ဗြိတိသျှ၊ အိန္ဒိယရုပ်ရှင် Slumdog Millionaire (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း
အိန္ဒိယနိုင်ငံ မုံဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှ ဆင်းရဲသားများ စုပေါင်းနေထိုင်ရာ ရပ်ကွက်တခုမှ လူငယ်တယောက်၏ ဘ၀ဖြတ်သန်းမှုကို တင်ဆက်ထားသည့် Slumdog Millionaire ဇာတ်ကားမှာ ဇန်န၀ါရီလက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု ၄ ဆု ချီးမြှင့်ခံရသည်။ ဗြိတိသျှရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင်လည်း အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု ၇ ဆု ချီးမြှင့်ခံရပြန်သည်။

Slumdog MillionaireSlumdog Millionaire ဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင်လည်း ဆုများစွာ ဆွတ်ခူးခဲ့သလို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပမည့် အော်စကာ ထူးချွန်ဆုပေးပွဲ၌လည်း ဆုပေါင်း ၁၀ ဆု လျာထားခဲ့ရသည်။

အကောင်းဆုံး ဇာတ်ကားဆုအပြင် ဂီတဘက်ဆိုင်ရာ ထူးချွန်ဆုများပါ လျာထားခံရသည်။ ထိုဇာတ်ကား၏ ဇာတ်ဝင်တေးများမှာလည်း ဇာတ်လမ်းတခုလုံးကို အထိရောက်ဆုံး ပံ့ပိုးပေးနိုင်သဖြင့် အေအာရာမန်မှာ သူ၏ ဂီတဖန်တီးမှုအတွက်လည်း ဆုများစွာ ရရှိခဲ့သည်။

Slumdog Millionaire ဇာတ်ကားကို အိန္ဒိယစာရေးဆရာနှင့် သံတမန်ဝန်ထမ်း ဗီကာဆွာရပ်၏ ဘွတ်ကီစာပေဆု ရထားသည့ှ် Q and A ဆိုသည့် ၀တ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ မုံဘိုင်းမြို့ (ရုပ်ရှင်မြို့တော်) ၏ အချုပ်ခန်းတခုတွင် ပုလိပ်အရာရှိတယောက်က ဂျမဲလ်မာလစ် ဆိုသည့် ချာတိတ်လေးကို လမ်းပေါ်မှ ခိုးဆိုးလုယက်မှုများနှင့် ဆက်နွယ်နေသည်ဟူသော သံသယဖြင့် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းနေသည်။ ရဲအချုပ်ခန်းထဲတွင် ရောက်နေသော ဂျမဲလ်မှာ အိန္ဒိယတီဗွီပရိုဂရမ်တခုမှ စီစဉ်တင်ဆက်သည့် ဘယ်သူမီလျံနာ ဖြစ်ချင်လဲဆိုသည့် ဉာဏ် စမ်းပဟေဠိအစီအစဉ်၏ နောက်ဆုံးမေးခွန်းကို မနက်ဖြန်တွင် ဖြေကြားရမည်ဖြစ်ပြီး ယနေ့တွင် သူသည် အချုပ်ခန်းထဲ ရောက်နေသည်။ ဉာဏ်စမ်းပဟေဠိ အစီအစဉ်၏ အဆင့်ပေါင်းများစွာကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီး မနက်ဖြန်မေးခွန်းအတွက် အဖြေမှန်ကို ဖြေနိုင်ခဲ့လျှင် ဆုငွေအဖြစ် ရူပီးသန်း ၂၀ ရမည်။ မနက်ဖြန်အတွက် မေးခွန်းကို ဖြေကြားခွင့်ရရေးအတွက် ယနေ့တွင် ရဲအရာရှိ၏ မေးခွန်းပေါင်းများစွာကို ဂျမဲလ် ဖြေကြားရဦးမည်။ ကံကောင်းလျှင် ၂၄ နာရီအတွင်း သန်းကြွယ်သူဋ္ဌေးတယောက် ဖြစ်သွားနိုင်ပြီး၊ ကံကြမ္မာက သူ့ဘက်တွင် မရှိလျှင်တော့ မသင်္ကာမှုဖြင့် ထောင်နန်းစံရမည်။

