The Curious Case of Binjamin Button (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း
ဘရက်ပစ်နှင့် ကိတ်ဘလွန်ရှေးတို့ သရုပ်ဆောင်ထားသည့် The Curious Case of Benjamin Button ဆိုသည့် ဇာတ်ကားမှာ ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲတွင် ဆုပေါင်း ၁၃ ဆု လျာထားခံရပြီး၊ ဆု ၃ ဆု ဆွတ်ခူးခဲ့သည်။ ရုပ်ရှင်ဝေဖန်ရေး ဆရာတို့ကမူ သာမန် ရုပ်ရှင်ဝါသနာအိုးများ အကြိုက်ဖြစ်သည့် Slumdog Millionaire ဇာတ်ကားနှင့်သာ Benjamin Button ဇာတ်ကားက မယှဉ်ပြိုင်ရဘူးဆိုပါက ထိုဇာတ်ကားသည် အနည်းဆုံး ၅ ဆုထက်မနည်း ဆွတ်ခူးနိုင်သည်ဟု ရေးကြကုန်သည်။

ဝါရင့်ရုပ်ရှင်ကြည့် ပရိသတ်များအကြိုက်ဖြစ်သည့် ဘင်ဂျမင်ဘတ်တွန် ဇာတ်ကားမှာ နားလည်ရခက်သည့် ပဟေဋိတခုလို ဖြစ်နေသော်လည်း ၂၀၀၇ ခုနှစ်က အော်စကာဆု ၀င်ခဲ့သည့် Babel ဇာတ်ကားတွင် အတွဲညီခဲ့သော ကိတ်ဘလွန်ရှေးနှင့် ဘရက်ပစ်တို့ အတူတကွ ပြန်လည်သရုပ်ဆောင်ထားသည်။

The Curious Case of Binjamin Buttonထိုဇာတ်ကားတွင် ဘင်ဂျမင်ဘတ်တွန်အဖြစ် သရုပ်ဆောင်သော ဘရက်ပစ်၏ သရုပ်ဆောင်မှုမှာ ကောင်းသော်လည်း Milk ဇတ်ကားတွင် Harvey Milk အဖြစ် သရုပ်ဆောင်သော ရှောင်ပန်းက ဆုရသွားခဲ့သည်။

ဘင်ဂျမင်ဘတ်တွန် ဇာတ်ကားကို Fight Club , Seven ဇာတ်ကားများကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ဒေးဗစ်ဖင်ချာက ရိုက်ကူးထားသည်။

၂၀၀၅ ခုနှစ် နယူးအော်လန်းတွင် ကထရီနာ အမည်ရှိ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်စဉ်က ဖြစ်သည်။ အသက် ၈၀ ကျော် အဖွားအိုကြီး ဒေစီက သမီး ကယ်ရိုလင်းအား နယူးအော်လန်း ဘူတာရုံရှိ မျက်မမြင် နာရီပြင်ဆရာ ဂေတို ၏ ဘ၀ဇာတ်လမ်းကို ပြောပြနေသည်။ ဂေတိုတွင် သားတဦးရှိပြီး၊ ပထမကမ္ဘာစစ်အတွင်း သူ့သား ဆုံးပါးသွားသည်ကို ကြားပြီးကတတည်းက သူ၏ နာရီများကို နောက်ပြန်သွားရန်သာ တီထွင်တော့သည့် အကြောင်း၊ ထိုကဲ့သို့ နောက်ပြန်သွားရန်အတွက် တီထွင်ရခြင်းမှာလည်း သားဖြစ်သူနှင့် သူ ပြန်လည်ဆုံစည်းချင်သည့် ဆန္ဒကြောင့်ဖြစ်ကြောင်း သမီးကို ပြောပြသည်။

