မြေအောက် အနုပညာ လှုပ်ရှားမှု (အီရန် ရုပ်ရှင်ကား)

ငြိမ်းချမ်းငြိမ်း

အာဏာရှင်စနစ်ကို အခြေခံထားကာ တယူသန် ဘာသာရေးဝါဒီများ အုပ်ချုပ်သည့် အီရန်နိုင်ငံတွင် အနုပညာသမားများ၏ လွတ်လပ်စွာ ဖန်တီးနိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုမှာ မည်မျှပင် ခက်ခဲကြောင်း ယခုနှစ် မေလက ပြင်သစ်နိုင်ငံ ကိန်းစ် ရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့သည့် အီရန်ဇာတ်ကား Nobody Knows About Persian Cats ဇာတ်ကားက ပြည့်စုံစွာ တင်ဆက်ထားသည်။

မြေအောက် အနုပညာ လှုပ်ရှားမှု (အီရန် ရုပ်ရှင်ကား)ထိုဇာတ်ကားကို ပြည်ပတွင် နေထိုင်သူ နာမည်ကျော် ကာဒ်ရှ် (ပါရှား) အီရန် ဒါရိုက်တာ ဘာမန်ဂိုဘာဒီက ရိုက်ကူးသည်။ သူ၏ Half Moon, Turtles Can Fly နှင့် A Time for Drunken Houses ဇာတ်ကားများမှာ နာမည်ကျော် ဇာတ်ကားများ ဖြစ်သည်။ Nobody Knows About Persian Cats ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသူတဦးမှာ ဘာမန် ဂိုဘာဒီ၏ ရည်းစားဖြစ်သည့် ရိုဆာနာ ဆာဘာရီ ဖြစ်သည်။

ရိုဆာနာ ဆာဘာရီမှာ အီရန် အစိုးရက သူလျှိုလုပ်သည်ဟု စွပ်စွဲ၍ မတ်လက ထောင်ဒဏ် အပြစ်ပေးခံရသည့် အမေရိကန် ဂျာနယ်လစ်တဦး ဖြစ်သည်။ (မေလတွင် ဆိုင်းငံ့ထောင်ဒဏ်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ဖြစ်သည်)။ ရိုဆာနာက အီရန်နိုင်ငံတွင်း သတင်းထောက်အဖြစ် ရောက်ရှိနေစဉ် အီရန် မြေအောက် ဂီတပညာရှင်များနှင့် အနုပညာ အသိုင်းအဝိုင်းနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့သည်များက ထိုဇာတ်ကား၏ အကောင်းဆုံး ဇာတ်ညွှန်းဖြစ်လာခဲ့သည်။
၁၉၇၉ ခုနှစ် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ဖြစ်ပွားပြီး၊ တယူသန် ဘာသာရေးအစွန်းရောက်များ အာဏာရလာချိန်မှစပြီး အနောက်တိုင်း ဂီတမှာ အီရန်နိုင်ငံ၌ ပိတ်ပင်ခံထားရသောအရာ ဖြစ်လာခဲ့သည်။

အမေရိကန်နိုင်ငံမှ ရော့ခ်သီချင်းများကို နေအိမ်၌ ခိုးနားထောင်ရသည်။ ကျယ်ကျယ်နားထောင်၍ ဘာသာရေး အစောင့်ရဲများက သိသွားလျှင် လမ်းထောင့်၌ ကြိမ်ဒဏ်အပြစ်ပေးနိုင်ခြင်း သို့မဟုတ် ထောင်ဒဏ် အပြစ်ပေးခံရခြင်းများ ဖြစ်ပေါ်နိုင်သည်။

ဟောလိဝုဒ် ဇာတ်ကားများကို လွန်ခဲ့သည့် ဆယ်စုနှစ် တစုကျော်အချိန်က ထိုနေအိမ်၌ ခိုးဝှက်၍ ကြည့်ရှုရသည်။ အနောက်တိုင်း ရော့ခ်သီချင်းများ သီဆိုခြင်းကို ခွင့်မပြုသလို အမျိုးသမီး တေးသံရှင်များကိုလည်း သီဆိုခွင့် မပြုချေ။ နိုင်ငံရေးသီချင်းများကို သီဆိုနိုင်ရန်ကား ယောင်၍ပင် စိတ်ကူး၍ မဖြစ်နိုင်။

