ငြိမ်းချမ်းငြိမ်း
Beautiful Mind ဇာတ်ကားဖြင့် ရုပ်ရှင်နယ်ထဲသို့ ၀င်ရောက်လာခဲ့သူ ဒါရိုက်တာ ဆန်မန်ဒက်(စ်)မှာ တကားရိုက် တကားဆိုသလောက် အောင်မြင်သူ ဖြစ်သည်။ Road to Perdition နှင့် Jarhead ဇာတ်ကားများမှာလည်း သူ့လက်ရာများ ဖြစ်သည်။ ကိတ်ဝင်းစလက်ကို အကောင်းဆုံးဇာတ်ပို့ဆု ရစေခဲ့ပြီး၊ ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဆု ၅ ဆု လျာထားခံရသည်။ Revolutionary Road ဇာတ်ကားအတွက်လည်း သူက အကောင်းဆုံး ဒါရိုက်တာဆု လျာထားခံရသည်။
Revolution Road ဇာတ်ကား၏ အဓိကဇာတ်ကောင်နှစ်ဦး (လွန်ခဲ့သော ဆယ်ဆုနှစ်တခုကျော်က Titanic ဇာတ်ကားတွင် အတွဲညီခဲ့သော သရုပ်ဆောင်နှစ်ဦး) ကို ပြန်လည်ပေါင်းစည်းပေးထားခြင်း ဖြစ်သည်။ ထိုနှစ်ယောက်မှာ လီယိုနာဒို ဒီကာပရီယိုနှင့် ကိတ်ဝင်းစလက် ဖြစ်သည်။
Titanic ဇာတ်ကားတွင်မူ Jack နှင့် Rose အဖြစ် သရုပ်ဆောင်ခဲ့သည်။ ဒီကာပရီယိုနှင့် ကိတ်ဝင်းစလက်တို့၏ အချစ်ရေးက ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းသလို တဦးပေါ်တဦး သစ္စာရှိမှုမှာ ကြေကွဲဖွယ်ရာ ကောင်းလှသည်။ ထိုဇာတ်ကားတွင် သူတို့နှစ်ဦး၏ အချစ်မှာ အနစ်နာခံမှု၊ ပေးဆပ်မှု၊ နားလည်မှု၊ စွန့်လွှတ်ရဲမှုတို့ဖြင့် ဒါရိုက်တာ ဂျိမ်း(စ်)ကင်မရွန်က သရုပ်ဆောင်စေခဲ့သည်။ နောက် ၁၀ နှစ် ကြာသည့်အခါ ဒါရိုက်တာ ဆမ်မန်ဒက်(စ်)က ကြမ္မာငင်ကာ ဝေးခဲ့ရသည့် ခေတ်သစ် ရိုမီယိုနှင့် ဂျူးလီယက် ချစ်သူနှစ်ဦးကို Revolutionary Road ဇာတ်ကားဖြင့် ပြန်လည်ပေါင်းစည်းပေးခြင်း ဖြစ်သည်။
နာမည်ကျော် သရုပ်ဆောင်အဖြစ်ကို လှမ်းတက်နေသည့် ဧပရယ်ဝှီလာနှင့် ကုမ္ပဏီဝန်ထမ်းဖြစ်သော ဖရန့်(ခ်)ကိုမှာ ချစ်သူရည်းစား ဘ၀ကတည်းက တဦးကိုတဦး အရမ်းချစ်ကြသည်။ တညတာဝေးရုံဖြင့် တသတ်တာ ဆွေးရသည့် ကိန္နရီ၊ ကိန္နရာ မောင်နှံလို အချစ်မျိုးဖြင့် ချစ်ခဲ့ကြသည်။ ချစ်ရာသီ အလီလီပြောင်းပြီးနောက် သူတို့နှစ်ဦးမှာ တဦးကိုတဦး စုံမက်စွာဖြင့် လက်ထက်ခဲ့ကြသည်။
မင်္ဂလာဦးညကဆိုလျှင် သူတို့နှစ်ဦးမှာ ပျော်ရွှင်ကြည်နူးစရာ အပြည့်ဖြင့် သံသာလာကမ်းတိုင်း အတူကူးခတ်ကြမည့် ကြင်စဦးမောင်နှံအဖြစ် ဝေးရမည်စိုးသဖြင့် ဦးပုညကဗျာထဲကလို “သံသရာဝဋ်ထဲဝယ် ကျွတ်တမ်းကွယ် စာမလိပ်ချင်ဘု” ဟုဆိုသည့် ယုံကြည်ချက်များဖြင့် တဦးကိုတဦး ချစ်သစ္စာ ပန္နက်ရိုက်ခဲ့ကြသည်။