ဒီအကြောင်း ပြောပြီးနောက် ဒိုင်ယာရီနှင့် ပို့စကဒ်များမှ ဘင်ဂျမင်ဘတ်တွန် အကြောင်းကို ဖတ်ပေးရန် သမီးကို တောင်းဆိုလေသည်။ ဘင်ဂျမင်ဘတ်တွန် ဖြစ်လာမည့် ကလေးငယ်ကို ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နယူးအော်လန်း၌ မွေးဖွားခဲ့သည်။ မွေးကင်းစ ကလေးအရွယ် ခန္ဓာကိုယ်ဖြစ်သော ဘင်ဂျမင်ကို မွေးဖွားခဲ့သော်လည်း ရုပ်ရည်ရူပကာကမူ အသက် ၈၀ ကျော် အဖိုးကြီးအရွယ်ဖြစ်သည်။ သူ့ကို မွေးဖွားချိန်က ပထမကမ္ဘာစစ်ပြီးချိန်တွင် ဖြစ်သည်။ သူ့ကို မွေးပြီး မကြာမီ မိခင် သေဆုံးသွားခဲ့ပြီး၊ ဖခင် သောမတ်ဘတ်တွန်က သူ့ကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ လှေကားတွင် လာစွန့်ပစ်သွားခဲ့သည်။ အဖိုးကြီးအို မျက်နှာပေါက်နှင့် ထိုကလေးငယ်ကို ဂေဟာတွင် အလုပ်လုပ်နေသော တစ်ဇီနှင့် ကွင်နီတို့က တွေ့ရှိပြီး မွေးစားထားသည်။ တစ်ဇီက ကလေးမျက်နှာမဟုတ်သော ထိုကလေးကို မွေးချင်စိတ် မရှိသော်လည်း ကွင်နီက သူ့ဆန္ဒကို ဆန့်ကျင်ကာ ကလေးကို ဘင်ဂျမင်ဟု အမည်ပေးကာ မွေးစားလိုက်လေသည်။

၁၉၃၀ ခုနှစ်တွင် အသက် ၇၀ အရွယ် အဖိုးကြီးတဦးလို ပုံပေါက်နေသော သူ့ကို လူ့သိုင်းအ၀ိုင်းက အထင်သေးစွာ မကောင်းဆိုးရွားတကောင်လို ဆက်ဆံသော်လည်း သူ့မွေးစားမိခင်က သူ့ကို အကောင်းဆုံးဖြစ်အောင် အမြဲစောင့်ရှောက်ပေးသည်။

The Curious Case of Binjamin Buttonတနေ့ ထိုဂေဟာတွင် နေထိုင်သော အဘွားအိုတဦးက သူ့မြေးမလေး ဒေစီနှင့် မိတ်ဆက်ပေးသည်။ ထိုအချိန်မှစတင်ကာ ထိုကောင်မလေးနှင့် သူ ခင်မင်ရင်းနှီးသွားသည်။ အဘွားကြီးပြောပြသော ပုံပြင်များကို ကောင်မလေး၏ သူငယ်ချင်းများနှင့်အတူ နားထောင်ကြသည်။ ကလေးတွေနှင့်အတူ ကလေးတဦးလိုပင် ဘင်ဂျမင် ဆော့ချင်သော်လည်း သူ၏ ခန္ဓာကိုယ် အနေအထားက ကလေးတဦးလို မသန်၊ အမြဲတမ်း လက်တွန်းလှည်းဖြင့် အဖိုးကြီးတဦးလို သွားလာနေရသည်။ (လူကြီးအရွယ် ကလေးဘ၀က သူ မသန်သော်လည်း ကလေးအရွယ်လူကြီးဘ၀တွင်မူ ဘင်ဂျမင် သွက်လက်မှု ရှိသည်ကို ဒါရိုက်တာက ရိုက်ပြနိုင်ခဲ့သည်)။ ကလေးတဦးသာ ဖြစ်သော်လည်း အဖိုကြီးပုံ ပေါက်နေသည့် သူ့ကို ဂေဟာသို့လာသည့် လူတချို့က သက်ကြီးရွယ်အိုတဦးလို သဘောထားကြရာ ကြာတော့ သူ့တွင် ထိုသို့သော အပြုအမူများအတွက် ခံနိုင်ရည်အား မရှိတာ့။ နှစ်များစွာ ကြာလာသည့်အခါ သူ့စိတ်များက အဝေးဆုံးကိုသာ ထွက်ပြေးသွားချင်ခဲ့သည်။

တနေ့ သူနှင့် ခင်မင်သော နယူးအော်လန်းရှိ သင်္ဘောကပ္ပတိန် မိုက်နှင့် ဘားတခုသို့သွားရာ သူ၏ ဖခင်အရင်းနှင့် ပြန်တွေ့ရသည်။ သောမတ်ဘတ်တွန်က သူသည် ဖခင်အရင်းဖြစ်ကြောင်း ၀န်ခံပြောကြားခြင်း မပြုခဲ့။

