
အော်စကာဆုရ“မွမ်ဘိုင်းကအုတ်ကြားမြက် သန်းကြွယ်သူဌေး”
မောင်ရစ်
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉
လွန်ခဲ့တဲ့ တနင်္ဂနွေက အော်စကာမှာ သူချည်းပဲ ဆုရသွားတယ်။ ဗိုလိုကတော့ “ဆလန်းဒေါ့မီလျံနာ” ပေါ့ဗျာ။ အင်္ဂလန်က ဒါရိုက်တာ၊ ပရိုဂျုဇာနဲ့ ရုပ်ရှင်အဖွဲ့က ဘုံဘေက ကျူးကျော်ရပ်ကွက်ကို အခြေပြုလို့ ဇာတ်ကွက်ကို ရိုက်တာမှာ အဲဒီ ဆင်းရဲသားတွေကို ခေါ်သုံးခဲ့တယ်၊ ပိုက်ဆံ မရှိလို့။ ကလေး ၃ ယောက်က အဲဒီက နင်းပြားကလေး ၃ ဦး။ ကျန်တဲ့ သရုပ်ဆောင်တွေထဲမှာ အားလုံးက နာမည်ကြီး မပါဘူး။ မြန်မာတွေသိတဲ့ “ရာဂ်ျကပူး” ပဲပါမယ်။ သူက ဉာဏ်စမ်းတင်ဆက်သူ အခမ်းအနားမှူးအဖြစ် သရုပ်ဆောင်တယ်။
မေးသမျှ မေးခွန်းတွေဟာ အဲဒီဇာတ်လိုက်ကလေးရဲ့ ဘ၀မှာ တနည်းမဟုတ်တနည်း ပတ်သက်နေတော့ သူ အကုန်ဖြေနိုင်တယ်။ သူ တော်လို့ မဟုတ်ဘူး။ မေးခွန်းရဲ့ အဖြေတွေကို သူဘ၀နဲ့ရင်းပြီး သိနေခဲ့လို့ပါတဲ့။ ကဲ … မမိုက်လား။ ရိုက်ချက်၊ နောက်ခံသီချင်း၊ အသံပြုလုပ်ချက်၊ တီးလုံး၊ ဒါရိုက်တာ၊ ရုပ်ရှင်၊ ဇာတ်ညွန်း၊ အကုန်သူရသွားတယ်။ ပထမဦးဆုံး အခန်းနဲ့တင် ခင်ဗျား ကြိုက်သွားပါလိမ့်မယ်။ ကုလားပြည်ကတော့ မကြိုက်ဘူး။ သူတို့ ဆင်းရဲသားတွေကို ရိုက်ပြလို့တဲ့။ ရုပ်ရှင်နံမယ်ကလေး “ခွေးလေခွေးလွင့်” ဆိုတဲ့ စကားလုံးပါနေတော့လည်း သူတို့က မကြိုက်ဘူး။ ဖြစ်ပုံ။ ပြည်ပမှာတော့ ၀က်ဝက်ကွဲ ကြိုက်တယ်။ ဟောလိဝုဒ်က ဖြန့်တယ် ဆိုပေမယ့် နံမယ်ကြီး ကုမ္ပဏီတခုက ငြင်းခဲ့တယ်။ မကြိုက်ဘူး ဆိုပဲ။ အခုတော့ တကမ္ဘာလုံးက ကြိုက်ကုန်ပြီ။
ဆုပေးပွဲကို သူတို့သရုပ်ဆောင်တွေ အားလုံး လာကြတယ်။ ကလေးလေး ၃ ဦးက ခုချိန်အထိ ဆင်းရဲတောထဲမှာ နေတုံးပဲတဲ့။ အဲလိုသိရလို့ တချို့က စိတ်ထိခိုက်ပြီး အိမ်အသစ် ၀ယ်ပေးတယ် ဆိုပဲ။ အင်းလေ … ရုပ်ရှင်သမားတွေက ဒါနဲ့ ဟန်ကျချိန်မှာ အဲဒီကလေး ၃ ဦးက မခံစားရဘူးဆိုတော့ သနားစရာ။ အခုတော့ အော်စကာကျေးဇူးနဲ့ သူတို့လည်း ဟန်ကျကုန်ပြီ ဆိုတော့ တဲပေါ်ကနေ တိုက်ပေါ်တော့ သူတို့မိသားစု ရောက်သွားပြီပေါ့လေ။