လက်ထက်ပြီးခါစ ဇနီးမောင်နှံမှာ ကွန်နက်တီကတ်ပြည်နယ်ရှိ Revolutionary Road လမ်းထဲက နှစ်ထပ်အိမ်ကလေးသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုလမ်းထဲတွင် သူတို့နှစ်ဦးမှာ ချစ်စရာအကောင်းဆုံး ဇနီးမောင်နှံ၊ တောင်ပိုင်းဥရောပပုံစံ ဆောက်ထားသည့် သူတို့အိမ်ကလေးကလည်း လမ်းထဲတွင် အားလုံးက ငေးကြည့်စရာ။ ဖရန့်က ငွေရှာပေးသည့်တာဝန်၊ ဧပရယ်က အိမ်မှုကိစ္စ ထိန်းသိမ်းသည့်တာဝန်၊ တဦးကိုတဦး ကြင်နာမှု၊ ယုယမှု၊ ခွင့်လွှတ်မှုများဖြင့် ဘာမျှ လိုလေသေးမရှိ။ သမီးရည်းစားဘ၀က ဖရန့်က ဧပရယ်ကို ပြောခဲ့သည့် စကားလိုပင် “ဘာမျှမလို၊ ချစ်ဖို့ပဲလိုသည်။ အချစ်၏ တန်ခိုးစွမ်းအားဖြင့် ဆူးခင်းသောလမ်းကို ပန်းမွေ့ယာအဖြစ် ပြောင်းပြစ်မည်” ဟု နှစ်ဦးသား သန္နိဋ္ဌာန်ချထားခဲ့ကြသည်။
လက်ထက်ပြီးနောက် သိပ်မကြာခင်မှာပင် ဧပရယ်က သူ၏ စိတ်ကူးအိပ်မက်တို့ကို ပြန်၍ အကောင်အထည် ဖော်ချင်သည့် ဆန္ဒများ ဖြစ်လာသည်။ သူ သရုပ်ဆောင်အလုပ်ကို ဆက်လုပ်ချင်သည်။ ပြင်သစ်နိုင်ငံ ပါရီသို့ ပြောင်း၍ သရုပ်ဆောင်ပညာကို ဆက်လုပ်ချင်သည်။ ပါရီသို့ပြောင်း၍ သရုပ်ဆောင်ပညာများကို ဆက်လက်လေ့လာချင်သည်။ ဧပရယ်နှင့် ဖရန့်(ဇ်)တို့၏ အိမ်နီးနားချင်းဖြစ်သည့် အဖွားကြီး ဟယ်လင်၏ သားဖြစ်သူ သွက်ချာပါဒ ဖြစ်နေသော ဂျွန်က ပါရီသို့ မသွားရန် တားမြစ်သည်။ ဂျွန်က ဒုက္ခိတဖြစ်နေသော်လည်း ဉာဏ်ရည် အလွန်ထက်သူဖြစ်သည်။ “ပါရီကို မသွားဘဲ၊ အဲဒီကနေပြီး ဘ၀တိုးတက်အောင် လုပ်လို့ မရဘူးလား” ဆိုသည့် အမေးကိုမူ သူတို့နှစ်ဦးစလုံး နဝေတိမ်တောင်ဖြင့် အဖြေမပေးနိုင်ခဲ့ကြ။
ဖရန့်(ဇ်)က ပါရီသို့ မပြောင်းချင်။ သူ့အလုပ်ကလည်း အဆင်ပြေနေသောကြောင့် ဘ၀တိုးတက်မှုကို Revolutionary Road မှာပဲ ရှာယူချင်သည်။ အခြေခိုင်ပြီးသားဘ၀ကို စွန့်လွှတ်ကာ ဘာမှန်းမသိသော ပါရီသို့ ပြောင်းပြီး ဘ၀ကို တစ်က ပြန်မစချင်။ ပါရီဆိုသည့် ဥရောပမြို့တမြို့၏ နာမည်က သူတို့နှစ်ဦးစလုံးကို သဘောထား စတင်ကွဲလွဲစေခဲ့သည်။ သို့သော်လည်း ဧပရယ်က ဖရန့်(ဇ်)၏ အဆင်ပြေနေမှုကို မထိခိုက်စေလို၍ ပါရီအိပ်မက်ကို ခဏမေ့ထားခဲ့ခြင်းဖြင့် ဖရန့်(ဇ်)အပေါ် နားလည်ပေးနိုင်မှုကို အထင်အရှားပြသခဲ့သည်။ (တကယ်တော့ ဖရန့်(ဇ်)သည်လည်း သူကြီးပြင်းလာလျှင် ပါရီ၌ အခြေချမည်ဟု စိတ်ကူးထားသူပင်။)