ဂျမဲလ်၏ အနာဂတ်မှာ မည်သို့ဖြစ်ပျက်သွားသည်ကို ဒါရိုက်တာက ထိုပထမဦးဆုံး ဇာတ်ဝင်ခန်းဖြစ်သည့် ဂျမဲလ်၏ ငယ်ဘ၀ကို ရဲအရာရှိက စစ်ချက်ယူသည့် ပုံစံမျိုးဖြင့် ဇာတ်ကြောင်းပြန် (Flash Back) ဖြင့် ဆက်လက် တင်ဆက်သွားခဲ့သည်။

Slumdog Millionaireတနှစ်က ဟိန္ဒူနှင့် မွတ်စလင် အဓိကရုန်း ဖြစ်ချိန်တွင် ဂျမဲ(လ်)တို့၏ အမေမှာ သေဆုံးသွားခဲ့သည်။ ကလေးသာသာအရွယ် ဂျမဲလ်ကတော့ ထိုကိစ္စကို ဘာမှမသိရှာသေး။ သူတို့နေထိုင်ရာ မုံဘိုင်းမြို့စွန်သို့ လာရောက်လည်ပတ်သည့် သူအလွန်ကြိုက်သော မင်းသားကြီး အမီတာဘာဂျမ်းဆီက ထိုးမြဲလက်မှတ်ကို အမှတ်တရအဖြစ် တောင်းယူနိုင်ခဲ့သည်ကို ဂုဏ်ယူမဆုံး ဖြစ်နေသေးသည်။

သူအိမ်ပြန်ရောက်တော့ (တကယ်တော့ အိမ်ဟုပင် မခေါ်နိုင်သည့် ဆာလာအိတ်များဖြင့် ကာရံထားသော လေးတိုင်စင်လေးဖြစ်သည်။) အမေဆုံးသွားသည့် သတင်းကို ကြားရသည်။ အမေ့အလောင်းကို မမြင်ရတော့။ အဓိကရုန်းနှိမ်နှင်းရေး ရဲတွေက သိမ်းသွားပြီး မြစ်ထဲမျှောလိုက်သည်ဟုသာ သိလိုက်ရသည်။ မိခင်ဆုံးသော်လည်း ဆင်းရဲလွန်းသောကြောင့် ဂျမဲလ်တို့မှာ သိပ်ကြာကြာ ပူဆွေးဝမ်းနည်းချိန်မရ။ သူ့ထက် အသက်အနည်းငယ်ကြီးသော အကိုဖြစ်သူ ဆလင်းနှင့်တိုင်ပင်၍ သမုဒ္ဓရာဝမ်းတထွာကို ဖြည့်ရမည်။

မိခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် သူတို့ညီအကိုနှစ်ဦး၏ လောကီထုပ္ပတ် လူတို့ဇာတ်မှာ မပြီးဆုံးသေးသဖြင့် ငါ့ဝမ်းပူဆာ မနေသာဆိုသလို ဖိနပ်တိုက်၊ ကူလီလုပ် စသဖြင့် ဆင်းရဲနုံချာလွန်း အားကြီးသော နေ့ညများကို ဖြတ်သန်းခဲ့ရသည်။ (မူလဇာတ်ညွှန်းတွင် ညီအကိုနှစ်ဦးမှာ တနေ့ ဗိုက်ဆာလွန်းပြီး စားစရာမရှိသဖြင့် ၀က်စာပင် ခိုးစားရသည်။ ရုပ်ရှင်ကားတွင်တော့ ထိုဇာတ်ဝင်ခန်း မပါတော့ချေ။) မွတ်စလင်ဘာသာဝင်ဖြစ်သော သူတို့ညီအကို နှစ်ဦးမှာ သူတို့လိုပင် မိဘမဲ့ကလေးဖြစ်သည့် လာတီကာ ဆိုသည့် ကောင်မလေးတယောက်နှင့် ရင်းနှီးခဲ့သည်။