သူ တဖြည်းဖြည်း အရွယ်ရောက်လာကာ ဒုတိယကမ္ဘာစစ် မဖြစ်ခင် သူ့အသက် ၂၀ ကျော် (တဖြည်းဖြည်း ငယ်ငယ် သွားသဖြင့် နှစ် ၆၀ ကျော်ခန့်တွင်) ကပ္ပတိန်မိုက်တို့၏ သင်္ဘောဖြင့် ပင်လယ်ရေကြောင်းခရီးကို လိုက်ပါသွားခဲ့သည်။

ထိုသင်္ဘောဖြင့် ဘင်ဂျမင်မှာ အင်္ဂလန်၊ ပြင်သစ် ဥရောပနိုင်ငံများထိ ခရီးပေါက်ခဲ့သည်။ ရောက်သည့် နေရာတိုင်းတွင်လည်း စာရေးပြီး ဒေစီ ကို အမှတ်တရ ပို့စကဒ်များ ပို့ခဲ့သည်။

ရုရှားတွင် ရောက်နေစဉ် ဗြိတိသျှ အမျိုးသမီးလေး အဲလိဇဘက် အဘော့နှင့် ချစ်ကြိုးသွယ်ခဲ့ကြသည်။ ဒေစီက ထိုသတင်းကြားသောအခါ စိတ်ထိခိုက်ရသည်။ အဲလိဇဘက်မှာ အိမ်ထောင်ရှိသူတဦးလည်းဖြစ်သည်။ ပုလဲဆိပ်ကမ်းကို ဂျာမန်တို့ ဗုံးကြဲသောအခါ အဲလိဇဘက်နှင့် ဘင်ဂျမင့်၏ အချစ်ဇာတ်လမ်းလည်း တခန်းရပ်ခဲ့ကြရသည်။

တကြိမ်တွင် ဘင်ဂျမင်တို့၏ သင်္ဘောကို ဒုတိယကမ္ဘာစစ်အတွင်း ဂျာမာန်ယူဘုတ်နှင့် အဆက်သွယ်ရှိသည်ဟု အကြောင်းပြချက်ဖြင့် အမေရိကန် ရေတပ်က ဖမ်းဆီးခဲ့ပြီး၊ နောက် ဘင်ဂျမင်လည်း သူ့ဖခင်အရင်းနှင့် တခါပြန်တွေ့ခဲ့ပြန်သည်။

ဒီတကြိမ်တွင် သောမတ်ဘတ်တွန်က သူပိုင်ဆိုင်မှုများနှင့် ကြယ်သီးထုတ် စက်ရုံတို့ကို ဘင်ဂျမင်အား အမွေပေးခဲ့သည်။ သူ့ဖခင် မသေခင်အထိ ဘင်ဂျမင်က ဖခင်နှင့်သာ အတူနေထိုင်ခဲ့သည်။

ဖခင် သေဆုံးပြီးနောက် နယူးအော်လန်းသို့ ပြန်လာပြီး ဒေစီ အကြောင်းကို စုံစမ်းရာ သူမမှာ နယူးယောက်တွင် အောင်မြင်သော ကချေသည်တဦးဖြစ်နေကြောင်း စုံစမ်းသိရှိရသည့်အခါ သူသည် နယူးယောက်သို့ လိုက်သွားသည်။

ဒေစီက သူလိုပင် အကပညာရှင်တဦးဖြစ်သူနှင့် ချစ်ကျွမ်းဝင်နေပြီဟု သိရသည့်အခါ သူမ၏ အချစ်ကို ဘင်ဂျမင် ငံ့လင့်ရန့် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။ သို့သော် ဇွဲကား မလျှော့။