ဤသို့ဖြင့် ဖရန့်(ဇ်)က ပိုက်ဆံရှာ၊ ဧပရယ်က အိမ်ထောင်မှု ထိန်းသိမ်းသည့် အလုပ်ကိုလုပ်ရင်းဖြင့် သူတို့တွင် သားသမီးနှစ်ဦး ပွားစည်းခဲ့ကြသည်။ ထိုအချိန်တွင် ဧပရယ် မျိုသိပ်ထားသော ပါရီအိပ်မက်များက တခါ ပြန်နိုးခဲ့သည်။ တိုက်ဆိုင်စွာပင် ဖရန့်(ဇ်)ကလည်း အရောင်းမန်နေဂျာရာထူး ရရှိသွားသောကြောင့် လစာနှင့် အခွင့်အရေးများ တိုးသွားပြီး၊ သူ့အလုပ်မှာ မက်မောစရာ ကောင်းလာသည်။
သားတဦးနှင့် သမီးတဦး မွေးဖွားပြီးသည့်အခါတွင် ဖရန့်(ဇ်)က ရုံးပြန်ချိန် နောက်ကျတတ်လာသည်။ လုပ်ငန်းထဲမှ အတွင်းရေးမှူးမလေး တဦးနှင့် ဗွေဖောက်လာသည်။ ဧပရယ်ကတော့ အိမ်မှာပဲ ရှိနေသည့်အတွက် ငြိမ်နေလိမ့်မည်ဟုထင်လျှင် မှားလိမ့်မည်။ ဖရန့်(ဇ်) မရှိခိုက် ဖရန့်(ဇ်)၏ သူငယ်ချင်းဖြစ်သူ၊ အိမ်နီးချင်း ရှပ်ကန်ဘဲလ်နှင့် ပထမ ပရောပရီဖြစ်သည်။ နောက် ချစ်စိတ်မွှန်ခဲ့ကြသည်။
ဖရန့်(ဇ်) အသက် ၃၀ ပြည့်မွေးနေ့ပွဲတွင် ဧပရယ်နှင့် ကလေးနှစ်ဦးက မွေးနေ့ကိတ်မုန့်ဖြင့် ဖရန့်(ဇ်) အလာကို စောင့်မျှော်နေခဲ့သည်။ ပြန်လာလျှင် မိသားစုများ ပျော်ပျော်ပါးပါး မွေးနေ့ပွဲကို ဆင်နွှဲရန်ဖြစ်သည်။ ဖရန့်(ဇ်)က ပြန်ရောက်မလာ။ အတွင်းရေးမှူးမလေးနှင့်သာ တညတာ ကုန်ဆုံးသွားခဲ့သည်။ နောက်နေ့ ပြန်ရောက်တော့ ဧပရယ်က မျက်ရည်အရွှဲသား၊ ဖရန့်(ဇ်)ကလည်း စိတ်မကောင်းဖြစ်သည်။ ယခုထက်ထိ သူတို့နှစ်ဦး ချစ်နေကြဆဲဖြစ်သည်။ နောက်နေ့တွေမှာလည်း ဖရန့်(ဇ်)နှင့် အတွင်းရေးမှူးမလေးတို့ ချစ်ဇာတ်လမ်းက မရပ်။
ဧပရယ်ကလည်း ရှပ်ကမ်ဘဲလ် တဦးတည်းသာမက ဂျွန်၏ ဖခင်ဖြစ်သူ ဟောင်းဝဒ်နှင့်ပါ ချစ်တင်းနှောခဲ့ကြသည်။ ကြာတော့ ဧပရယ်တွင် ကိုယ်ဝန်ရလာသည်။ ဧပရယ်က ကိုယ်ဝန်ဖျက်ပြီး၊ ပါရီသို့ ပြောင်းရွှေ့ချင်သည်။ ဖရန့်(ဇ်)က သဘောမတူ။ ဧပရယ့်ကိုယ်ဝန်က ၄ လ ကျော်သွားသည်။ တနေ့ ဧပရယ်နှင့် ဖရန့်(ဇ်)တို့ ဟယ်လင်တို့အိမ် သွားလည်ရင်း၊ ပါရီကို မပြောင်းဖြစ်သည့် ကိစ္စနှင့် ပတ်သက်၍ ဖရန့်(ဇ်)နှင့် ဂျွန်တို့ စကားများ ရန်ဖြစ်ကြသည်။
