ဝသုံးလုံး တဘောင် ပေါ်ထွက်မှု ပြည်သူများကို အထိတ်တလန့် ဖြစ်စေ

၃၀ ဧပြီ ရန်ကုန်၊                    ၊စနေငချွတ်

ဝက်တုပ်ကွေး ၊ ၀သုံးလုံးနှင့် တိုင်းပြည်ကံကြမ္မာ

စစ်တပ်အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များ အများဆုံး အားထားယုံကြည်မေးမြန်းလေ့ရှိသည့်ဆရာကြီး မင်းသိင်္ခ၏ တပည့်ရင်း ဗေဒင်ဆရာမတစ်ဦးက ၀က်တုပ်ကွေးရောဂါ မြန်မာပြည်သို့ ကူးစက်လာပါက ဆရာကြီး မင်းသိင်္ခမှ တပည့် သားသမီးများအား ပြောကြားခဲ့ဖူးသည့် ၀သုံးလုံး တဘောင်နှင့် ကိုက်ညီသွားမည်ဖြစ်ကြောင်း ဆိုသည်။

(၀သုံးလုံးဆုံ ၊ ကဆုန်-နယုန်၊ မင်းဆိုးခန္ဓာကုန်လတ္တံ ) လို့ အဘ မထွက်ခင် ဟိုးအရင်ကတည်းက တဘောင်တစ်ခုမိန့်ခဲ့ဖူး တယ်။ မေးကြတော့ ကဆုန်နဲ့ နယုန်လ တွေထဲမှာ အက္ခရာပါတဲ့ ပြဿနာ သုံးရပ်ဆုံခဲ့ရင်  နိုင်ငံ့ အကြီးအကဲ ခန္ဓာကုန်မယ့် တဘောင်လို့   မိန့်ဖူးပါတယ်။  အစိုးရနဲ့ ၀နဲ့ အဆင်မပြေဘူး ၊ ၀ နယ်ဘက်ကို တပ်တွေတင်နေတယ် ဆိုတဲ့သတင်းတွေကြားရတယ် ။ နောက်ပြီး ခုရက်ပိုင်းအတွင်း ရန်ကုန်နဲ့ မန္တလေး မှာ ၀မ်းရောဂါတွေဖြစ်တယ် ။ အဲ့ဒါကို အဘ သားသမီးတွေ မရမ်းတလင်းမှာ  ပြီးခဲ့တဲ့ စနေနေ့ကတင် ပြောဖြစ်ကြသေးတယ်။ နောက်ထပ် ၀ အက္ခရာပါတဲ့ ပြဿနာ ပေါ်လာခဲ့ရင် ဗိုလ်ချုပ်မှုးကြီးတော့ ခန္ဓာပျက်ကိန်းပဲလို့။ ” ဟု အဆိုပါ အမျိုးသမီး ဗေဒင်ဆရာမက ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းပိုင်းတွင် တပ်မ (၂၂)၊ (၅၅) နှင့် (၉၉) အစရှိသော တပ်မများကို ၀နယ်ဘက်သို့ ရွှေ့ပြောင်းနေကြောင်း သိရသည်။ ယင်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ၀ ဒေသ အာဏာပိုင်များနှင့်  သဘောတူညီမှုရရှိရန် နအဖအစိုးရ၏ ကြိုးပမ်းနေမှုများ အထမမြောက်ခြင်းမရှိသည့် အနေအထားတစ်ရပ်ပင်ဖြစ်သည်။ ဗိုလ်ချုပ်မြ၏ သားဖြစ်သူ စောနေစိုးမြကို စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက် KNU တစိတ်တပိုင်းကို ထိန်သိမ်းနိုင်ခဲ့ပြီဖြစ်သည့် နအဖစစ်အစိုးအနေဖြင့်  ၀ ဒေသပြဿနာမှာ နှုတ်ရခက်သည့် ဆူးတစ်ချောင်းနှယ် ဖြစ်နေသည်။
ဝ ဒေသသည် အထူးဒေသအဖြစ် သတ်မှတ်ထားသော်လည်း ဗဟို အစိုးရ အာဏာစက် မသက်ရောက်သော ဒေသတစ်ခုဖြစ်သည်။ နအဖစိတ်ကြိုက်ရေးဆွဲပြီး မတရား အတည်ပြုပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒေသအတွက် ဖယ်ဒရယ် အခွင့်အရေးများ မရရှိနိုင်ကြောင်း သဘောပေါက်သည့် ၀ တိုင်းရင်းသား ခေါင်းဆောင်များက ယင်း အခြေခံဥပဒေကို အသိအမှတ်မပြုခဲ့ပေ ။ ၀ ဒေသသည်  စနစ်ကျနသော မြို့ပြအင်္ဂါများဖြင့် ဖွံဖြိုး တိုးတက်လျှက် ရှိနေပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့ဖြင့် သီးခြားပြည်နယ်တစ်ခု (၀ါ) သီးခြားနိုင်ငံသစ် တစ်ခုဖွယ်ရပ်တည်နေသည်။ အဓိကအချက်မှာ ၀ ဒေသတွင် နိုင်ငံတကာစစ်တပ်များနည်းတူ ခေတ်မီလက်နက်များတပ်ဆင် ထားသော အင်အားနှစ်သောင်း ရှိ အမြဲတမ်း တပ်မတော် ရှိနေသဖြင့် နအဖအစိုးရ အကျပ်တွေ့နေခြင်း ဖြစ်သည်။
သင်္ကြန်ကာလအပြီးတွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ၀မ်းရောဂါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ ဧပြီလ (၂၄) ရက်နေ့က မြောက်ဥက္ကလာ ဆေးရုံသို့ လူ (၂၀၀) နီးပါးမျှ ၀မ်းလျှောရောဂါဖြင့် ရောက်ရှိလာခဲ့ သဖြင့် အခြားဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ရသော်လည်း အစိုးရမှ တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အလားတူ မန္တလေးနှင့် အခြားပြည်နယ်နှင့် တိုင်းများတွင် ၀မ်းရောဂါများ ယနေ့တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။
