၂၀၁၀ ရွေးကောက်ပွဲ နှင့် ကျနော် ၏ အမြင်(အတွေးအမြင်)

၂၀၁၀ ရွေးကောက်ပွဲ နှင့် ကျနော် ၏ အမြင်

ကျော်လင်းဦး

၂၀၁၀ ရွေးကောက်ပွဲနားကို ချည်းကပ်လာတာနဲ့အမျှ ပြည်တွင်းပြည်ပ အသံမျိုးဆုံးထွက်လာပါတယ်။ ရွေးကောက်ပွဲ ကို ထောက်ခံတယ်၊ မခံဘူး၊ ရွေးကောက်ပွဲမှာ ၀င်သင့်တယ်၊ မ၀င်သင့်ဘူး၊ ရွေးကောက်ပွဲဟာ တရားဝင်တယ်၊ မ၀င် ဘူး စသည်အားဖြင့် ငြင်းခုံနေတာတွေကြားနေရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးယင် ပေါ်ပေါက်လာမယ့် အစိုးရ အသစ်အတွက်တော့ အမြင်သဘောထားတွေ နည်းလွန်းပါသေးတယ်။ လက်ရှိ နိုင်ငံရေးပြဿနာတွေဟာ နိုင်ငံရေးမှာ စစ်တပ် ပါဝင်ခြင်း မပါဝင်ခြင်းပြဿနာထက် တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုနောက်ကျနေရတဲ့ အဓိကပြဿနာသာဖြစ်ပါတယ်။

တိုင်းပြည်ဟာ နှစ်ပေါင်းငါးဆယ် နီးပါး ဖွံ့ဖြိုးမှုနောက်ကျနေရတာဟာ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ပြီး စစ်အာဏာ ရှင်စနစ်ကနေ ကျော်လွန်သွားယင် တိုင်းပြည်ဖွံ့ဖြိုးသွားမယ်လို့ ခပ်လွယ်လွယ်တွေးမယ်ဆိုယင်လဲ တွေးလို့ရပါတယ်။ ဒါပေမယ့် ၂၀၁၀အလွန် အစိုးရသစ်မှာ ဘယ်သူတွေက အဓိကနေရာက ပါဝင်လာမလဲဆိုတာဟာ အဓိကကျပါတယ်။ ဒါကြောင့် အာစီယံအပါအ၀င် နိုင်ငံတကာမိသားစုက ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရှိရေးကို တစိုက်မတ်မတ်ပြော နေတာပါ။ သူတို့ရဲ့အမြင်အရ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးသမားအားလုံးပါဝင်ယှဉ် ပြိုင်နိုင်ယင် ပြည်သူလူထုက သူတို့ကြိုက်တဲ့သူကို မဲပေးရွေးလိမ့်မယ် လို့တွက်ထားပါတယ်။