အနောက်တိုင်း တေးဂီတ တမျိုးဖြစ်သည့် ရော့ခ်ဂီတကို ရူးသွပ်သူ လူငယ်များက အာဏာပိုင်များ မသိစေရန် လျှို့ဝှက်၍ သူတို့၏ အနုပညာကို ဖန်တီးကြသည်။ မြေအောက်အခန်းများနှင့် တိုက်ခေါင်မိုးများပေါ်၌ လျှို့ဝှက်၍ သီဆို အသံသွင်းယူမှု ပြုကြရသည်။

မြေအောက် အနုပညာ လှုပ်ရှားမှု (အီရန် ရုပ်ရှင်ကား)အမျိုးသမီးများ သီချင်းသီဆိုမှုကို ဖောက်ဖျက်မှုကြောင့် ထောင်ကျဒဏ်ကျ ခံခဲ့ရသည့် နီဂါထောင်မှ လွတ်ပြီးချိန်၌ သူမ၏ သူငယ်ချင်းဖြစ်သည့် ဂီတာသမားနှင့် အဆိုတော် အာရှကန်နှင့်အတူ အီရန်ပြည်သူတို့၏ ခက်ခဲကြမ်းတမ်းလှသည့် ဘဝကို ထင်ဟပ်ပြနိုင်သည့် သီချင်းမျိုးကို သီဆိုဖန်တီးနိုင်ရန် စိတ်ကူးရှိသည်။

အီရန်နိုင်ငံ၌ ရော့ခ်ဂီတကို လွတ်လပ်စွာ ဖန်တီးခွင့် မရသည့်အတွက် အနုပညာရှင်များမှာ သံစဉ်တေးသွားကို ကိုယ်တိုင်ဖန်တီးနိုင်အား မရှိဘဲ အနောက်တိုင်း တေးသီချင်းများ၏ သံစဉ်ကိုယူပြီး တေးစာသား ပြောင်းလဲသီဆိုမှု ပြုကြသည်က များသည်။ နီဂါကတော့ ကိုယ်ပိုင်သံစဉ် အင်းဒီးရော့ခ် သီချင်းများ ဖန်တီးပြီး လူငယ်များကြား၌ ပေါ်ပြူလာ ယဉ်ကျေးမှုတခုအဖြစ် ပျံ့နှံ့စေချင်သည်။

တကယ်တမ်းကျတော့ တီဟီရန်၌ ထိုကဲ့သို့သော ဂီတမျိုး ဖန်တီးနိုင်မှုက နည်းပညာပိုင်း အပါအဝင် အစစအရာရာ မလွယ်ကူ။ ထိုသီချင်းမျိုးကို မည်သည့် စတူဒီယို၌ သွားရောက်သွင်းယူမည်လဲ ဆိုသည့် ပြဿနာက ရှိသေးသည်။ ပိတ်လှောင် လူ့အဖွဲ့အစည်းများ၏ ထုံးစံအတိုင်း အာဏာပိုင်များ၏ လက်ပါးစေများက အမြဲတစေ စောင့်ကြည့်မှုကို ကျော်လွှားရန်ကလည်း မလွယ်သည့်ကိစ္စ ဖြစ်သည်။

တီဟီရန် မြေအာက် ရော့ခ်ဂီတ လောက၌ ကျင်လည်နေသူများတွင် နိုင်ငံတကာအဆင့် သီဆို၊ တီးခတ်နိုင်သူများ ရှိသော်လည်း သူတို့မှာ အများပြည်သူရှေ့မှောက်၌ ဖျော်ဖြေခွင့် မရသဖြင့် ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေကြသည်။ ထိုသူများက ငတ်နေသော်လည်း သူတို့ဂီတကို ဖက်တွယ်ထားကြသည်။