သူတို့နှစ်ဦး ရင်းနှီးသွားပြီးနောက် ဂျမဲလ်က သူ လပိုင်းလောက် ကျောင်းပညာရေး သင်ကြားခဲ့စဉ်က တခုတည်းသောနှင့် အကြိုက်ဆုံးဝတ္ထုဖြစ်သည့် စာရေးဆရာကြီး အလက်ဇန္ဒားနူးမား၏ သူရဲကောင်းသုံးဖော်ထဲမှ သူရဲကောင်းသုံးယောက်၏ နာမည်များကို အစွဲပြု၍ မှည့်ခေါ်ထားသည်။ (ဂျမဲလ်က ထိုဇာတ်ကောင်များကို ကြိုက်သော်လည်း ထိုဝတ္ထုကို ဆုံးအောင်ပင် မသင်ကြားခဲ့ရပါ။) သူ့အကို ဆလင်းက တတိယမြောက် သူရဲကောင်းအမည် မှည့်ခေါ်ထားသည်။

သူတို့ ရဲသုံးဖော်မှာ မြို့အစွန်ရှိ အမှိုက်စွန့်ပစ်ရာ ပြွန်ကြီးတွင် နေထိုင်စဉ် မာမန်းဆိုသည့် လူရှုပ်တဦးနှင့် ရင်းနှီးသည်။ မာမန်းက လမ်းပေါ်မှ အခြေအနေမဲ့ ကလေးများကို အလစ်သုတ်ခြင်း၊ ပိုက်ဆံတောင်းခြင်းများ သင်ပေးကာ ကလေးများရရှိသော ၀င်ငွေမှ ခေါင်းပုံဖြတ်စားနေသူတဦး ဖြစ်သည်။ ဆလင်းက ပထမတွင် မာမန်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်များ ရှိသော်လည်း နောက်ပိုင်းတွင် အကာအကွယ်ပေးရင်း မာမန်းနှင့် ပြဿနာ ဖြစ်ကြသည်။ မာမန်းလက်မှ သူတို့သုံးဦးစလုံး ထွက်ပြေးပြီး ရထားပေါ်အတက်တွင် ညီအကိုနှစ်ဦးစလုံး လွတ်သွားသော်လည်း လာတီကာကို မာမန်းက ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။

ယုတ်မာသော မာမန်းက လာတီကာကို ဖောက်သည်များအကြိုက် အဖိုးအခကြီးမားသော ကလေးပြည့်တန်ဆာအဖြစ် ဆောင်ရွက်ခိုင်းလေသည်။ နေစရာမရှိသော ညီအကိုနှစ်ဦးမှာလည်း ထိုရထားကြီးပေါ်တွင်ပင် ဈေးရောင်းခြင်း၊ တပ်ခ်ျမဟာ ဘုရားဖူးလာသူများအား ဧည့်ကြိုလုပ်ပေးခြင်း၊ ရံဖန်ရံခါတွင် ဆလင်းက အလစ်သုတ်ခြင်းများဖြင့် သူတို့ငယ်ဘ၀၏ အငတ်ပြဿနာကို ဖြေရှင်းခဲ့ရသည်။

မာမန်းလက်ခုပ်ထဲက ရေဖြစ်နေ့သည့် လာတီကာ၏ သတင်းကို ကြားရသည့်အခါ စိတ်မကောင်းသဖြင့် သူတို့ ညီ
အကိုနှစ်ဦး မုံဘိုင်းသို့ပြန်၍ လာတီကာကို သွားကယ်ကြသည်။ မာမန်းက သူတို့ကိုသတ်ရန် ကြံစည်သဖြင့် ဆလင်းက ပြန်ပစ်ရာ မာမန်း သေဆုံးသွားပြီး လာတီကာကို ကယ်တင်နိုင်ခဲ့သည်။

မာမန်းကို သတ်ပစ်နိုင်ခဲ့သည့် ဆလင်းကို မာမန်း၏ ပြိုင်ဘက်တယောက်ဖြစ်သည့် ဂျာဗက်က ခေါ်ယူကာ သူကောင်းပြုထားသည်။ ဆလင်းက ဂျမဲလ်နှင့် ရှေ့ရေးဆွေးနွေးစဉ် လာတီကာကို သတ်မည်ဟု ခြိမ်းခြောက်သည့်အခါ လာတီကာက ကြားဝင်ပြန်ပြောပေးရသည်။ သို့သော်လည်း ဆလင်းက “သူတို့ပိုင်ဆိုင်ပါသည်” ဆိုသည့်စကားကို သူ လက်မခံကြောင်း ပြောသဖြင့် ဂျမဲလ်မှာ အသည်းကွဲပြီး လက်လျှော့လိုက်ရတော့သည်။

