မတရား အပြစ်ပေးခြင်း၊ ကလေးများအား ဖမ်းဆီးနှိပ်စက်ခြင်း

ငြိမ်းချမ်းငြိမ်း၊ ၊တနင်္လာနေ့၊ မေလ ၂၅ ရက် ၂၀၀၉ ခုနှစ် ၂၁ နာရီ ၀၃ မိနစ်
ခရစ်စတင်း ကောလင်း ဆိုသည့် တကိုယ်ရည်သားသည် မိခင်တဦးသည် သားပျောက်ရသည့်အထဲ လော(စ်)ဇင်းဂျလိ(စ်) ရဲဌာနမှ ရဲမှူး ကပ္ပတိန် ဂျုံးက သူမကို ဝတ္တရား နှောင့်ယှက်မှုဖြင့် မတရားဖမ်းဆီးကာ အရူးထောင်တွင် ထိန်းသိမ်းထားသည်။ တကယ်တော့ သူမတွင် အပြစ် လုံးဝမရှိပါ။ ၉ နှစ်အရွယ် သား ဖြစ်သူ ဝေါ်လ်တာ ကောလင်း ပျောက်ဆုံးမှုအတွက် ရတက်မအေး ဖြစ်နေရသော မိခင်တဦးသာ ဖြစ်သည်။

အချိန်ကား ၁၉၂၈ ခုနှစ်၊ ကယ်လီဖိုးနီးယားပြည်နယ် လော့(စ်)အိန်ဂျလိ(စ်)တွင် ဖြစ်သည်။ ပစိဖိတ် ဆက်သွယ်ရေး ဝန်ဆောင်မှုမှ အကြီးတန်း အော်ပရေတာတဦးဖြစ်သည့် ခရစ်စတင်းမှာ သူမ၏ သားဖြစ်သူ အိမ်မှ ပျောက်ဆုံးသွားသဖြင့် လော့(စ်)အိန်ဂျလိစ် ရဲဌာနသို့ ပထမဦးဆုံး ဖုန်းဖြင့် တိုင်ကြားရာ အဆင်မပြေသဖြင့် လူကိုယ်တိုင် သွားရောက်တိုင်ကြားရသည်။

The Changelingရဲစခန်းက လအနည်းငယ် ကြာသောအခါ သူ၏ ပျောက်ဆုံးသွားသော သားဖြစ်သူ ဝေါ်လ်တာ ခရစ်တင်းကို ပြန်တွေ့ပြီဟု အကြောင်းကြားသဖြင့် ခရစ်စတင်းက ရထားဖြင့် လာမည့် ကလေးကို ဘူတာရုံတွင် သွားစောင့်ခေါ်သည်။ ထိုကလေးငယ်အား တွေ့သောအခါ ခရစ်စတင်းက သူ့သားမဟုတ်မှန်း သိသော်လည်း လင်ကွန်းပန်းခြံခရိုင် ရဲအရာရှိဂျုံးက “ခင်ဗျားရဲ့ သားပါ။ မမြင်တာကြာလို့ ပြောင်းလဲမှုတွေ ဖြစ်တာနေမှာပါ” ဟု ပြောသလို ခင်ဗျာ့ သားအရင်းကို တွေ့တာတောင် ကြည်ဖြူစွာ လက်မခံရင် အရေးယူလို့ ရတယ်” ဟု ပြောသောကြောင့် ခရစ်စတင်းမှ ထိုကလေးကို ဇဝေဇဝါဖြင့် လက်ခံလိုက်ရသည်။

ရဲမှူးက အသင့်ရှိနေသော သတင်းထောက်များကို သူတို့မိသားစု နှစ်ဦး ပြန်လည် ပေါင်းစည်းနိုင်ပုံကို ဓာတ်ပုံရိုက်ခိုင်းလိုက်သည်။ ကလေးကလည်း သူ့အမေဟု ခရစ်စတင်းကို ပြောသည်၊ ရဲမှူးကလည်း ထိုကလေးကို အိမ်သို့ ခေါ်သွားရန် ပြောသည်။ ခရစ်စတင်းကတော့ ရဲအဖွဲ့က ရှာတွေ့သော ကလေးသည် သူ့ကလေး မဟုတ်မှန်း သိသည်။