သူတို့လိုပင် ဘဝတူ အနုပညာရှင်များ၏ တိုက်တွန်းချက်အရ သူတို့ဂီတသည် တီဟီရန်မြေပေါ်၌ ဖန်တီး၍ မဖြစ်နိုင်မှန်း သိလာကာ လန်ဒန်သို့ သွားရောက်ကာ အင်ဒီးရော့ခ် ဂီတကို ဖန်တီးရန် အကြံရလာခဲ့သည်။ အာဏာပိုင်များ ချမှတ်ထားသော စည်းမျဉ်းများအရ အမျိုးသမီးတဦးအနေဖြင့် မည်သည့် သီချင်း အမျိုးအစားမျိုးကိုမဆို သီဆိုပိုင်ခွင့် မရှိသောကြောင့် ဖြစ်သည်။

အာရှကန်၏ သူငယ်ချင်းဖြစ်သူ ရက်(ပ်) အဆိုတော်တဦးမှာလည်း ဟစ်ဟော့ပ်သီချင်း အယ်(လ်)ဘမ် တချပ် ထုတ်လုပ်ဖြန့်ချိမှုဖြင့် ထောင်ချခံရပြီးနောက် အာရှကန် နှစ်ဦးမှာ လန်ဒန်သို့ သွားရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်။ လန်ဒန်၌ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ရမည်၊ သို့သော် သူတို့၌ ပတ်(စ်)ပို့ မရှိ၊ ခရီးစရိတ် ပိုက်ဆံမရှိ။

အီရန်အစိုးရထံမှ နိုင်ငံကူးလက်မှတ် ရရှိရန်လည်း မသေချာသဖြင့် ဂီတပွဲများကို ဆော်သြသူတဦးဖြစ်သော နေဒါ၏ အကူအညီကို ရယူကာ လန်ဒန်သို့ ထွက်ခွာနိုင်ရန် စီစဉ်ကြသည်။

နိုင်ငံကူးလက်မှတ် အတုများ ကိုင်ဆောင်ထားကြသော အာရှကန်များမှာ နိုင်ငံတွင်းမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် စီစဉ်ကြရသည်။ ဆိုင်ကယ်တစီးဖြင့် တီဟီရန်မှ ထွက်ခွာလာချိန်၌ အမေရိကန် ရုပ်ရှင်ဇာတ်ကား ဒီဗီဒီ တချပ် တွေ့သော နေဒါကို ရဲက သင်္ကာမကင်း ဖြစ်သည်။

တီဟီရန် မြေအောက် အနုပညာရှင်များ၏ ခရီးဆုံး ပန်းတိုင်ဖြစ်သည့် လန်ဒန်သို့ ရောက်ရှိ၍ သူတို့၏ အနုပညာကို ဖန်တီးနိုင်ပါ့မလား၊ ရက်စက်သော တီဟီရန် ရဲများက ဖမ်းဆီးမိသွားနိုင်မလား ဆိုသည်ကို Nobody Knows About Persian Cats ဇာတ်ကားအဆုံးသတ်၌ ရှုစားနိုင်သည်။

အီရန်၌ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့် ရရှိရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြသော အီရန် မြေအောက် အနုပညာလှုပ်ရှားမှုများနှင့် ထိုသူတို့၏ ကြေကွဲဖွယ်ရာ ဘဝများကို ထိုဇာတ်ကား၌ တွေ့မြင်နိုင်သည်။

ဖိနှိပ် အုပ်ချုပ်သော နိုင်ငံများ၌ မြေအောက် အနုပညာလှုပ်ရှားမှု အားအကောင်းဆုံး နိုင်ငံမှာလည်း အီရန်နိုင်ငံ ဖြစ်သည်။

ပြည်ပ၌ ရောက်ရှိနေသော ဒါရိုက်တာ ဘာမန် ဂိုဘာဒီက အီရန် နိုင်ငံတွင်း ရိုက်ကူးမှုများကို ခဲရာခဲဆစ် ဆောင်ရွက်ခဲ့ရသည်။ တီဟီရန်ရှိ ရုပ်ရှင်အဖွဲ့သားများကို S 12K အမျိုးအစား ရုပ်ရှင် ကင်မရာငယ်ကိုသာ ပေး၍ ရိုက်ကူးစေနိုင်သည်။ အီရန်နိုင်ငံ၌ ရုပ်ရှင်ရိုက်ကူးရေး ကင်မရာများ ကိုင်ဆောင်ခွင့်ကို တားမြစ်ထားသည်။