ဒါပေမယ့် မြန်မာ့နိုင်ငံရေးပြဿနာဟာ အာဏာပြဿနာဖြစ်တာကြောင့် ရွေးကောက်ပွဲပြီးယင် ဘယ်သူတွေအာဏာ ရလာမလဲ ဆိုတာ စစ်အုပ်စုအတွက် အရေးကြီးပါတယ်။ သူတို့အတွက်တော့ သူတို့ကိုယ်တိုင် အစိုးရတက်မလုပ် တောင်မှ စစ်အုပ်စုရဲ့အကျိုးစီးပွားကို ပြဿနာမရှာမယ့်သူတွေကိုသာ အစိုးရဖြစ်စေချင်ပါတယ်။ ဒါကြောင့်ရွေး ကောက်ပွဲကို NLD အပါအ၀င်ပြည်တွင်း ပြည်ပ အတိုက်အခံတွေကို ရွေးကောက်ပွဲဝင်ကြဖို့ ဦးရဲထွန်းတို့၊ ဆရာကျော် ၀င်း တို့ကနေ တဆင့်လေသံပစ်နေပေမယ့် နအဖ ကိုယ်တိုင် ဘယ်သူ့မှ တရားဝင် မခေါ်သေးပါဘူး။ သဘောက တော့ ‘မင်းတို့စိတ်နဲ့ မင်းတို့ ခုချိန်မှာ ကိုယ်သဘောနဲ့ လာချင်လာ၊ ငါကတော့ မခေါ်သေးဘူး´ ဆိုတာပါပဲ။ ဒါ ကြောင့်လဲ ရွေးကောက်ပွဲ ဥပဒေကို မဆွဲသေးတာပါ။ ရွေးကောက်ပွဲမှာ သူတို့ မယုံကြည်တဲ့သူတွေပါလာယင် တင်း ကျပ်တဲ့ ဥပဒေကို ထုတ်ပြန်ပြီး မဲဆွယ်သူတွေကို အကျပ်ကိုင်မယ်၊ အဲလိုမှမပါဘူးဆိုယင်တော့ လျော့လျော့ပေါ့ပေါ့ ထုတ်ပြန်ပြီး နိုင်ငံတကာကို လွတ်လပ်စွာပါဝင် ယှဉ်ပြိုင်ခွင့်ပေးတဲ့အကြောင့် လှည့်ပြောမယ်။ ဒါပါပဲ။

နအဖ ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကိုပါ အသုံးချပြီး KNU နဲ့ SSA တောင်ပိုင်းကိုပါ လက်နက်ချပြီးရွေး ကောက်ပွဲဝင်ဖို့ တိုက်တွန်းပေးရန် လှည့်ပြောလိုက်ပါသေးတယ်။ ဒါပေမယ့် နအဖ ကိုယ်တိုင် သူတို့ကို ဒီနေ့ဒီအချိန်အ ထိ တိုက်ရိုက် မဆက်သွယ်သေးပါဘူး။ ဒါကြောင့် နအဖ ဟာ ကိုယ့်သဘောအရ ၀င်လာမယ့်သူတွေကိုပဲ စီစစ်လက်ခံ မယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ တရားဝင် မဖိတ်ခေါ်သေးဘူးဆိုတာ ရှင်းနေပါတယ်။

နအဖ လိုပဲ အတိုက်အခံဘက်မှာလဲ အကြပ်အတည်းနဲ့ ကြုံနေရပါတယ်။ နအဖ ဘက်က နိုင်ငံရေးတိုးတက်မှုတစုံ တရာမရှိ ရွေးကောက်ပွဲဝင်ချင်ယင်တောင်မှ စွပ်ဝင်လို့မဖြစ်ပါဘူး။ ဒီလိုအမှားမျိုး ၉၀ တုန်းကလဲ ခံရပြီးပါပြီ။ ဒါကြောင့် နအဖကိုယ်တိုင် တရားဝင်မပြောသရွေ့ ကြားကနေ တာဝန်မရှိသူတွေပြောနေတာကိုနားထောင်ပြီး တုန့်ပြန်ဖို့အတိုက် အခံအင်အားစု တွေဘက်မှာ ခက်ပါတယ်။ နအဖကလဲ အတိုက်အခံတွေကို ဖိတ်ခေါ်လိုဟန်၊ ရွေးကောက်ပွဲမှာ ပါဝင် စေလိုဟန်လည်း မတွေ့ရသေးပါဘူး။