ခရစ်စတင်း အိမ်ပြန်ရောက်တော့ ကလေးကို ရေချိုးပေးသည့်အခါ ထိုကလေးငယ်၏ လိင်တံအရေပြား ဖြတ်ထားသည်ကို တွေ့ရှိရသည်။ ခရစ်စတင်းက အံသြထိတ်လန့်သွားပြီး ချက်ချင်းပင် အရပ်တိုင်းကြည့်သောအခါ သူ့သားအရင်းထက် အရပ် ၄ လက်မ လျှော့နေသည်ကို တွေ့ရှိရသည်။ သူမ၏ သားအရင်းက လိင်တံ အရေပြား လှီးဖြတ် (Circumcise) ထားခြင်း မရှိသည်ကို ခရစ်တင်း သိသည်။

သူ့သားအရင်း မဟုတ်ကြောင်းကို ရဲဌာနသို့ ပြန်ပြောသည့်အခါ ရဲမှူးက ခန္ဓာဗေဒကျွမ်းကျင်သော ဆရာဝန် တဦးကိုသာ လွှတ်လိုက်မည်ဟု ပြောသည်။ ဝေါ်လ်တာ၏ ကျောင်းဆရာမကလည်း ထိုကလေးမှာ ဝေါ်လ်တာ မဟုတ်ကြောင်း မှတ်ချက်ပေးသည်။ ဆရာဝန်ကလည်း ထိုကလေးမှာ ဝေါ်လ်တာ မဟုတ်ကြောင်း ထောက်ခံချက်ပေးသည်။

ဘုန်းတော်ကြီး ဘရစ်ဂလဘ်ကမူ ခရစ်စတင်းဘက်မှ လိုက်ပါ၍ စောင့်ရှောက်ကူညီပေးသည်။ သူက လော့(စ်)အိန်ဂျလိစ် ရဲဌာနနှင့် ပတ်သက်၍ ယုတ်မာဆိုးသွမ်းမှုများ၊ ဖမ်းဆီးမှုများကို ခရစ်တင်းအား ပြောပြပြီး သူမအား အမှန်တရားအတွက် တိုက်ပွဲဝင်ရန်နှင့် သူတို့ပါ လိုက်ပါစောင့်ရှောက် ကူညီမည့်အကြောင်း ပြောသည်။

တရက်တွင် ခရစ်တင်းက သတင်းထောက်များကို လော့(စ်)အိန်ဂျလိ(စ်) ရဲဌာနမှ ပြန်လည်ရှာဖွေပေးထားသော ကလေးသည် သူမ၏ ကလေးမဟုတ်ကြောင်းနှင့် ရဲဌာနအနေဖြင့် သူမ၏ ကလေး ပြန်လည်တွေ့ရှိရန် ရှာဖွေပေးစေလိုကြောင်း သူမ၏ ဆန္ဒကို ထုတ်ဖော်ပြောသည်။

ခရစ်တင်းက သတင်းထောက်များနှင့် တွေ့ဆုံသည့် သတင်းကို ရဲမှူး သိသွားသည့်အခါ သူမကို စခန်းသို့ ခေါ်ပြီး “အပျိုမိန်းမတယောက် လိုနေချင်တဲ့အတွက် ငါတို့က နင့်ကလေးကို ပြန်ရှာပေးထားတာကို လက်သင့် မခံချင်တာ မဟုတ်လား” စသည်ဖြင့် မကြားဝံမနာသာများ ပြောပြီးနောက်တွင် သူမကို လော့(စ်)အိန်ဂျလိ(စ်) စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ ထိန်းသိမ်းထားရန်အတွက် ရဲများကို ခေါ်ဆောင်သွားခိုင်းသည်။

ခရစ်စတင်း စိတ်ကျန်းမာရေးဆေးရုံကြီးတွင် ချုပ်နှောင်ခံထားရစဉ် သူမကဲ့သို့ပင် ရဲက မတရားဖမ်းဆီးကာ ထိုနေရာသို့ ပို့ထားသည့် အမျိုးသမီး တော်တော်များများ ရှိကြောင်းကို သူမလိုပင် မတရား ဖမ်းဆီးခံထားရသည့် ဆန်ဒီက ပြောပြသဖြင့် သိခွင့်ရသည်။

The Changelingဆေးရုံမှ ဆရာဝန်များကလည်း လူနာများအပေါ် သနားကြင်နာမှု မရှိဘဲ လူသားချင်းစာနာစိတ် ကင်းမဲ့ပုံကို ခရစ်စတင်း တွေ့ရသည်။ သားပျောက်သဖြင့် ပူဆွေးသောက ရောက်နေသည့် ခရစ်စတင်းမှာ ရဲက မတရား ဖမ်းဆီးထားသဖြင့် စိတ်ဓာတ် အကြီးအကျယ် ကျနေချိန် ဖြစ်သည်။