ရုပ်ရှင် ရိုက်ကူးရေးအတွက် နိုင်ငံတကာ စံနှုန်းဖြစ်သော ၃၅ မီလီမီတာ ကင်မရာကိုမူ အများပြည်သူများ ကိုင်ဆောင်ခွင့် မရှိဘဲ အီရန်အာဏာပိုင်များကသာ ၎င်းတို့ကသာ ဝါဒဖြန့်ချိရေး ဇာတ်ကားများအတွက် ရိုက်ကူးမှု ပြုကြသည်။

အီရန် ရုပ်ရှင် ထုတ်လုပ်ရေး နယ်ပယ်မှ အနုပညာရှင်၊ အတတ်ပညာရှင် အများစုမှာ အီရန်အစိုးရ၏ နှိပ်ကွပ်မှုကြောင့် အမေရိကန်၊ အီတလီ၊ ပြင်သစ် စသည့် အခြား နိုင်ငံများ၌ သွားရောက်နေထိုင်ရသည်။ အမေရိကန်၌ အီရန် ရုပ်ရှင်နယ်ပယ်မှ အခြေချသည့် Iranian Film Society ပင် ရှိသည်။ ၁၉၇၉ ခုနှစ် အီရန်နိုင်ငံ၌ တယူသန် ဘာသာရေး အခြေခံ အာဏာရှင်များ အာဏာရရှိလာပြီးချိန်မှ စတင်၍ အီရန် ဒါရိုက်တာများနှင့် သရုပ်ဆောင်များမှာ နိုင်ငံတကာ၌ သွားရောက် အခြေချ နေထိုင်ရသည်။

ထင်ရှားသည့် အီရန် ဒါရိုက်တာတဦးဖြစ်သူ မိုရှင်းမာ ကမ်ဘဖ်မှာ အီရန်၌ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဦးဆောင်ဦးရွက်ပြုသူတဦးလည်း ဖြစ်သည်။

Boycott (1985), The Bicyclists (1987) နှင့် Kanadahar (2001) မှာ နာမည်ကျော် ဇာတ်ကားများ ဖြစ်သည်။ လတ်တလော ဖြစ်ပွားနေသည့် အီရန် ဆန္ဒပြပွဲများအတွက် သူ၏ ကျော်ကြားမှုကို အသုံးချကာ အီရန် ဆန္ဒပြသူများကို ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီ ရရှိစေရန် ဆောင်ရွက်ပေးနေသူတဦး ဖြစ်သည်။ (ပြုပြင်ပြောင်းလဲရေးဝါဒီ ဟူစိန် မူဆာဗီ၏ နိုင်ငံတကာ ဆော်သြရေးမှူးတဦးလည်း ဖြစ်သည်။)

အီရန်နိုင်ငံ၏ လှိုင်းသစ် ရုပ်ရှင် (New Wave) ကို ဦးဆောင်ခဲ့သူတဦးဖြစ်သည့် ဒါရိုက်တာ ဒါရီရပ် ရှပ် မာဂျီ ဆိုလျှင် အီရန် အာဏာပိုင်များက အလွန်မုန်းသောသူတဦး ဖြစ်သည်။ အီရန် အစိုးရကမူ သူ့ကို အစ္စလာမ် ယဉ်ကျေးမှု၏ အဆိပ်အတောက်ဟု ပြောသော်လည်း သူ ရိုက်ကူးသော ရုပ်ရှင်ကားတိုင်းသည် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ဆုရရှိခဲ့သည်။ ၁၉၆၉ ခုနှစ်က သူ ရိုက်ကူးခဲ့သော Gaav (The Cow) မှာ ကမ္ဘာ့လှိုင်းသစ် ရုပ်ရှင်ခေတ်ဦး၌ လူသိများခဲ့သော ဇာတ်ကားဖြစ်ပြီး ထိုဇာတ်ကားကို အီရန်နိုင်ငံ၌ ပြသခွင့် ပိတ်ပင်ခဲ့သည်။