သတင်းထောက်၊ ဘလော့ဂါနှင့် နိုင်ငံရေးသမား

ငြိမ်းချမ်းငြိမ်း

စတီဖင် ကောလင်းသည် အောက်လွှတ်တော် အမတ်တဦးဖြစ်ပြီး၊ သူ၏ ပါတီတွင်းမှာလည်း အနာဂတ် ခေါင်းဆောင်တဦးအဖြစ် ထင်ရှားသူ ဖြစ်သည်။ လွှတ်တော်၏ နိုင်ငံရပ်ခြား စစ်ရေးအသုံးစရိတ် ကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲအတွက် သမတလောင်းအဖြစ် ပါဝင်အရွေးခံမည်ဟု နာမည်ကြီးနေသူဖြစ်ရာ သူ့ကို အားလုံးက စိတ်ဝင်စားနေကြသည်။

State_of_Play_theatrical_posterကယ် မက်ကာဖေးမှာ Washington Globe သတင်းစာမှ သတင်းထောက် ဖြစ်သည်။ နိုင်ငံရေးနှင့် ပတ်သက်သည့် စုံစမ်းထောက်လှမ်း သတင်းတင်ပြမှုတွင် တိကျသေချာမှုဖြင့် ပြီးပြည့်စုံအောင် တင်ပြနိုင်သော်လည်း ရှေးဆန်လွန်းပြီး နည်းပညာကမ္ဘာတွင် ဘေးထွက်တဦး ဖြစ်သည်။ ဘလော့ဂ်ဂါများကို အလွန်မုန်းပြီး (တခါတရံတွင် ဘလော့သတင်းများကို သူ့သတင်းရင်းမြစ်များအတွက် အသုံးပြုသည်)၊ အင်တာနက်မှ သတင်းများကို လူအများ စိတ်ဝင်စားနေမှုကို မကြိုက်သူ ဖြစ်သည်။

ကယ် မရွန်လင်းက Washington Globe သတင်းစာ၏ အယ်ဒီတာ ဖြစ်သည်။ သတင်းအတွက် မည်သူကိုမှ ငဲ့ကွက်မှုမရှိဘဲ ဖော်ပြသူဖြစ်သည်။ သတင်းတန်ဖိုးကို နားလည်သူဖြစ်ပြီး သတင်းလောဘကြီးသူ ဖြစ်သည်။ သူ့သတင်းစာမှ သတင်းများမှာ ခိုင်မာတိကျမှုအပေါ် အခြေခံထားသည်။

ဒယ်လာဖရေးက နာမည်ကျော် ဘလော့ဂ်ဂါမလေး ဖြစ်သည်။ နိုင်ငံရေးနှင့် သက်ဆိုင်သည့် သတင်းများကို ဦးစားပေး၍ သူမ၏ Washington Globe ဘလော့တွင် တင်ဆက်သည်။ ဒယ်လာဖရေး၏ သတင်းတင်ဆက်မှု ပုံစံမှာ အတွေးဟောင်းရှိသော ဂျာနယ်လစ်များအတွက် စိန်ခေါ်မှုတခုလို ဖြစ်နေသည်။ ပညာတတ် ဘွဲ့ရတဦး ဖြစ်ကာ၊ နိုင်ငံရေး လောကထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသူ ဖြစ်သည်။

တနေ့တွင် စတီဖင် ကောလင်း၏ သုတေသန အကူအဖြစ် တာဝန်ထမ်းဆောင်နေသော အလုပ်ကူ မိန်းကလေးတဦး ဆိုနီယာ ဘေကာမှာ မြေအောက် မီးရထားဘူတာရုံတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရာမှ ထို မိန်းကလေး သေဆုံးမှုကို အားလုံးက စိတ်ဝင်စားလာကြသည်။ ဆိုနီယာ ဘေကာ ကဲ့သို့ပင် တဖက်ပိတ် လမ်းတခုအနီးတွင်လည်း လူငယ်တဦး သေဆုံးနေသည်။

Washington Globe သတင်းစာမှ အယ်ဒီတာ ကယ် မရွန်လင်းကလည်း ထို သေဆုံးရသည့် မိန်းကလေး၏ သတင်းကို အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် သတင်းထောက် မက်ကာဖေးကို တာဝန်ပေးသည်။ မက်ကာဖေးနှင့် ကွန်ဂရက်အမတ် ကောလင်းမှာ တက္ကသိုလ်တွင် သူငယ်ချင်းများ ဖြစ်သည်။