ရဲဌာနမှ စုံထောက် လက်စတာမှာ တနေ့တွင် ကလေး တယောက်ကို ဖမ်းဆီးမိလာပြီး ထိုကလေး၏ အစစ်ခံချက်အရ သူ့ဦးလေးဖြစ်သူမှာ ကလေးငယ်များကို မတရား ဖမ်းဆီးပြီး၊ အယောက် ၂ဝ နီးပါးကို သတ်ဖြတ်ပစ်ခဲ့သည်ကို ဖြောင့်ချက်ပေးသည်။ (ကလေးအား မတွေ့ခင် လမ်း၌ လူသတ်သမားနှင့် ဆုံသော်လည်း လူသတ်သမား ဖြစ်မှန်း သူ မသိလိုက်။)

ပထမတွင် ရဲစုံထောက် လက်စတာက မယုံသေး။ နောက်ပိုင်းတွင်မူ ထိုကလေးက သူ ကြုံတွေ့ခဲ့ရပုံများအား ပြောပြသည့်အခါတွင်တော့ အနည်းငယ် ယုံကြည်မှု ရှိသွားသည်။ (ကလေးငယ်က သူ တွေ့ကြုံခဲ့ရပုံကို လက်စတာထံ ပြောပြရာတွင် ရဲက ယုံကြည်မှု မရှိသေးသည်မှာ လော့(စ်)အိန်ဂျလိစ် ရာဇဝင်တွင် ထိုကဲ့သို့သော စိတ္တဇ ဆန်ဆန် ရာဇဝတ်မှုခင်းကြီးမျိုး မရှိသေးသောကြောင့် ဖြစ်သည်။)

ထိုကလေး ပြောပြသည့် နေရာ (သူ့ကို ဖမ်းဆီးရမိသည့် နေရာပင် ဖြစ်သည်) သို့ သွားကာ၊ ကလေးအား ရှာခိုင်းသောအခါ လူသေများ အစုလိုက် အပြုံလိုက် မြှုပ်ထားသော နေရာကို တွေ့ရှိရသည်။ (အလောင်းများမှာ အရိုးပင် ဆွေးနေပြီဖြစ်သည်)။ နောက်တနေ့မှာပင် ထိုသတင်းမှာ သတင်းစာများတွင် ပါရှိလာသည်။

စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် ရောက်ရှိနေသော ခရစ်စတင်းကို ဆေးမသောက်မှု၊ ဖီဆန်မှုများဖြင့် ဆေးရုံအုပ်ကြီးက ရှော့ခ် ရိုက်ခိုင်းချိန်တွင် ဖြစ်သည်။ (ထိုဆေးရုံအုပ်မှာလည်း အလွန်ရက်စက်သော သူ ဖြစ်ပြီး၊ တခါက ခရစ်စတင်းအတွက် ဝင်ရောက်ကူညီပေးသော အမျိုးသမီးတဦးကို ထိုကဲ့သို့ အခန်းနံပါတ် ၁၈ တွင် ရှော့ခ် ရိုက်ခိုင်းဖူးသည်)။ ခရစ်စတင်းအား ရှော့ခ် ရိုက်ခါနီးတွင် သင်းအုပ်ဆရာကြီး ဘရစ်ဂလဘ်က ဆေးရုံအုပ်နှင့် တွေ့ပြီး ခရစ်စတင်းကို လွှတ်ပေးရန်အတွက် ကလေးများ အသတ်ခံရကြောင်း သတင်းပါသည့် သတင်းစာကို ကိုင်ပြီးပြသည့်အခါ ဆေးရုံအုပ်ကြီးလည်း မတတ်သာတော့ဘဲ ခရစ်စတင်းအား လွှတ်ပေးလိုက်ရသည်။

ခရစ်စတင်း အရူးထောင်မှ အိမ်အပြန်၊ လမ်းတွင် သတင်းစာရောင်းနေသော ကလေး၏ ရာဇဝတ်မှုခင်း သတင်းတပုဒ်ကို အော်ပြီး သတင်းစာရောင်းနေသံက သူမ၏ နားထဲတွင် ကမ္ဘာပျက်သကဲ့သို့ ဖြစ်ရပြန်သည်။