နှစ်များစွာ ကြာသည့်အခါ ဂျမဲလ်မှာလည်း အများသုံး ဖုံးရုံးတွင် နို့ရောင်းသူအဖြစ် အလုပ်လုပ်နေရပြီး ဆလင်းကတော့ ဂျာဗက်၏ ဂိုဏ်းတွင် ထိပ်တန်းအဆင့်ရှိသူ ဖြစ်နေသည်။ ဂျမဲလ်ကလည်း လာတီကာနှင့် ပက်သက်၍ တရက်မှ မေ့မရသလို လာတီကာကလည်း ညီအကိုနှစ်ဦး ပြဿနာမဖြစ်စေလို၍ ကြားဝင်ရှင်းပေးလိုက်ရသော်လည်း ကြာလာသည်နှင့်အမျှ ဆလင်းလက်ထဲတွင် မပျော်ပိုက်တော့။

ဆလင်းကလည်း ညီဖြစ်သူ ဂျမဲလ်ကို သူနှင့်လာနေရန် ဖိတ်ခေါ်သည်။ ဆလင်းရှိသော နေရာတွင် လာတီကာ ရှိမည်ဟု ယုံကြည်သော ဂျမဲလ်က လာတီကာနှင့် အဆက်အသွယ် ပြန်လုပ်ပြီး နေ့စဉ် ညနေ ၅ နာရီတိုင်း ချတ်ထရာပါတီ သီဝသျှီဘူတာရုံမှ စောင့်နေခဲ့သည်။ တနေ့တွင် ထိုဘူတာရုံသို့ လာတီကာ ရောက်ရှိလာပြီး သူတို့နှစ်ဦး ထွက်ပြေးရန် ကြံစီနေတုန်း ဆလင်းနှင့် ဂျာဗက်၏ တပည့်များ ရောက်ရှိလာကာ ဂျမဲလ်ကို ရန်ပြုကာ လာတီကာကို နိုင့်ထက်စီးနင်းပြုကာ ခေါ်ဆောင်သွားခဲ့သည်။

Slumdog Millionaireမလျှော့သော ဇွဲလုံ့လဖြင့် ဂျမဲလ်က လာတီကာနှင့် ပြန်လည်၍ အဆက်အသွယ်ရအောင် ကြံဆောင်သော်လည်း ဂျာဗက်က သူတို့ကို နေရာရွှေ့ထားလိုက်သည်။ လာတီကာနှင့် မည်သို့ အဆက်အသွယ်ရအောင် လုပ်လျှင် ကောင်းမည်နည်းဟု ဂျမဲလ် စဉ်းစားသည့်အခါ ရုပ်သံမှ စီစဉ်တင်ဆက်သည့် ဉာဏ်စမ်းပဟေဠိ အစီအစဉ်ကိုသွားပြီး သတိရမိသည်။ လာတီကာက ထိုအစီအစဉ်များကို မလွတ်တမ်းကြည့်သည်ကို သိသော ဂျမဲလ်မှာ မိမိဝင်ရောက်ယှဉ်ပြိုင်လျှင် လာတီကာနှင့် ဆုံစည်းနိုင်မည်ဆိုသော အတွေးဖြင့် ထိုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သည်။

ထိုဂိမ်းပြိုင်ပွဲ၏ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး ဂျမဲလ် ပါဝင်ယှဉ်ပြိုင်သော အစီအစဉ်၏ နောက်ဆုံးအဆင့် မရောက်မီမှာပင် လာတီကာက သူ ပါဝင်ယှဉ်ပြိုင်နေသည်ဟု သိရှိသွားလေသည်။ ကံဆိုးသော ဂျမဲလ်မှာလည်း နောက်ဆုံးအဆင့် မရောက်ခင် တရက်အလိုမှာပင် ရဲက သံသယအမှုဖြင့် ဖမ်းဆီးထားကာ စစ်ဆေးမေးမြန်းနေကြသည်။ ရုပ်ရှင်ဇာတ်ကား၏ အဖွင့်ဇာတ်ဝင်ခန်းမှာလိုပင် ရဲအရာရှိက ဂျမဲလ်ကို စစ်မေးရင်း ဂျမဲလ်က သူ့ဘ၀ဇာတ်ကြောင်းကို ပြောပြသည့်အခါ ရဲအရာရှိက သူ့အား ရိုးသားသည်ဟု ယူဆကာ ပြန်လွှတ်ပေးခဲ့သည်။

