ရင်ဆိုင်တိုက်ပွဲကြောင့် စကခ(၅)မှူး ဗိုလ်မှူးချုပ်ကောင်းမြတ် ကျဆုံး

နန်းထူးစံ၊ ကရင်သတင်းစဉ်၊             ၊မေ ၁၂၊ ၂၀၀၉

Major General Kaung Myat killed by KNLA


ပဲခူးတိုင်းအရှေ့ဘက် မိုင်(၃ဝ)ခန့် ကွာဝေးသော သံတောင်မြို့နယ်၊ ဘောဂလိကျေးရွာအုပ်စုတွင် စခန်းထိုင်သည့် အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) မှ ဗိုလ်မှူးချုပ်ကောင်းမြတ်သည် မေလ (၁၁)ရက်နေ့က ကရင် အမျိုးအသား အစည်းအရုံး KNU နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည်ဟု KNU တောင်ငူခရိုင်မှ လာသည့်သတင်းအရ သိရသည်။

ထိုနေ့ ညနေပိုင်းတွင် ဗိုလ်မှူးချုပ်ကောင်းမြတ်သည် ၎င်းဦးစီးသည့် နည်းဗျူဟာ (၃) တပ်ရင်း နှင့်အတူ ဘောဂလိကြီးမှနေ၍ ဘူဆာခီး၊ နောဆိုးရှိ လက်နက်ကြီး စခန်းများသို့ သွားရာ လမ်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၂)ဌာနချုပ်၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ ကျဆုံးသွားခြင်း ဖြစ်သည်ဟု KNU တောင်ငူခရိုင်မှ တပ်ဖက် အရာရှိတဦးက ကရင်သတင်းစဉ်ကို အတည်ပြု ပြောဆိုသည်။

“ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ သူ့ကို လုံခြုံရေးယူပေးတဲ့ နည်းဗျူဟာ (၃)တပ်တို့ ဘောဂလိကနေ ထွက်လာတာ။ ဘောဂလိအရှေ့ နည်းနည်းမှာပဲ။ ဒီဘက်က KNLA တပ်မဟာ(၂) ဌာနချုပ်တပ်နဲ့ တပ်ရင်း(၆) ပူးပေါင်း အဖွဲ့နဲ့ တိုးပြီးတော့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲ ဖြစ်တာ သိပ် မကြာဘူး။ မိနစ်ပိုင်းလောက်ပဲ ရှိမယ်။ အဲဒီမှာ နအဖဘက်က ဗိုလ်မှူးချုပ် ကောင်းမြတ် ကျဆုံးသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဖက်စလုံး၏ ထိခိုက် ကျဆုံးမှု အရေအတွက်ကို အတိအကျ မသိရှိရသေးသော်လည်း နအဖဘက်မှ ဗိုလ်မှူးချုပ်ကောင်းမြတ်၏ အလောင်းကိုမူ ညတွင်းချင်းပင် နေပြည်တော်သို့ ပို့ဆောင်လိုက်သည်ဟု တောင်ငူဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နအဖ ဌာနချုပ် (၅)တွင် လက်အောက်ခံ တပ်ရင်း (၁ဝ)ရင်း ရှိပြီး KNU တပ်မဟာ (၂)၊ တောင်ငူခရိုင် အတွင်းသို့ ၂ဝဝ၈ခု နှစ်၊ ဒီဇင်ဘာလမှစတင်၍ ဝင်ရောက်လှုပ်ရှားခဲ့ကြောင်း၊ ထိုဒေသရှိ ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အိုးအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း နှင့် လုပ်အားပေး ခိုင်းစေခြင်း စသည့် လုပ်ရပ်များ လုပ်ဆောင်ရန် ဗိုလ်မှူးချုပ်ကောင်းမြတ်က အမိန့်ပေး ညွန်ကြားတတ်ကြောင်း KNU တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ပြောသည်။

သူက “ကျနော်တို့ တပ်မဟာ(၂)နယ်မြေမှာ စကခ(၅)မှူး ကောင်းမြတ်ဟာ တပ်ကုန်း ဆောက်ဖို့ လူထုကို အဓမ္မ လုပ်အားပေး ခေါ်တယ်။ ရေသိုးကြီး၊ ဘူဆာခီး စတဲ့ အိုင်ဒီပီ (ထွက်ပြေး တိမ်းရှောင်နေရသူများ) နေရာတွေမှာ လက်နက်ကြီးနဲ့ ပစ်ချ၊ လူထုရဲ့ကားတွေကို ချောဆွဲ၊ ရွာသားတွေရဲ့ ဒူးရင်းခြံ၊ ဖာလာခြံတွေကို ဖျက်ဆီး၊ တပ် ဘူဒိုဇာကားရှေ့မှာ လူတွေကို လမ်းပြခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ လုပ်တယ်။ ဒါ့အပြင် လူထုကို ဆန်၊ ရိက္ခာတွေ ဝယ်ယူ စားသောက်လို့ မရအောင် လမ်းပိတ် တားဆီးဖို့ ညွှန်ကြား လုပ်ဆောင်နေသူတဦး ဖြစ်တယ်။ အဲဒီခွင်မှာဆို လူထုအပေါ် နှိပ်စက်တဲ့ နေရာမှာ နာမည်ကြီးတဲ့သူပဲ” ဟု ဆိုသည်။

၎င်းအပြင် နယ်မြေချင်း ထိစပ်နေသည့် KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၌လည်း စကခ(၅) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ (၅၄၂) နှင့် ခမရ (၅၆၆) တပ်များက အခြေစိုက် လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

One thought on “ရင်ဆိုင်တိုက်ပွဲကြောင့် စကခ(၅)မှူး ဗိုလ်မှူးချုပ်ကောင်းမြတ် ကျဆုံး

Comments are closed.