ဘလော့ဂ်ဂါမလေး ဒယ်လာဖရေးမှာလည်း ထိုသတင်းကို စုံစမ်းရန်အတွက် သီးခြား တာဝန်ပေးခြင်းခံရပြီး သတင်းထောက် မက်ကာဖေးထက် ထိုသတင်းအပေါ် ပို၍ စိတ်အားထက်သန်မှု ရှိသည်။ ဆိုနီယာ ဘေကာ သေဆုံးသည့် သတင်းကို ရုပ်သံဌာနများက လွှင့်ထုတ်နေသောကြောင့် အားလုံးက စိတ်ဝင်စားသော်လည်း နိုင်ငံရေး မျက်နှာကြီးများ နေထိုင်သော ဝါရှင်တန်တွင် ထိုအမှု၏ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စွမ်းဆောင်မည့်သူ နည်းလှသည်။

State_of_Play_theatrical_posterတဖက်တွင်လည်း အပြိုင်အဆိုင် ပြင်းထန်လှသည့် အမေရိကန် သတင်းမီဒီယာ လောကတွင် ဂျာနယ်များမှာ သတင်းဦး သတင်းထူးများ ထည့်ပြီး စောင်ရေတက်အောင် အပြိုင်အဆိုင် ကြိုးစားနေရသည်။ စိန်ခေါ်မှုများသော ခေတ်ထဲတွင် သတင်းစာတစောင် ရပ်တည်နိုင်ရေး အနေအထားမှာ မလွယ်လှသောကြောင့် Washington Globe ၏ ထုတ်ဝေသူ အသစ်မှာ သတင်းစာကို မျက်နှာဖုံး ဒီဇိုင်းသာမက သတင်းတင်ဆက်ပုံပါ ပြောင်းပစ်ရန် ညွှန်ကြားထားသည်။ (နိုင်ငံတကာတွင်လည်း ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်များက မည်မျှပင် အစွမ်းထက်နေပါစေ ငွေရှင်ကြေးရှင်များ၏ မျက်နှာကို ကြည့်ရသည်ကို ထို ဇာတ်ဝင်ခန်းကို ကြည့်ခြင်းဖြင့် သိသာသည်)။

ထို သတင်းက ဟိုလေးတကျော် ဖြစ်လာသည့်အခါ လွှတ်တော် စုံစမ်းရေးကော်မရှင်က စတီဖင် ကောလင်းကို ခေါ်စစ်သည်။ သေဆုံးသွားသည့် သူ၏ ကိုယ်ရေး အတွင်းဝန်မလေးနှင့် သူ ငြိစွန်းမှု ရှိခဲ့ကြောင်း အစစ်ခံရသည့်အခါတွင် မျက်ရည်ဝဲခဲ့ရသည်။ လွှတ်တော်က အီရတ်တွင် ကန်ထရိုက် ယူထားသည့် အမေရိကန် လုံခြုံရေး ကုမ္ပဏီ Point Corp နှင့် ပတ်သက်ပြီးလည်း စစ်ဆေးမေးမြန်းမှု ပြုသည်။ သတင်းထောက်များကလည်း သူ့ကို မေးမြန်းသည့် မေးခွန်းများက သူ့ကို ချောင်ပိတ်မိစေသည်။ စတီဖင်၏ ဇနီးဖြစ်သူ အန်းမှာ သူ၏ ခင်ပွန်းဖြစ်သူ မြာပွေခဲ့သမျှကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်သောအခါမှ သိခွင့်ရခဲ့သည်။

မက်ကာဖေးက သူငယ်ချင်းဖြစ်သူကို နှစ်သိမ့်သည်။ စတီဖင်၏ ဇနီးသည် အန်းမှာ – တချိန်က မဖြီးလိမ်းသော ဆံပင်ဖြစ် အမြဲနေတတ်သည့် သတင်းထောက် မက်ကာဖေး၏ အဆက်ဟောင်း ဖြစ်သည်။ စတီဖင်နှင့် မရခင်အချိန်က သူတို့နှစ်ဦးမှာ နှစ်အတန်ကြာ ချစ်ရည်လူးခဲ့ကြသည်။

စတီဖင်၏ ကိုယ်ရေး အတွင်းဝန်မလေး ဆိုနီယာ ဘေကာ သေဆုံးရမှုကို မက်ကာဖေးကလည်း သူ့ အတွေ့အကြုံအရ နည်းပေါင်းစုံဖြင့် သတင်းအချက်အလက်များ ရရှိရန် စုဆောင်းသကဲ့သို့ ဘလော့ဂ်ဂါ မလေး ဒယ်လာဖရေးကလည်း အသတ်ခံရမှုတွင် မျက်မြင်သက်သေဖြစ်သည့် ဆယ်ကျော်သက် လူမည်း လူငယ်လေးမှတဆင့် သဲလွန်စ လိုက်သည်။ ဘလော့ဂ်ဂါမလေး၏ သတင်းရင်းမြစ် အဆုံးသတ်က ကွန်ဂရက် အမတ်၏ အခန်းထဲတွင် ဖြစ်နေမလားမှာ ကြည့်သူကို ရင်ဖိုစေနိုင်သည်။

