ငြိမ်းချမ်းငြိမ်း
ပြင်သစ်သမ္မတ နီကိုလတ်ဆာကိုဇီက ဥရောပသမ္မဂ သတင်းစာဆရာများနှင့် တွေ့ဆုံရာတွင် သတင်းထောက် ဂျာနယ်လစ်လုပ်ငန်းနှင့် ပတ်သက်၍ “၂၀ ရာစု၏ အသက်အန္တရာယ် ရှိသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခု” ဟု မှတ်ချက်ပြုခဲ့သည်။ ဆာကိုဇီ မှတ်ချက်ပြုသလိုပင် နှစ်စဉ်နှစ်တိုင်း သတင်းအတွက် အသက်စွန့်ခဲ့ရသူများကလည်း မနည်းတော့။ အာဏာရအသိုင်းအ၀ိုင်းကို ဝေဖန်ရေးသားမိသဖြင့် ထောင်တန်းကျသူတွေ၊ စီးပွားရေးသမားများ၏ မရိုးမသားလုပ်ရပ်၊ နိုင်ငံရေးသမားများ၏ အကျင့်ပျက်မှု အစိုးရများ၏ ပြည်သူသို့ အသိမပေးဘဲထားသည့် ကိစ္စများကို ဖွင့်ချခဲ့သည့် သတင်းသမားများကို ပြန်ပေးဆွဲမှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုများမှာ ကမ္ဘာ့နေရာအနှံ့အပြားတွင် နေ့စဉ် ထိုသို့ ကြားနေရသည့် ကိစ္စများဖြစ်သည်။
အန္တရာယ်ပတ်လည် ၀ိုင်းနေသည့် သတင်းသမားတို့၏ ဘ၀ကို ရိုက်ကူးထားသည့် Nothing But The Truth (အမှန်တရားမှလွဲ၍ ဘာမှမရှိ) ဆိုသည့် ဇာတ်ကားကို အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ပြသခဲ့သည်။ ထိုဇာတ်ကားကို ဒါရိုက်တာ ရော့ဒ်လူရီကရိုက် ကူးထားပြီး ကိတ်ဘက်ကင်ဆေး၊ အိန်ဂျလဘက်ဆက်နှင့် ဒေဗစ်ရှုမားတို့ ခေါင်းဆောင်ပါဝင်ထားကြသည်။
Nothing But The Truth ဇာတ်ကားမှာ မိမိ၏ သတင်းရင်းမြစ်ကို ထုတ်ဖော်ပြောကြားရန် ငြင်းဆန်သည့်အတွက် နိုင်ငံတော်၏ လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ထောင်ချခံရသည့် နယူးယောက်တိုင်း(မ်) သတင်းထောက် ဂျူးဒစ်မေလာ၏ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် မှီငြမ်းရိုက်ကူးထားခြင်းဖြစ်သည်။ နာမည်ရင်း ဂျူးဒစ်မေလာ ဟု မသုံးဘဲ Capital Sun Times သတင်းစာမှ သတင်းထောက်မလေး ရေချယ်အမ်း(စ်)ထရောင်းအဖြစ် Under World ဇာတ်ကားတွင် သရုပ်ဆောင်ထားသည့် ကိတ်ဘက်ကင်ဆေးလ်က သရုပ်ဆောင်သည်။
ရေချယ်အမ်း(စ်)ထရောင်းက အရာရာကို သတင်းအမြင်ဖြင့်သာ ပိုင်းခြားစိတ်ဖြာတတ်သည့် Capital Sun Times သတင်းစာမှ သတင်းထောက်မလေးဖြစ်သည်။ သတင်းအစတခုရလျှင် အခြားဂျာနယ်လစ်များလို သတင်းဦးလျှင် ပြီးရောမရေးဘဲ ငုပ်လျှိုးပျောက်ကွယ်နေတတ်သည့် သတင်းရစ်မြစ်အဆုံးထိ လက်ကုန်နှိုက်ပြီး ရေးတတ်သူဖြစ်ခြင်းက သူမကို အောင်မြင်စေရန် အဓိက တွန်းအားပေးသော အချက်ဖြစ်စေခဲ့သည်။
ရေချယ်၏ ရဲတင်းလှသော သတင်းဖော်ပြမှုကြောင့်လည်း သူမကို ငြိုငြင်စရာအဖြစ် သတ်မှတ်ကြသည်။ မိသားစုနှင့် အိမ်ထောင်ရေးကိစ္စများကို ဦးစားမပေးတတ်သည့်အပြင် သတင်းအတွက် အန္တရယ်များ၍ ဝေးလံခေါင်သီသော နေရာများသို့ ခရီးထွက်တတ်သည်။ ငယ်စဉ်တက္ကသိုလ်ဘ၀ စာနယ်ဇင်းပညာကို သင်ယူစဉ်ကတည်းက ပုရိသများနှင့် ရင်ပေါင်တန်းကာ စူးစမ်းလေ့လာတတ်သော အကျင့်က တိမ်မြုပ်နေသော သတင်းရင်းမြစ်များကို စာမျက်နှာထက်ပေါ်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်စွမ်းရှိသည်။