သားဖြစ်သူလည်း ဆုံးရှုံး၊ လူလည်း အရူးထောင် အပို့ခံရသည့် ခရစ်စတင်းကို သင်းအုပ်ဆရာကြီးက စောင့်ရှောက်ပေးသည်။ ခရစ်စတင်း၏ လှုံ့ဆော်မှုကြောင့် အရူးထောင်တွင် အပြစ်မရှိဘဲ ဖမ်းချုပ်ထားသော သူများ ပြန်လွှတ်လာကြသည်။ သတင်းစာမှ ကလေးများ အသတ်ခံရသည့် သတင်းကြောင့် (ထိုနေရာတွင် ဒါရိုက်တာက သြဇာတိက္ကမ ရှိသော သတင်းစာမှ သတင်းများကို လူထုယုံကြည်မှု ရှိကြောင်း ထည့်သွင်းပြသထားသည်)။ လူထုက ရဲဌာန၏ လုပ်ရပ်များကို ရှုတ်ချဆန္ဒပြကြသည်။

ရဲဌာနမှ အရာရှိအချို့၏ မသမာသော၊ ဥပဒေနှင့်မညီသော လုပ်ရပ်ကို မြို့တော် ကောင်စီလူကြီးများက ခုံရုံးဖွဲ့ကာ စစ်ဆေးပေးသည်။ ထိုအမှုနှင့် သက်ဆိုင်သောသူများက ရုံးတွင်း ဝင်ရောက်ခွင့်ရှိပြီး၊ အများပြည်သူ နားထောင်နိုင်ရန်အတွက်မူ တရားခွင်အတွင်းမှ အသံများကို အသံချဲ့စက်များဖြင့် မြို့သူမြို့သားများ တိုက်ရိုက်နားဆင်နိုင်ရန် စီစဉ်ပေးထားသည်။ (ကိတ်ဝင်းစလက် အော်စကာဆုရသော The Reader ဇာတ်ကားတွင်လည်း သူမအား အမှုစစ်ဆေးပုံကို အများပြည်သူ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားသည်။)

ဇာတ်လမ်းအဆုံးတွင်တော့ အာဏာရှင်ကြီးများသဖွယ် မတရား ဖိနှိပ်ညှဉ်းပန်းသော လော့(စ်)အိန်ဂျလိစ် ရဲဌာနမှ အကြီးအကဲ ဂျိမ်းဒေးဗစ်နှင့် ရဲမှူး ဂျေ ဂျေ ဂျုံး တို့မှာ ရာထူးမှ ပြုတ်သွားသည်။ ဂျေ ဂျေဂျုးံက တရားခွင်တွင် မြို့တော် ကောင်စီလူကြီးမှ မေးသည့် မေးခွန်းတခုကို သူက ပြန်လည်ဖြေကြားရာ လူတွေကို သူ အပြစ်မရှိဘဲနှင့် ထောင်ထဲ မပို့ကြောင်း အစောင့်အရှောက်များနှင့် ထားရှိခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

ကလေးသူငယ်များကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်သည့် ကနေဒါနိုင်ငံသား ဂေါ်ဒွန်စတီးဝဒ် နော့ကွတ်ကိုလည်း ကနေဒါ ရဲတို့ ဖမ်းဆီးပြီး၊ အမေရိကန်သို့ လွှဲပြောင်းပေးခဲ့သည်။ ဒီဗွန်က ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ကျခံခဲ့ရသည်။ သူ့ကို ကြိုးမိန့်မပေးခင် ခရစ်စတင်းကို တွေ့ဆုံချင်သည် ဆိုသောကြောင့် တွေ့ဆုံခွင့် ပေးခဲ့သည်။ မူမှန်စိတ် မရှိသော နော့ကွတ်က နာမည်ကျော် ဆန်ကွင်တင် ထောင်ထဲတွင် ခရစ်တင်းနှင့် တွေ့ဆုံရာ ကလေးကို သူ မသတ်ကြောင်း ပြောခဲ့သည်။