” ၀ နှစ်လုံးတော့ဆုံသွားပြီ၊ အခုဖြစ်နေတဲ့ ၀က်တုပ်ကွေးပဲ ကျန်တော့တယ်။ ဒီရောဂါ မြန်မာပြည်ကို ကူးစက်မလာပါစေနဲ့ ဆုတောင်းရမလား၊ တဘောင်အတိုင်းဖြစ်ပါစေ ဆုတောင်းရမလားတောင် မသိတော့ပါဘူး။ ” ဟု အဆိုပါ နာမည်ကျော် ဗေဒင်ဆရာမက ပြောသည်။ ဆက်လက်၍ ယင်းက “ ကျွန်မကတော့ လာတဲ့လူတွေကို ပြောပြဖြစ်တယ် ။ ဒီ တဘောင် အကြောင်းကို ပြောပြတော့ သူတို့လည်း အမျိုးမျိုးဆုတောင်း ကြတယ်။ ကျွန်မဆီကို လာတဲ့သူမှန်သမျှကလည်း အဘကို ယုံကြည်တဲ့၊ အဘ ကယ်မ ခဲ့ဖုတဲ့သူတွေချည်းပဲလေ။ ဒီနေ့မနက်လာတဲ့   xxxxxx ( မြန်မာပြည်သား လက်ဝှေ့ကလပ်မှ ရွှေခါးပတ်ချန်ပီယံ) က ပြောတာတော့ မှော်ဘီမှာတောင် ဒီတဘောင်က ထွက်နေတယ်လို့ပြောတယ်။ လူတွေ တိုးတိုးတိတ်တိတ်ပြောနေတာနဲ့တင် တော်တော်ပြန့်နေပြီတဲ့ ။ ” ဟု ဆိုသည်။
ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများက အရှေ့တောင်အာရှတွင်ပင်  Swine Flu ခေါ် ၀က်တုပ်ကွေး ရောဂါ ရောက်ရှိလာသေးမရှိကြောင်း ယမန်နေ့ (ဧပြီ-၂၉) အထိပြောဆိုနေဆဲ ဖြစ်သည်။ သို့သော် အင်္ဂါနေ့ ညနေပိုင်းက ၀က်သားထုတ်လုပ်ရောင်းချသူများအသင်း ၊ မွေးမြူရေးလုပ်ငန်းဦးစီးဌာန ၊ FAO (မွေး/ကု) တို့ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့သည်။ ယမန်နေ့ (ဧပြီ-၂၉) နေ့နံနက်ပိုင်းတွင် တွံတေးရှိ ၀က်မွေးမြူရေးခြံများရှိ ၀က်များ ထူးဆန်းစွာ အစုလိုက် အပြုံလိုက် သေဆုံးကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီးနောက် နေ့လည် (၂) နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌တိုင်းမှူးအပါအ၀င်၊ ရန်ကုန်မြို့တော်ဝန်နှင့် အခြားကျန်းမာရေးအရာရှိများ၊ ဌာနဆိုင်ရာဝန်ထမ်းများ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) မှ အရေးပေါ်ကြေငြာချက်အဆင့် လေး အထိ တိုးမြှင့်သတ်မှတ်ပြီး နောက်ပိုင်း နိုင်ငံတကာတွင် အထူးသတိထား စစ်ဆေးထိန်းချုပ်နေသည့်ကြားမှ ၀က်တုပ်ကွေးရောဂါပိုးသည် ကမ္ဘာ့ အရပ်ဒေသ အသီးသီးသို့ ဆက်လက် ပြန့်ပွားနေသကဲ့သို့ သေဆုံးသည့် ဦးရေမှာလည်း တိုးပွားလာနေဆဲပင် ဖြစ်သည်။ ထိခိုက်မှုဆိုးကျိုး ပြင်းထန်သည့် အဆိုပါရောဂါပိုးဖြစ်ပွားနေသည့်အချိန်တွင် မြန်မာပြည်တွင် ၀က်များသေဆုံးသည့် သတင်း များထွက်လာခြင်း ကြောင့် စိုးရိမ်ထိတ်လန့်စရာ အခြေအနေပင်ဖြစ်သည်။ လက်ရှိအချိန်အထိ ကျန်းမာရေးဌာနများမှ ယင်းဝက်တုပ်ကွေး ရောဂါပိုး အတွက် မည်သို့ကြိုတင်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ချက်တစုံတရာ မရှိသေးချေ။
နအဖအစိုးရလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  တိုင်းပြည် GDP ၏ (၀.၀၁) ရာခိုင်နှုန်းမျှ ပင် ကျန်းမာရေးအသုံးစရိတ်မရှိသော အနေအထားဖြင့်ရပ်တည်နေခြင်း ဖြစ်သည်။ အကယ်၍  မြန်မာပြည်၌ အဆိုပါ Swine Flu ခေါ် ၀က်တုပ်ကွေး ရောဂါပိုးကူးစက်ခံရပါက ကျန်းမာရေးဌာနများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည့် အနေအထားမှာ သံသယဖြစ်ဖွယ်၊ ရင်လေးဖွယ်ရာပင်ဖြစ်သည်။
သို့သော် သာမာန်လူများနှင့်မတူ ထူးခြားသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် အများက သတ်မှတ်ထား ကြသော ဆရာကြီး မင်းသိင်္ခ မကွယ်လွန်မီ  မိန့်သွားခဲ့ဖူးသည့်အတိုင်း သုံးလုံးပြဿနာ  တကယ်တမ်း ဖြစ်လာခဲ့ပါ ကလည်း တဘောင်ပါ စာသားများအတိုင်း…………………..။ ယင်းမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ ကံကြမ္မာ တစ်ရပ်ပင် ဖြစ်ပေမည်။
စာဖတ်သူများ နှင့် တဘောင်ကို ကြားမိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဆုတောင်းမှန်ကြရန်သာ အရေးကြီးပေမည်.။ဆရာကြီး မင်းသိင်္ခ မိန့်ခဲ့ဖူးသည့်တဘောင် စာသားဝသုံးလုံးဆုံ ၊
ကဆုန်-နယုန်၊
မင်းဆိုးခန္ဓာကုန်လတ္တံ