သတင်းနှင့် နေ့စဉ်လိုပင် နပန်းလုံးနေရရင်း၂၀၀၃ ခုနှစ် အမေရိကန်က အီရတ်ကို ၀င်ရောက်တိုက်ခိုက်သည့်အခါ တချိန်တွင် ဟိုးလေးတကျော်ဖြစ်လာမည့် သတင်းတပုဒ်၏ အချက်အလက် အနည်းငယ်ကို သူမ ရရှိလိုက်သည်။ စာအုပ်ထုတ်ဝေရေး လောကတွင် နာမည်တလုံးဖြင့် ရပ်တည်နေသော သူမ၏ ယောက်ျားဖြစ်သူက ယခင်သတင်းများတွင် တုံဏှိဘာဝေနေခဲ့သော်လည်း ယခုသတင်းအတွက် အန္တရာယ်ရှိပုံကို မြင်သည့်အခါ ဇနီးဖြစ်သူအား တားမြစ်သည်။ သို့သော်လည်း ရေချယ်က လက်မခံချေ။
လူအစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်များ ထုတ်လုပ်နေသည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်က အီရတ်ကို ၂၀၀၃ ခုနှစ်တွင် ၀င်ရောက်တိုက်ခိုက်သည်။ အိမ်ဖြူတော်၊ ပင်တဂွန်နှင့် စီအိုင်အေက လူအစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်များ မရှိသည်ကို သိလျက်နှင့် လက်တဆုပ်စာ လူတစုက တိုင်းပြည်ကို လိမ်ပြီးတိုက်သည်ဆိုသည့် အချက်အလက်တခုကို ရေချယ်က အမေရိကန် ထိပ်သီးအရာရှိကြီး တဦးဆီမှ သေးငယ်သော သတင်းအပိုင်းအစလေး တခုအဖြစ် သိခဲ့ရသည်။
ထိုသတင်းစလေးကို ရေဆုံးရေဖျားလိုက်ရင်း တိုင်းပြည်ကို အမှန်အတိုင်း သိစေချင်သော ၀ါရင့် အမေရိကန်ခေါင်းဆောင် တယောက်က ရေချယ်ကို အီရတ်စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်တို့၏ မရိုးသားသော လုပ်ရပ်ကို ဖွင့်ချခဲ့သည်။ ရေချယ်က ထိုသတင်းရင်းမြစ်နှင့် သိရှိထားသော အချက်အလက်များကို ပေါင်း၍ Capital Sun Times သတင်းစာတွင် သတင်းတင်ပြချက် တခုအဖြစ် ၃ ရက် ဆက်တိုက်ရေးခဲ့သည်။ သူမ၏ အယ်ဒီတာကိုယ်တိုင်ကလည်း ရေချယ် သတင်းစုံစမ်းနေစဉ်တွင် ကူညီပံ့ပိုးသလို သတင်းဆောင်းပါး ဖြစ်မြောက်ရေးအတွက်လည်း အစွမ်းကုန်ကူညီခဲ့သောကြောင့် ထိုသတင်းမှာ အမေရိကန်နိုင်ငံတွင်သာမက ကမ္ဘာ့ခေါင်းဆောင်များအတွက်လည်း အကြံအိုက်စရာဖြစ်ခဲ့သည်။
နောက်ဆုံးတွင် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် စီအိုင်အေ အရာရှိတဦးက ဖက်ဒရယ်တရားရုံးတွင် တရားစွဲဆိုသည်။ တရားရုံးကလည်း သူမ၏ သတင်းဆောင်းပါးအတွက် နိုင်ငံတော်၏ ဥပဒေကို ချိုးဖောက်ရာ ရောက်သဖြင့် မည်သို့မည်ပုံ အချက်အလက်စုဆောင်းခဲ့သည်ကို စစ်ဆေးမေးမြန်းပြီး စီအိုင်အေ အေးဂျင့် အေရစ်ကာ ကလည်း ထိုကိစ္စကို သူမအား မည်သူပြောသလဲဆိုတာ ဖြေကြားပေးဖို့ အမျိုးမျိုးစည်းရုံးသည်။ သို့သော် ရေချယ်က သူ့ကို သတင်းပေးသွားသည့်သူအား ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခဲ့သည်။ တရားရုံးကလည်း သူမကို ရုံးတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်မှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။
နောက်ပိုင်းတွင်မူ အမေရိကန် သတင်းစာဆရာများအသင်းက သူမ လွတ်မြောက်ရေးအတွက် လှုံ့ဆော်ဦးဆောင်ခဲ့သဖြင့် အယူခံဖြင့် ပြန်လွတ်လာခဲ့သည်။
