို့ အသတ်ခံရပြီးနောက်ပိုင်းတွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခဲ့ရသော်လည်း သူ မျိုးစေ့ချပေးခဲ့သည့် လာဘ်စားမှု အရှုပ်တော်ပုံမှာ အစိုးရအဖွဲ့တွင် အမြစ်တွယ်လျက်ရှိသည်။

၁၉၈၃ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရစဉ် မာဖီးယားခေါင်းဆောင် ဂေတာနိုဘာ ဒါလာမန်တီနှင့် တိုက်ရိုက်ဆက်သွယ်မှု ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရပြီး အီတလီနိုင်ငံ၏ ပြိုင်ဘက်ကင်း နိုင်ငံရေးခေါင်းဆောင် ဖြစ်ခဲ့သည်။ ဂူလီယို၏ အကျင့်ပျက် လာဘ်စားမှုသတင်းကို အနောက်နိုင်ငံများက သိနေသော်လည်း အမာခံ ကွန်မြူနစ်ဆန့်ကျင်ရေးသမား မျက်နှာဖုံးဖြင့် နိုင်ငံတကာ ဇာတ်ခုံပေါ်တွင် ကပြနိုင်ခဲ့သည်။ ၁၉၉ဝ ပြည့်လွန်နှစ်များတွင် အီတလီသမ္မတက သူ့ကို တသတ်တာ ဂုဏ်ထူးဆောင် လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အီတလီဘာသာစကားဖြင့် တန်ဂျန်တိုပိုလီဟုခေါ်သည့် အီတလီ နိုင်ငံရေးခေါင်းဆောင်များ၏ ငွေကြေးလာဘ်စားမှု အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဂူလီယိုအပါအဝင် ထိပ်တန်းအစိုးရ အဖွဲ့ဝင်များရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။

တန်ဂျန်တိုပိုလီ အရှုပ်တော်ပုံမှာ တစထက်တစ ကျယ်ပြန့်လာကာ အီတလီသတင်းစာများ၏ ခေါင်းကြီးပိုင်းတွင် နေရာယူလာခဲ့သည်။ မာဖီးယားအဖွဲ့ဆီမှ ငွေကြေးလာဘ်စားမှု သတင်းများကို ပြည်သူတို့ သိရှိပြီးနောက်တွင် တချိန်က ဂူလီယိုနှင့် မာဖီးယားခေါင်းဆောင်များကြားတွင် အကျိုးတော်ဆောင် လုပ်ပေးခဲ့သည့် ဆာဗိုလီမာကိုလည်း မာဖီးယားတို့က သတ်ဖြတ်ခဲ့ကြသည်။ ရာထူးမှ နုတ်ထွက်ခဲ့ရသော်လည်း သြဇာအရှိန်အဝါ ကြီးမားသည့် ဂူလီယိုမှာ ထိုအရှုပ်တော်ပုံများနှင့် မသက်ဆိုင်သလို နေနိုင်သေးသော်လည်း ၁၉၉၃ ခုနှစ် ဧပြီလတွင် သတင်းထောက် မီနို သတ်ဖြတ်ခံရမှုအတွက် စစ်ဆေးမေးမြန်းခြင်း ခံရသည်။

နောက်ပိုင်းတွင် ငွေကြေးလာဘ်စားမှုများ၊ မာဖီးယားနှင့် ဆက်နွယ်ပတ်သက်မှုများကို တွေ့ရှိခဲ့ကာ မာဖီးယားခေါင်းဆောင် ဘေတာမိုရော ဂူလီယိုပါ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၁၉၉၄ ခုနှစ် ခရစ်ယာန် ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်များပါ လာဘ်စားမှုတွင် ပါဝင်ပတ်သက်နေသဖြင့် ဖမ်းဆီးမေးမြန်းခြင်းခံရကာ ၁၉၉၄ ခုနှစ်တွင် ရာစုနှစ်တဝက်ကြာ အာဏာကို ချုပ်ကိုင်ထားသည့် ပါတီမှာလည်း ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် အီတလီတရားရုံးမှ ဂူလီယိုအား အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး ပြန်လွှတ်ခဲ့သော်လည်း နောက် ၃ နှစ်အကြာတွင် သူ၏ အာဏာတည်မြဲရေးအတွက် မာဖီးယားခေါင်းဆောင် ဂေတာနိုနှင့် အပေးအယူလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ၍ နိုဝင်ဘာလတွင် မာဖီးယားခေါင်းဆောင်နှင့် ဂူလီယိုပါ ထောင်ဒဏ် ၂၄ နှစ် အပြစ်ပေးခံခဲ့ရသည်။