မိတ်ဆွေ ကုလားတွေက ပျော်လိုက်ကြတာ။ ကျနော်လည်း ပျော်တယ်။ အဲဒီကားကို ကြိုက်တာကိုးလေ။ ကုလားကား မြန်မာကား ကိုရီးကားများ ထုံးစံလို ဇာတ်နာအောင် လုပ်တာ နည်းနည်းတော့ ပါတယ် ဆိုပေမယ့် ကြည့်ပျော်ပါတယ်။ နိုင်ငံရေးလည်း ပါတယ်လေ။ သူတို့လူမျိုးရေး အဓိကရုဏ်တခုကို ဇာတ်ကွက်တခုထဲမှာ ထည့်ရိုက်ပြတယ်။ ကုလားတွေ လူစုပြီး ကမယ်ထင်တာ တကားလုံး မကဘူးဗျာ။ သို့သော် ဇာတ်သိမ်းပြီးမှ စာတမ်းထိုးချိန်မှာ ဘူတာထဲ လူ ၁၀၀ လောက်နဲ့ ကုလားကားထုံးစံမပျက်အောင် ကတယ်။ ပျော်စရာကြီးပါ။
အနောက်နိုင်ငံကလည်း လူမည်းတွေ ခေတ်စားချိန်၊ (အိုဘားမား သမ္မတဖြစ်ချိန်) နဲ့ တိုက်တိုက်ဆိုင်ဆိုင်၊ အရှေ့ဖက်က လူမည်းတိုင်းပြည်က (ကုလားပြည်)က ရုပ်ရှင်က အော်စကာတွေ ဆွတ်ခူးတော့ အသားမည်းသူတွေက သွားတွေ ဖြူဖွေးအောင် ပြုံးရယ်လို့ လက်ခမောင်း ခတ်ကြတဲ့ ကာလပဲ။ အရှေ့နဲ့အနောက်တော့ ဆုံကြပြီပေါ့လေ။ (ဟဲဟဲ)
ကုလားကားက ဇာတ်လမ်းလည်း ကောင်းတယ်။ သရုပ်ဆောင်တွေလည်း ကောင်းတယ်။ နည်းပညာလည်း ကောင်းတယ်။ ပြီးတော့ ဖြစ်အောင်လုပ်တဲ့သူတွေက အင်္ဂလန်က ပညာသည်တွေဆိုတာကို မေ့ထားလို့မရဘူးလေ။ အရင်က ဂန္ဓီကားကြီးကို သူတို့တွေပဲ (အနောက်နိုင်ငံသားတွေ) ရိုက်ခဲ့ကြတာကိုး။ အရှေ့နဲ့ အနောက်က ပေါင်းပြီးတော့ သရုပ်ဖော်ရတာ အမှန်ပါပဲ။
မြန်မာတွေလည်း ဆင်းရဲသားကား ရိုက်ပြီး အော်စကာလိုချင်ရင် ကိုယ့်မြင်းကိုယ်စိုင်းလို့တော့ မဖြစ်ပေဘူး။ အနောက်ကိုလည်း ငဲ့အုံးမှ။ မဟုတ်ရင် တရုတ်ကားတွေလို မိုးပျံ ခုန်ပေါက်တဲ့ ဆပ်ကပ်ပြသလို သိုင်းကား ရာဇ၀င်ကားအဆင့်လောက်နဲ့ ကမ္ဘာကို ခြေဆန့်နေရမယ် ထင်တယ်။ အင်း ပြည်ပမှာက တရုတ်ပရိသတ်က သန်းချီတာဆိုတော့ မြန်မာတွေလည်း အင်္ဂလိပ်စကားပြော မရိုက်ပဲ တရုတ်စကားပြော ကားတွေ ရိုက်နိုင်ရင် အောင်မြင်ချင် အောင်မြင်မှာပါပဲ။ မုဒိတာပွားနိုင်ကြပါစေပေါ့။