နောက်ဆုံးရရှိသော သတင်းများအရ လူမှလူသို့ ကူးစက်နိုင်သော အခြေအနေကို WHO မှ သုံးသပ်ပြီးနောက် ၀က်တုပ်ကွေးရောဂါ အား အရေးပေါ်အခြေအနေ အဆင့် (ငါး) သို့ တိုးမြှင့်သတ်မှတ်လိုက်ပြီ ဖြစ်သည်။

3 thoughts on “၀သုံးလုံး တဘောင် ပေါ်ထွက်မှု ပြည်သူများကို အထိတ်တလန့် ဖြစ်စေ

  1. ၀သုံးသုံးလုံးပြည့်ပြီး။။။။နာမည် ကျော် ဆရာဝန် စာရေး ဆရာ တစ်ဦးက လည်း မျိုးဆက်သစ်များနဲ့ ပတ်သက် တဲ့ သူအမြင် ကို ပြောကြားရာမှာအခု မျိုးဆက် က နအဖ ရဲ့စာ တွေ အာဂုံဆောင် ပြီး ကြီးလာတာ မဟုတ်တော့ ဘူး Web
    3.0 လှိုင်း (Face BooK,You Tube နှင့် Blog များကို ဆိုလိုခြင်းဖြစ်သည်) ကို စီးလာကြတဲ့ သူတွေ ဟု
    ဆိုသည်။

  2. ဒါဆို ၀ သုံးလုံး ပြည့်ပြီး။။။။။ နာမည် ကျော် ဆရာဝန် စာရေး ဆရာ တစ်ဦးက လည်း မျိုးဆက်သစ်များနဲ့ ပတ်သက် တဲ့ သူအမြင် ကို ပြောကြားရာမှာအခု မျိုးဆက် က နအဖ ရဲ့စာ တွေ အာဂုံဆောင် ပြီး ကြီးလာတာ မဟုတ်တော့ ဘူး Web
    3.0 လှိုင်း (Face BooK,You Tube နှင့် Blog များကို ဆိုလိုခြင်းဖြစ်သည်) ကို စီးလာကြတဲ့ သူတွေ ဟု
    ဆိုသည်။

Comments are closed.