ထိုဇာတ်ဝင်ခန်းမှာ ဇာတ်ကားတခုလုံး၏ အသက်ဖြစ်သည်။ ဧပရယ်နှင့် ဖရန့်(ဇ်)တို့ ထွက်သွားချိန်တွင် ဂျွန်က “သူ့ (ဧပရယ်) ဗိုက်ထဲက ကလေးက ငါ မဖြစ်တာ အတော်ကံကောင်းတာပဲ” ဟု ပြောချလိုက်ပုံက ကြက်သီးမွေးညင်းထစရာ ကောင်းသည်။ ဂျွန်က ဧပရယ်၏ ကိုယ်ဝန်ဖျက်ချမှုကိုလည်း၊ မနှစ်မြို့သလို ဖရန့်(ဇ်)၏ တာဝန်မဲ့မှုကိုလည်း မကျေနပ်။ ဒါပေမဲ့ သူက အကြောင်းစုံမသိ။ အရိုးခံဖြင့် ပြောခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဧပရယ် ကိုယ်ဝန်ဖျက်ချသည်။ သူမ၏ ကိုယ်ဝန်နှင့်အတူ သူမ၏ အသက်ပါ ဆုံးပါးသွားခဲ့သည်။ ဇာတ်လမ်းက ကြေကွဲဖွယ်ရာများဖြင့် အဆုံးသတ်ကာ နောက်ဆုံးတွင် Revolutionary Road လမ်းမှာ လူသူမရှိ ကျန်ရစ်သော သူတို့အိမ်ကလေးကို ရိုက်ပြရင်း ဇာတ်ကား အဆုံးသတ်သွားခဲ့သည်။
အမေရိကန်စာရေးဆရာ ရစ်ချတ်ရိတ်(စ်)၏ Revolutionary Road အမည်ရှိ ၀တ္ထုကို ဒါရိုက်တာ ဆမ်မန်ဒက်(စ်)က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခြင်းဖြစ်သည်။ ကိတ်ဝင်းစလက်၏ သရုပ်ဆောင်ပုံမှာ ဇာတ်ကား အစ၊ အလယ်၊ အဆုံး ပြောစရာမရှိအောင် ကောင်းသော်လည်း၊ လီယိုနာဒိုမှာမူ သာမန်မျှသာဖြစ်သည်။ သင်္ချာပညာရှင် ဒုက္ခိတ ဂျွန်အဖြစ် သရုပ်ဆောင်သည့် မိုက်ကယ်ဂျွန်နွန်မှာ သရုပ်ဆောင်ကောင်းသဖြင့် ၈၁ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင်လည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်အဖြစ် လျာထားခံရသည်။ ကိတ်ဝင်းစလက်ကတော့ The Reader ဇာတ်ကားဖြင့်သာ အကောင်းဆုံး မင်းသမီးဆုအဖြစ် လျာထားခံရသည်။
၁၉၅၀ ပြည့်လွန်နှစ်များကို အခြေခံထားသည့် Revolutionary Road ဇာတ်ကားမှာ Titanic ဇာတ်ကား၏ အဆက်ဟု အချို့ဝေဖန်ရေးဆရာများက ဆိုကြသည်။ ဇာတ်ညွှန်းပိုင်းတွင် အနည်းငယ် အားနဲမှု ရှိသော်လည်း ရုပ်ရှင်၊ ဓာတ်ပုံအယူအဆနှင့် တင်ပြပုံမှာ ကောင်းသည်။ Titanic ဇာတ်ကားတုန်းက ချစ်လျက်နှင့် မပေါင်းစည်းရဘဲ ဘ၀ပင် ခြားခဲ့ရသည့် ချစ်သူနှစ်ဦးကို ယခုဇာတ်ကား၌ ပေါင်းစည်းပေးထားသည်။ သို့သော် အိမ်ထောင်သည်ဘ၀၌ ၎င်းတို့၏ ချစ်မေတ္တာများက အငွေ့ပျံကုန်ကြသည်။ အချစ်သည် ထင်သလောက် မချိုမြိန်ဘူးဆိုတာ ဖြစ်လာကြသည်။
ဒါရိုက်တာ ဆစ်မန်ဒက်(စ်)ကတော့ ဇနီးဖြစ်သူ ကိတ်ဝင်းစလက်ကို ဇာတ်ကားထဲ၌ သရုပ်ဆောင်ခိုင်းခဲ့ပြီး အဖြေရှာခဲ့သည်။