အချုပ်ထဲမှ ဂျမဲလ်ကို ပြန်လွှတ်ပေးလိုက်သည်တွင် ပြိုင်ပွဲအစီအစဉ်ကလည်း ကျင်းပရန် နာရီပိုင်းမျှသာ လိုတော့သဖြင့် ဂျမဲလ်မှာ ထိုပွဲနေရာသို့ အပြေးသွားရသည်။ တဖက်တွင်လည်း အကိုဖြစ်သူ ဆလင်းက ဂျမဲလ် ပြန်လွတ်လာမှန်း သိသည့်အခါ ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်ပြီး၊ လာတီကာကိုလည်း သူ၏ ဖုန်းနှင့် ကားကို ပေးကာ ထွက်ပြေးခိုင်းလေသည်။

နောက်ဆုံးမေးခွန်းကို ဖြေခါနီးတွင် ဂျမဲလ်က ဆလင်းကို ဖုန်းခေါ်လိုက်ရာ ဖုန်းက လာတီကာလက်ထဲတွင် ရှိနေသဖြင့် လာတီကာနှင့် အဆက်အသွယ် ရသွားသည်။ ထိုအချိန်တွင် ဉာဏ်စမ်းပဟေဠိ အစီအစဉ်ကလည်း အလက်ဇန္ဒား၏ The Musketters ၀တ္ထုထဲမှ တတိယမြောက် သူရဲကောင်းနာမည်ကို မေးလေသည်။ မနေ့က ရဲအချုပ်ခန်းထဲတွင် သူတောင်းစားတယောက် ကျွေးသော ထမင်းကြမ်းခဲဖြင့် တင်းတိမ်ခဲ့ရသည့် ဂျမဲလ်မှာ နာရီ ၂၀ ရက်အကြာတွင် မီလျံနာသူဋ္ဌေးတယောက် ဖြစ်၍နေသည်။

ကံကြမ္မာအလှည့်အပြောင်းက သူတို့ညီအကိုနှစ်ဦး ချားရဟတ်၏ တဖက်တချက်စီတွင် ထိုင်ခိုင်းသလိုမျိုးပင်။
ဂျမဲလ်နှင့် ပြဿနာတက်ကာ ဂျာဗက်ကိုလည်း ပစ်သတ်ပြီး၊ သူ့ကိုလည်း သတ်သေလိုက်သည်။ နောက်တနေ့တွင် ဂျမဲလ်ရော လာတီကာပါ သူတို့နှစ်ဦး ချိန်းဆိုထားသည့် ဘူတာရုံတွင် တွေ့ကြပြီး အနမ်းမိုးတွေ ဝေကြသည်။

ဒါရိုက်တာ ဒန်နီဘွိုင်းက ဇာတ်ကားတခုလုံးကို မျက်တောင်တချက် မခတ်ရဲလောက်အောင် ရင်ဖိုလှိုက်မောဖွယ် တင်ဆက်ခဲ့သည်။ ဂျမဲလ်အဖြစ် Dev Patel က သရုပ်ဆောင်သည်။ ဂျမဲလ်၏ ကလေးဘ၀ကို တခြား ကလေးသရုပ်ဆောင် နှစ်ယောက်က သရုပ်ဆောင်သည်။ လာတီကာအဖြစ် Freida Pinto က သရုပ်ဆောင်သည်။ သူ၏ ငယ်ဘ၀အဖြစ် တခြား ကလေး သရုပ်ဆောင်နှစ်ယောက်က သရုပ်ဆောင်သည်။

အိန္ဒိယနိုင်ငံတွင် ရိုက်ကူးသော ဗြိတိသျှ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး၊ ထိုဇာတ်ကားထဲမှ သရုပ်ဆောင် ဂျဲမဲလ်မှာ ကံကြမ္မာက သူ့ကို မှေးမှိန်လှသည့် အခွင့်အရေးလေးတခု ပေးခိုက်၊ အကောင်းဆုံး အခြေအနေကိုဖြစ်အောင် လုပ်သွားနိုင်ခဲ့သည်မှာ ထိုဇာတ်ကား၏ ပရိသတ်ကို စွဲဆောင်နိုင်သော အချက်ဖြစ်သည်။