(၁၉၉၉ ခုနှစ်တွင် တရားရုံးမှ သူ့အား အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သော်လည်း မာဖီးယားတို့၏ ဖေါ်ကောင်လုပ်ခဲ့မှုကြောင့် ထောင်ဒဏ် အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သည်။) ၂ဝဝ၃ ခုနှစ်တွင် သူ၏ အသနားခံတတ်မှုကြောင့် အီတလီတရားရုံးမှ သက်ညှာခွင့်ပေးကာ ထောင်မှပြန်လွတ်ခဲ့သော်လည်း လာဘ်စားမှုနှင့် မာဖီးယားတို့နှင့် ဆက်သွယ်မှုများကို ယခုတိုင် တရားရုံးတွင် အစစ်ခံနေရဆဲဖြစ်သည်။

ဂူလီယို အန်ဒရေတီအား ရံဖန်ရံခါတွင် လူအများက Divo Giulio ဟု ခေါ်ကြသည်။ သူ၏ အမည်ကို အစွဲပြု၍ ဒါရိုက်တာ ပေါ်လိုဆော်ရန်တီနိုက IL Divo ဇာတ်ကားကို ရိုက်ကူးခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ် တန်ဂျန်တိုပိုလီ အရှုပ်တော်ပုံနှင့် ဂူလီယိုနှင့်အပေါင်းအပါများအား စစ်ဆေးမေးမြန်းခြင်းခံရသည့် အချိန်ကို အသားပေးရိုက်ကူးပြီး ဂူလီယို အာဏာရစဉ်က အဖြစ်အပျက်များကို နောက်ကြောင်းပြန်ပုံစံဖြင့် တင်ဆက်ထားခြင်းဖြစ်သည်။

ဂူလီယို အန်ဒရေတီအဖြစ် တိုနီဆာဗီလို၊ ဂူလီယို၏ဇနီး လီဗီယာ အန်ဒရေတီအဖြစ် အန်နာဘော်နေတိုး၊ ဆာဗိုလီမာအဖြစ် ဂျော်ဂျီယို ကိုလန်ဂျယ်လီတို့က သရုပ်ဆောင်ထားကြသည်။ ဂူလီယို အာဏာရှိစဉ်က အတိုက်အခံ နိုင်ငံရေးသမားတဦးဖြစ်သူက ဂီယန်ကာလီ ပါဂျက်တာက “အာဏာကို စွန့်ကြပါ” ဟု တောင်းဆိုဖူးသည်။ ဂူလီယိုက “အာဏာကို စွန့်ပြီးပါပြီ။ ဘာဖြစ်လို့ ဘယ်သူမှ မရသေးတာလဲ” ဟု ပြန်လည်ထိုးနှက်ခဲ့သော စကားမှာ ဂူလီယို၏ ကမ္ဘာကျော် စကားတခွန်းဖြစ်သည်။

လွတ်လပ်သော လူ့အဖွဲ့အစည်းရှိသည့် နိုင်ငံများတွင် ဒါရိုက်တာများ၊ ဇာတ်ကားထုတ်လုပ်သူများက အစိုးရမကောင်းလျှင် မကောင်းကြောင်း၊ သမ္မတမကောင်းလျှင် မကောင်းကြောင်း ပြောဆိုရေးသား ရိုက်ကူးထုတ်ဝေပိုင်ခွင့် ရှိသည်။ ဥပမာအားဖြင့် ကိုရီးယားတွင် President’s Last Bang ၊ အင်္ဂလန်တွင် Hunger ၊ အမေရိကန်တွင် Farenheit 9/11 စသည်ဖြင့် အစိုးရအပေါ်၊ အာဏာလက်ရှိ ခေါင်းဆောင်အပေါ် ဝေဖန်ထိုးနှက်ထားသော ဇာတ်ကားများ ရှိသည်။ မြန်မာနိုင်ငံတွင်တော့ မရှိသေးချေ။ မြန်မာရုပ်ရှင်လောကတွင် ရုံတင်ပြသခွင့်၊ ရိုက်ကူးဖြန့်ချိခွင့် ပိတ်ပင်ထားသော ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများ အများအပြားရှိသည်။ံHIV/AIDS ပညာပေးရိုက်ကူးထားသော သရုပ်ဆောင်ကျော်သူ၏ ‘အကြွင်းမဲ့လုံခြုံရာ’ ဇာတ်ကား အပါအဝင် အခြား ဇာတ်ကားများစွာ ရှိသည်။ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်းတွင်မူ ထိုကဲ့သို့သော အဖြစ်အပျက်မျိုး မရှိချေ။