God Has Ninety Nine Names,One Bye One bye One စာအုပ်တို့ဖြင့် ပူလစ်ဇာဆု ရရှိခဲ့ပြီး သတင်းရင်းမြစ်ကို ဖော်ပြရန်ငြင်းဆိုမှုဖြင့် ထောင်သွင်းအကျဉ်းချခံခဲ့ရသော နယူးယောက်တိုင်း(မ်) သတင်းထောက် ဂျူးဒစ်မေလာအဖြစ် မင်းသမီး ကိတ်ဘက်ကင်ဆေးက သရုပ်ဆောင်သည်။ မေလာ၏ ခင်ပွန်းဖြစ်သူ အမေရိကန် စာအုပ်ထုတ်ဝေရေး လောက၏ နာမည်ကြီး ထုတ်လုပ်သူတယောက်အဖြစ် ဒေးဗစ်ရှူးမန်းက သရုပ်ဆောင်သည်။ နယူးယောက်တိုင်း(မ်)သတင်းစာ၏အယ်ဒီတာအဖြစ် “Malcom X” ဇာတ်ကားတွင်သရုပ်ဆောင်ထားသူ အန်ဂျလာဘက်ဆက်က သရုပ်ဆောင်သည်။ ရှေ့နေမလေးအဖြစ် နို(ရ်)၀ိုင်းလ် က သရုပ်ဆောင်သည်။
ဂျူးဒစ်မေလာကို ဂျူးလူမျိုးဖခင်နှင့် အိုင်းရစ်ကတ်သလစ်မိခင်တို့က နယူးယောက်မြို့တွင် ဖွားမြင်သည်။ သူမ၏ ဖခင်ဖြစ်သူ ဘီလ်မေလာမှာ လဗ်ဗီးဂတ်(စ်) ဖျော်ဖြေရေးလောကတွင် နာမည်ကြီးတယောက်ဖြစ်ပြီး အကိုဖြစ်သူ ဂျင်မီမေလာကတော့ နာမည်ကျော်ဂီတမှူးတယောက်ဖြစ်ကာ Rolling Stone ဂီတအဖွဲ့၏ နာမည်ကျော်သီချင်း I’m a man သီချင်းကို ရေးစပ်ခဲ့သူဖြစ်သည်။ မီလာငယ်စဉ်က မီယာမီတွင် နေထိုင်ခဲ့ရပြီး အိုဟိုင်းယိုးနှင့် ပရင်စတန်တက္ကသိုလ်တွင် ပညာသင်ကြားတတ်မြောက်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် Library of America ကို စတင်တည်ထောင်သူနှင့် နာမည်ကျော် စာအုပ်ထုတ်ဝေရေး လုပ်ငန်းရှင်၏ ဇနီးဖြစ်ခဲ့သော်လည်း ယောက်ျားဖြစ်သူ၏ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် ငြင်းဆန်ခဲ့ပြီး၊ သတင်းထောက်အဖြစ်နှင့် စာရေးဆရာမအဖြစ်သာ ဆက်လက်ရပ်တည်ခဲ့သည်။ ခင်ပွန်းဖြစ်သူမှာ နိုင်ငံတကာစာပေများကို အင်္ဂလိပ်ဘာသာဖြင့် အမေရိကန်တွင် ပြန်လည်ထုတ်ဝေရာ၌ ပြိုင်ဘက်ကင်းတယောက်ဖြစ်ပြီး Book Business: Publishing Past, Present and Future တို့မှာ နာမည်ကြီးသည်။
နယူးယောက်တိုင်းတွင် ဖော်ပြခဲ့သည့် သူမ၏ ဆောင်းပါးကြောင့် သတင်းရင်းမြစ်ကို ဖော်ပြရန် ငြင်းဆိုမှုဖြင့် ထောင်ကျခဲ့ပြီး၊ ပြန်လည်လွတ်မြောက်ချိန်တွင် အရှေ့အလယ်ပိုင်းနှင့် ပတ်သက်သော နိုင်ငံတကာ အရေးကိစ္စအကြောင်းကို စာအုပ်ထုတ်ဝေကာ Fox သတင်းဌာနတွင် နိုင်ငံတကာရေးရာ သုတေသီတယောက် အဖြစ်နှင့် Think Tank အုပ်စုတစုတွင် အကြီးတန်းညှိနှိုင်းရေးမှူးတယောက်အဖြစ် တာဝန်ထမ်းဆောင်သည်။
ရုပ်ရှင်ဝေဖန်ရေးဆရာများကမူ ဂျူးဒစ်မေလာအဖြစ် ကိတ်ဘက်ကင်ဆေး သရုပ်ဆောင်ပုံမှာ ကောင်းသော်လည်း ဇာတ်လမ်းတင်ပြပုံနှင့် ဇာတ်ညွှန်းပိုင်း အားနည်းသည်ဟု ဝေဖန်ကြသည်။ သို့သော်လည်း အမေရိကန်အစိုးရကိုယ်တိုင်က ငြိုငြင်ထားသော ကိစ္စဖြစ်သောကြောင့် ဒါရိုက်တာကလည်း ဇာတ်ကားအတွက် ထုတ်လုပ်ချင်သူ နည်းလှကြောင်းဝန်ခံပြီး၊ အကျပ်အတည်းများကြားမှ ရိုက်ကူးထားရကြောင်း တွေ့ဆုံမေးမြန်းခန်းတခုတွင် ဖြေကြားထားသည်။
ငြိမ်းချမ်းငြိမ်း