ပါရီတွင် ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကချေသည်ဘ၀ကို စွန့်လွှတ်လိုက်ရသည့် ဒေစီကို ဘင်ဂျမင်က လာတွေ့သည်။ တဖြည်းဖြည်း လူလတ်ပိုင်းရုပ်အသွင် ဖြစ်လာသည့် ဘင်ဂျမင်ကို ဒေစီက ချက်ချင်း မမှတ်မိသော်လည်း ခြေထောက်ဒဏ်ရာကြောင့် သူမ၏ အောင်မြင်သော ကချေသည် အိပ်မက်ကို စွန့်လွှတ်လိုက်ရသည့်အတွက် ဘင်ဂျမင်ကို သူမနှင့် ဝေးဝေးနေရန်သာ ပြန်လည်တုံ့ပြန်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဒေစ်ီသည် နယူးအော်လန်းသို့ ပြန်လာပြီး ဘင်ဂျမင်နှင့် တွေ့ဆုံသည်။ ထိုအချိန်တွင် သူတို့မှာ သက်တူရွယ်တူများ ဖြစ်နေကြသည်။ အနှစ်နှစ်အလလက စောင့်စားခဲ့ရသည့် သူတို့၏ အိပ်မက်များမှာ ယခုမှ လက်တွေ့ဖြစ်လာခဲ့သည်။ သူတို့သည် အတူနေကြပြီးနောက် ကယ်ရိုလင်းအမည်ရှိ သမီးလေးကို မွေးခဲ့သည်။ တဖြည်းဖြည်း ငယ်ရွယ်နုပျိုလာသည့် ဘင်ဂျမင်မှာ သူ့ကြောင့် သမီးလေးအရှက်ရမည်ကို စိုးရိမ်ကာ ဖခင်အဖြစ် မခံထိုက်ဟု ဆုံးဖြတ်ပြီး၊ ဒေစီတို့သားအမိနှင့်ခွဲ၍ ကမ္ဘာအနှံ့ ခရီးထွက်လေသည်။

ကယ်ရိုလင်းက ဒေစီိကို ဒိုင်ယာရီဖတ်ပြနေရင်း သူမ မွေးနေ့ရောက်တိုင်း ပို့စကဒ် မှန်မှန်ပို့နေသော သူမှာ သူမ၏ ဖခင်ဖြစ်ကြောင်း သိသွားသည်။ မိခင်ကိုလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ် လုပ်ထားသောကြောင့် စိတ်ထိခိုက်ရသည်။

၁၉၈၀ ခုနှစ်တွင် ဘင်ဂျမင်က ဒေစီတို့ဆီ တခါပြန်လာခဲ့သည်။ ထိုအချိန်တွင် ဘင်ဂျမင်က အသက် ၂၀ ကျော် လူငယ်လေးတဦး၏ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသည်။ အသက်အရွယ် အိုမင်းပြီဖြစ်သော ဒေစီကတော့ သူ လက်ထပ်ထားသည့် ခင်ပွန်းဖြစ်သူ ရောဘတ်နှင့် မိတ်ဆက်ပေးခဲ့သည်။ (ဘင်ဂျမင် အိမ်က ထွက်သွားပြီးကတည်းက ရောဘတ်မှာ ဒေစီတို့ကို ကူညီစောင့်ရှောက်ခဲ့သူဖြစ်သည်)။ ဘင်ဂျမင်၏ ရုပ်ရည်နှင့် မလိုက်ဖက်အောင် ဒေစီက အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း သူတည်းခိုရာ ဟိုတယ်သို့ လိုက်သွားပြီး ရှေးဟောင်းနှောင်းဖြစ် အချစ်ဇာတ်လမ်းများကို စားမြုံ့ပြန်ခဲ့ကြသည်။

ဒေစီ၏ ရုပ်ရည်နှင့် မလိုက်အောင်ပင် တဖြည်းဖြည်း ငယ်ရွယ်လာသော ဘင်ဂျမင်မှာ ဒီတခါ ဒေစီကို အပြီးအပိုင် စွန့်ခွာတော့မည်ဟု ဆုံးဖြတ်ပြီး အိမ်မှ ထွက်ခွာခဲ့သည်။

ထိုသို့ ဘင်ဂျမင် ထွက်ခွာသွားပြီးနောက် နှစ်ပေါင်းများစွာ ကြာပြီး၊ တနေ့တွင် လူမှုရေးအကူအညီပေးရေး လုပ်သားတဦးက သူမကို ဖုန်းဆက်သည်။ သူမနာမည်ပါသော ဒိုင်ယာရီကို ကိုင်ထားသည့် ကလေးလေးကို တိုက်ပျက်ကြီးတခုတွင် တွေ့သည်ဆိုသော သတင်းဖြစ်သည်။