State of Play ဇာတ်ကားမှာ လွတ်လပ်သော သတင်းမီဒီယာနှင့် နိုင်ငံရေးသမားတို့၏ အရှုပ်တော်ပုံနှင့် အားပြိုင်မှုတခု ဖြစ်ကာ၊ ခေတ်သစ်ကမ္ဘာက စိတ်ဝင်စားသော ဘလော့သတင်း တင်ဆက်မှု ပုံစံနှင့် သတင်းစာတစောင်မှ အကောင်းဆုံး သတင်းတပုဒ်ကို စောင့်ဖတ်ရပုံတို့ကို အားပြိုင်ထားသည့် ဇာတ်လမ်း ဖြစ်သည်။

၂ဝဝ၃ ခုနှစ်က ရုပ်သံထူးချွန်ဆုများ ရရှိခဲ့သည့် ဘီဘီစီ ရုပ်သံဇာတ်လမ်းတွဲ ၆ တွဲကို ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်သည်။ မူလက သတင်းထောက် မက်ကာဖေး နေရာအတွက် ဘရက်ပစ်နှင့် စတီဖင် ကောလင်း နေရာအတွက် အက်ဒွပ် နော်တန်တို့ကို လျာထားမှု ပြုထားသော်လည်း ရပ်ဆဲလ် ခရိုး၊ ဘင် အဲဖလက်တို့နှင့်သာ သရုပ်ဆောင် ရိုက်ကူးဖြစ်ခဲ့သည်။

ပူလစ်ဇာဆုရ ကမ္ဘာကျော် ရုပ်ရှင် ဝေဖန်ရေးဆရာကြီး ရော်ဂျာ အက်ဘတ်ကမူ အော်စကာဆု ရစေခဲ့သော The Gladiator ဇာတ်ကားနောက်ပိုင်းတွင် ရပ်ဆဲလ် ခရိုး၏ အကောင်းဆုံး သရုပ်ဆောင်မှုဟု ဆိုသော်လည်း ပြင်ပ ကမ္ဘာတွင် ဂျာနယ်လစ်များကို မုန်းတီးသူဟု ကြေညာထားသော ရပ်ဆဲလ် ခရိုးက ထို နေရာတွင် သရုပ်ဆောင်မှုမှာ အတော်ပင် ကို့ရို့ကားယား နိုင်လှသည်ဟု ဆိုကြသည်။

ရုပ်ရှင် ဝေဖန်ရေးတွင် နာမည်ကြီးလှသော Chicago -Suntimes သတင်းစာကမူ ဘင်အဲ ဖလက်ကို သတင်းထောက်နေရာ ထားသင့်ပြီး ဗိုက်ရွှဲနေသော ရပ်ဆဲလ် ခရိုးကို နိုင်ငံရေးသမား နေရာတွင် ထားသင့်သည်ဟု ဆိုသည်။

ဘလော့ဂ်ဂါမလေး ဒယ်လာ ဖရေးအဖြစ် Wedding Crashers , Mean Girls ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သည့် ရေချယ် မက်အဒမ်က သရုပ်ဆောင်သည်။

Washington Globe သတင်းစာ၏ အယ်ဒီတာ ကယ်မရွန်လင်းအဖြစ် The Queen, Elizabeth I ဇာတ်ကားတို့တွင် သရုပ်ဆောင်သည့် အော်စကာဆုရှင် ဟယ်လင် မာရင်၊ စတီဖင် ကောလင်း၏ ဇနီး အန်းအဖြစ် မင်းသား ရှောင်ပန်း၏ ဇနီးသည် ရော်ဘင် ရိုက်ပန်းက သရုပ်ဆောင်သည်။

State of Play ဇာတ်ကား၏ ဒါရိုက်တာအဖြစ် The Last King of Scotland, Touching the Void ဇာတ်ကားများ၏ ဒါရိုက်တာ ကီဗင် မက်ဒေါ်နယ်က ရိုက်ကူးထားသည်။ ပြသချိန် ၂ နာရီကျော် ကြာမြင့်သော်လည်း စိတ်ဝင်စားဖွယ် နိုင်ငံရေး အရှုပ်အထွေးနှင့်အတူ မီဒီယာ နှစ်ခု အားပြိုင်မှုကို တင်ဆက်ပြသထားသည်။