ဒါဆိုယင် လက်ရှိစစ်ဗိုလ်ချုပ်ကြီးများနဲ့ ရွေးကောက်ပွဲဝင်မယ့် အရပ်သား နိုင်ငံရေးသမားတွေကရော တိုင်းပြည် တည်ဆောက်ရေးအတွက် ဘယ်လောက်ထိ အားကိုးရမလဲဆိုတာကလည်း သံသယဖြစ်စရာပါ။ စီမံခန့်ခွဲရေးညံ့ဖျင်း လှပြီး လူထုစည်းရုံးရေးလဲမကျွမ်းကျင်တဲ့ နအဖ ၀န်ကြီးများနဲ့ စစ်ဗိုလ်ချုပ်ကြီးများက အရပ်သားနိုင်ငံရေးသမားများ အဖြစ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လောက်ထိများ စွမ်းဆောင်နိုင်ပါ့မလဲ။ ဒါ့အပြင် နိုင်ငံတကာအသိအမြင် နဲ့ ဗဟုသုတ နုံ့နည်းလှတဲ့ ကိုအေးလွင်တို့၊ ဦးသုဝေ တို့လို ပုဂ္ဂိုလ်မျိုးတွေ ကရော ဘယ်လောက်ထိများ အောင်မြင်တဲ့ အစိုးရတစ်ရပ်ကို ဦးဆောင်နိုင်မှာလဲ။ ရွေးကောက်ပွဲမှာ မဲထည့်မယ့် ပြည်သူလူထုကအတွက်ကတော့ သေသေချာချာ ကျကျနန စဉ်းစားရတော့မယ့် ကိစ္စပါ။

ရွေးကောက်ပွဲအပြီးတက်လာမယ့်အစိုးရတရပ်တစ်ရပ်ဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပက အတတ်ပညာရှင်၊ အသိပညာရှင်တွေလိုပါတယ်။ အဲဒီအတတ်ပညာရှင်၊ အသိပညာရှင်များကလည်း သူတို့ ရဲ့ ဘ၀လုံခြုံရေးကို အာမခံပေးနိုင်မယ့် နိုင်ငံရေးစနစ်တစ်ရပ်လိုပါတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီးများက လာမယ့်ရွေး ကောက်ပွဲမှာ နိုင်ငံရေးသမားတိုင်းပါဝင်နိုင်အောင် စွဲဆောင်စည်းရုံးဖိတ်ခေါ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ယင်တော့ ညံ့ ဖျင်းလှတဲ့ စစ်ဗိုလ်ချုပ်ကြီးများနဲ့ နုံနည်းလှတဲ့ အရပ်သားနိုင်ငံရေးသမားများ ဦးဆောင်မယ့် အစိုးရအဖွဲ့ဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုမှ စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။

ကျော်လင်းဦး သည် ယခင်အပတ် က အွန်လိုင်းမီဒီယာများတွင် ပွက်လော ရိုက်ခဲ့သည့် ဆရာကျော်ဝင်း၏ “မြန်မာနိုင်ငံရေးအတွက် အရေးကြီးသော အချက်များဆို “သည့် စာတမ်းကို ဘာသာပြန်သူတစ် ဦးဖြစ်ပါသည်။
ဆရာ ကျော်ဝင်း ကမူ သူရေး တာမဟုတ် ဟု ယခုတစ်ပတ် ထုတ် The Voice ဂျာနယ်တွင် ပြန်လည် ရှင်းလင်းရာမှ
အချို့ ဘလောက် များတွင် ဆရာ ကျော်ဝင်း ပြောဟော ရေးသားခဲ့သမျှ ကို   နေမျိုးဝေ ပိတောက်မြေ အစရှိသည့် ဘလောက်များမှ ကူးယူ ၍ ကို စုံစေ့အောင် တင်ထား ခြင်းများရှိလာခဲ့သည်။အထူးသဖြင့် ငါးလုပ်ငန်းဦးစီး ဌာန တွင် ဆရာကျော်ဝင်း ပြောဟောခဲ့သမျှ ကို တင်ဆက်ထားသည့် နေမျိုးဝေ ဘလောက်မှာ ကူးယူဖေါ်ပြထားကြသည်။

ယခု ဆောင်းပါးရှင် ကျော်လင်းဦး ၏ ဆောင်းပါးမှာလည်း ဆင်ခြင်သုံးသပ် နိုင်ရန် နှင့် ဝေဖန်ပိုင်းခြားနိုင် ရန် Freedom News Group မှ တင်ဆက် ပေးထားခြင်းဖြစ်သည်။