သက်တူဖြစ်သော်လည်း ရွယ်တူမဟုတ်သော သူတို့နှစ်ဦး၏ ဘ၀နေ၀င်ချိန်သည် ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အပြည့်ဖြစ်သည်။ (အဖွားအိုတဦးက ရင်ခွင်ပိုက် ချစ်ရသူကလေးကို တစိမ့်စိမ့် ချစ်နေရပုံကို ဒါရိုက်တာက ဆွေးမြေ့လွမ်းမောစရာဖြစ်အောင် ရိုက်ပြနိုင်ခဲ့သည်)။

၂၀၀၃ ခုနှစ်တွင် အသက် ၈၅ နှစ်ရှိပြီဖြစ်သော မွေးကင်းစ ကလေးအရွယ် ဘင်ဂျမင်ဘတ်တွန်မှာ ဒေစီ လက်ပေါ်တွင် သေဆုံးသွားခဲ့သည်။ နောက် ၂ နှစ် ကြာသောအခါ နယူးအော်လန်းတွင် ဟာရီကိန်းကာထရီနာ မုန်တိုင်းတိုက်ခတ်သဖြင့် တမြို့လုံး အရေးပေါ် အခြေအနေ ကြေညာထားရသည်။ မုန်တိုင်း ၀င်လာသောအခါ လျှပ်စစ်မီးများက ဆေးရုံရှိ လျှပ်စစ်မီးများလည်း ငြိမ်းသွားသည်။

တမြို့လုံးတွင်လည်း အရေးပေါ် ဥသြဆွဲသံများက ဆူညံနေသည်။ မုန်တိုင်းကြောင့် အိပ်တန်းမပြန်နိုင်ဖြစ်နေသော ၀တ်ရည်စုပ်ငှက်ကလေးမှာ ဆေးရုံရှိ ဒေစီ၏ ပြူတင်းပေါက်သို့ လာနားသည်။ ကယ်ရိုလင်းက ဆေးရုံအခန်းအပြင်ဘက် ထွက်သွားပြီးနောက် ဒေစီလည်း လူ့လောကကြီးမှ အပြီးအပိုင် ထွက်သွားတော့သည်။

ဘင်ဂျမင်ဘတ်တွန်အဖြစ် ဘရက်ပစ်၊ ဒေစီအဖြစ် ကိတ်ဘလွန်ရှေး၊ ၁၂ နှစ်အရွယ် ဘင်ဂျမင်ဘတ်တွန်အဖြစ် ကလေးသရုပ်ဆောင် စပင်ဆာဒယ်နီယလ်က သရုပ်ဆောင်ထားကြသည်။ ဒေစီ ၆ နှစ်သမီးအရွယ် ဘ၀ကို အယ်လီဖန်နင်း၊ ၁၁ နှစ်အရွယ်ကို ကလေးသရုပ်ဆောင် မာဒီဆန် ဘီတီ၊ ဘင်ဂျမင်၏ မွေးစားမိခင် ကွီနီအဖြစ် ထရာဂျီပီဟန်ဆန်က သရုပ်ဆောင်သည်။ (ထိုဇာတ်ကားဖြင့် သူမမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု လျာထားခံရသည်)။ ၁၉၂၁ ခုနှစ်တွင် စာရေးဆရာ F Scot Fitzgerald ၏ The Curious Case of Bejamin Button ဆိုသည့် ၀ထ္တုတိုကို ထိုနာမည်ဖြင့်ပင် ရုပ်ရှင်ပြန်ရိုက်ခြင်းဖြစ်သည်။

ဘရက်ပစ် မွေးကင်းစ အဖိုးကြီးဘ၀ကို ကွန်ပြူတာ အထူးပြုလုပ်ချက် CGI (Computer Generated Image) များဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး၊ တခြားအရွယ်များကို မိတ်ကပ်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ အကောင်းဆုံး မိတ်ကပ်ဆုနှင့် အမြင်ဆိုင်ရာ အထူးပြုလုပ်ချက်ဆု ရရှိသည်။ မိတ်ကပ်ဆရာမှာ Greg Canon ဖြစ်သည်။ အော်စကာ ၈ ကြိမ် လျာထားခံရပြီး ဆု ၄ ဆု ဆွတ်ခူးခဲ့ပြီးဖြစ်သည်။