နှစ် အနည်းငယ် အကြာတွင် ဖမ်းဆီးထားသည့် ကလေးများမှ ထွက်ပြေးလွတ်မြောက်လာသူ တဦးကို စစ်မေးရာတွင် ခရစ်စတင်း၏ သားဖြစ်သူ ဝေါ်လ်တာက သူ့ကို နော့ကွတ် ဖမ်းဆီးထားစဉ် အတောအတွင်း အခြားကလေး ၃ ဦးကို ဦးဆောင်၍ ထွက်ပြေးသွားကြောင်းနှင့် ကလေးငယ်များ ထွက်ပြေးသည့်အခါက သေနတ်နှင့် လိုက်ပစ်ရာ သေသည်ရှင်သည်ကိုမူ သူ မသိကြောင်း ပြောသည်။

ခရစ်စတင်း၏ သားဝေါ်လ်တာအဖြစ် ဟန်ဆောင်ထားသည့် ကလေးမှာလည်း သူ့မိခင်ရင်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။ ထိုကလေး မိဘနှင့် ကွဲကွာနေစဉ် ရဲက ခရစ်စတင်း၏ သားအဖြစ် ဟန်ဆောင်ခိုင်းထားကာ ပြန်ရှာတွေ့ပြီဟု ကြံစည်ထားခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ထိုအမှု ပေါ်ပေါက်ရန် စွမ်းဆောင်ခဲ့သည့် ရဲအရာရှိက “မင်းရဲ့ သားက တကယ် ဂုဏ်ယူစရာ ကောင်းတဲ့ သူပဲ။ မင်း သူ့အတွက် ဂုဏ်ယူနိုင်တာပေါ့” ဟု ပြောရာ ခရစ်စတင်းက သူ့သား ပြန်လာချိန်ကို မျှော်လင့်ချက်ဖြင့် အသက်ရှင် ရတော့မည်သာဖြစ်ကြောင်း ပြန်ပြောပြီး ဒရာမာ ဇာတ်ကားကြီးများ၏ ဇာတ်သိမ်းအတိုင်းသာ ပြီးဆုံးခဲ့သည်။

၁၉၂ဝ ပြည့်လွန်နှစ်များက ကယ်လီဖိုးနီးယား ပြည်နယ်တွင် တကယ် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ဒါရိုက်တာ ကလင့်အိ(စ်)ဝုဒ်က The Changeling ဆိုသည့် အမည်ဖြင့် ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်သည်။ အန်ဂျလီနာ ဂျိုလီက ခရစ်စတင်းအဖြစ် သရုပ်ဆောင်သည်။ ရဲမှူး ဂျေဂျေ ဂျုံးအဖြစ် ဂျက်ဖရီ ဒိုနိုဗန်က သရုပ်ဆောင်သည်။ (ဂျက်ဖရီ ဒိုနိုဗန်၏ သရုပ်ဆောင်မှုက သူ၏ ဇာတ်ရုပ်နှင့် လိုက်ဖက်သည်)။ သင်းအုပ်ဆရာကြီး ဘရစ်ဂလဘ်အဖြစ် ဂျွန်မယ်ကိုဗစ်က သရုပ်ဆောင်သည်။

Mystic River, Million Dollar Baby, Flags of Our Father ဇာတ်ကားများကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ကလင့်အိ(စ)ဝုဒ်က The Changeling ဇာတ်ကားတွင် ဖြစ်ရပ်မှန် ဇတ်လမ်းပေါ် အခြေခံကာ ကလေးသူငယ်များအား ညှဉ်းပန်းနှိပ်စက် အပြစ်ပေးမှု၊ မတရား ဖမ်းဆီးအပြစ်ပေးမှုနှင့် အာဏာကို အလွဲသုံးစား လုပ်မှုများကို တင်ဆက်ပြထားသည်။ နာမည်ကျော် ရာဇဝတ် မှုခင်းကြီးတွင် အဓိက ဇာတ်လိုက်ဖြစ်သည့် လူသတ်ကောင် နော့ကွတ်အကြောင်းကို အဓိက မထားဘဲ ထိုအချိန်က ဥပဒေ ဘက်တော်သားတို့ ဥပဒေ ဘက်တွင် မရှိပုံ၊ လူထုက အမှန်တရားအတွက် တိုက်ပွဲဝင်ရဲပုံ၊ ဖြောင့်မတ်တည်ကြည်သော ပုဂ္ဂိုလ်များကလည်း အမှန်တရားအတွက် ဘာမဆို ဆုံးဖြတ်ရဲကြသည်ကို ဒါရိုက်တာက တင်ပြထားပုံမှာ ထိုဇာတ်ကား၏ စွဲဆောင်နိုင်ဖွယ်ရာ အချက် ဖြစ်ခဲ့သည်။