“Road Map အတိုင်းလိုက်သွားပါ…. ဖော့ဦးထုပ်တစ်လုံးရလိမ့်မည်”
(က)
ကျနော်ဦးချမ်းအေးအား ၁၉၈၉ ခုနှစ်တွင် လူချင်းစတင်တွေ့ဖူးခဲ့၏။ နှစ်ကြိမ်မျှသာ ….. ။ ၁၉၉၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်များအတွင်း ဖြစ်သည်။ ထိုစဉ်က သူသည် ….NLD၏ဗဟိုအလုပ်မှူဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ….. မွန်ပြည်နယ် ပြည်နယ်စည်းရုံးရေးတာဝန်ခံလည်းဖြစ်သည်။ ကျနော်က …..မွန်ပြည်နယ်အတွင်းရှိ မြို့နယ်လေးတစ်ခုမှ လူငယ်အဖွဲ့ဝင်တစ်ဦး….။ သူနှင့်ကျနော်တို့ မြို့နယ်လေးအတွင်းရှိ ကျေးရွာများသို့ စက်ဘီးများနှင့် သွား၍ လူထုနှင့်တွေ့ကြ၏။ ရွေးကောက်ပွဲအောင်နိုင်ရေးတရားများ၊ ဒီမိုကရေစီတရားများဟောကြ၏။ လူထုမှမေးသမျှအားလည်းဖြေကြ၏။ ဦးချမ်းအေးက အဖြေကောင်းသူဖြစ်၏။
ဦးချမ်းအေးနှင့်လူချင်းမဆုံမှီကပင် မောင်စူးစမ်းနှင့်ကားရင်းနှီးခဲ့ပြီးဖြစ်သည်။ ဗမာ့စီးပွားရေးစစ်တမ်း…..၊ ဆန်ပြဿနာ၊ ဘောဂဗေဒလက်ရွေးစင်၊ ဘောဂဗေဒ က.ခ စသည်….စသည်ဖြင့်….။
(ခ)
ကျနော်တို့ မြို့နယ် NLDရုံးသို့ ဗဟိုအလုပ်မှူဆောင်အဖွဲ့ဝင် ဦးလွန်းတင်နှင့် ဦးချမ်းအေးလာမည့်အကြောင်း ဗဟိုမှ အကြောင်းကြား၏။ ရောက်မည့်နေ့တွင် ကျနော်တို့ မီးရထားဘူတာရုံသို့ ဆင်း၍ကြိုကြသည်။ ကျနော်တို့က ၂-ယောက်လုံးအား မမြင်တွေ့ဖူးကြ။ ဓါတ်ပုံထဲ၌ပင် မမြင်တွေ့ဖူး….။ မြို့ငယ်လေး၏ဘူတာရုံဖြစ်၍ ခရီးသည်အဆင်းအတက်သိပ်မရှိ….။ အခက်အခဲမရှိနိုင်ဟု ထင်ကြသည်။ မီးရထားပေါ်မှဆင်းလာကြသည့် ခရီးသည်များထဲမှ ကချင်ပုဆိုး၊ တိုက်ပုံအင်္ကျီနှင့် အသက်ခုနှစ်ဆယ်ဝန်းကျင်ခန့်ရှိ ပုဂ္ဂိုလ်တစ်ဦးအားတွေ့၏။ဦးလွန်းတင်…..။ ရှာရသည်မှာ မခက်ခဲ။
သို့သော်….ဘူတာလေးအတွင်း ခရီးသည်များရှင်းသွားသည်အထိ ကျနော်တို့ ဦးချမ်းအေးအား ရှာ၍မတွေ့….။မတတ်နိုင်….။ ရုံးသို့ ပြန်ခဲ့ကြတော့သည်။ မကြာ….ရုံအတွင်းသို့ အသက်ခြောက်ဆယ်ဝန်းကျင်ခန့်ရှိသည့် သူတစ်ဦးဝင်လာ၏။ ပလေကပ်လုံချည်အပြာဆင်၊စပို့ရှပ်အင်ကျီအညိုရောင်…. မိုးကာအင်ကျီအဖြူနှင့်….။ အဖြူရောင်မိုးကာအင်ကျီက ဖားဥများစွဲ၍ မဲညှစ်ညှစ်….။
`ကျနော် ချမ်းအေးပါ….´
ကျနော်တို့ အံ့အားသင့်သွားကြ၏။ ကျနော်တို့တွေ့ရသော ဦးချမ်းအေး၏ရုပ်ပုံလွှာက ကျနော်တို့စိတ်တွင် မှန်းဆထားခဲ့သည့် ရန်ကုန်မှလာသော ဗဟိုခေါင်းဆောင်တစ်ဦး၏ ရုပ်သဏ္ဍာန်မျိုးမဟုတ်…..။ ဤအတွက် ….ဘူတာလေးအတွင်း ကျနော်တို့ ဦးချမ်းအေး အားရှာ၍မတွေ့ခဲ့ခြင်းဖြစ်မည်။ ကျနော်တို့အရှေ့မှ ဦးချမ်းအေးက …..ဘ၀နေဟန်ရိုးကုတ်သည့် ပစ္စည်းမဲ့သူတော်စင်တစ်ဦး၏ အသွင်အဆင်နှင့်…..။ ဖျက်ကနဲ….စိတ်တွင် ရဲဘော်ချမ်းအေးဟူ၍ အတွေးရောက်၏။ ထိုနေ့က ….အစည်းအဝေးတွင် ဦးချမ်းအေးသည် NLD ၏မူဝါဒပိုင်းဆိုင်ရာများအား ဆွေးနွေးသွားခဲ့၏။
(ဂ)
၉၀-ရွေးကောက်ပွဲပြီးနောက် ဦးချမ်းအေးအဖမ်းခံရသည်။ ထောင်မှလွတ်ခဲ့ပြီးနောက် ….သူသည် နိုင်ငံရေးအဖွဲ့အစည်းအတွင်း လှုပ်ရှားဆောင်ရွက်ခြင်းမရှိတော့….. စာများသာ ဖိ၍ရေးတော့သည်။ တစ်လ -တစ်လလျှင် ဆောင်းပါးပုဒ်ရေ ၃၀-ခန့်ရေး၏။ မောင်စူးစမ်း၊ ဆရာချမ်း၊ ဦးချမ်းအေး ….ကလောင်အမျိုးမျိုးနှင့်ရေးသည်။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ၊ ဒဿန….အကြောင်းအရာစုံသည်။ မောင်စူးစမ်းက သြဇာရှိသည့် ကလောင်တစ်ချောင်းဟု ဆိုရမည်။
၂၀၀၈ခုနှစ် သြဂုတ်လ(၈)ရက်နေ့ထုတ် `မော်ဒန်´ သတင်းဂျာနယ်တွင် `နိုင်ငံရေးသစ်ချင်း ဖျက်ကနဲယှဉ်ကြည့်´ ဟူသည့်ဆောင်းပါးတစ်ပုဒ်အား မောင်စူးစမ်းအမည်နှင့်ရေး၏။ တိုက်ဆိုက်သည်က ရှစ်လေးလုံးအရေးတော်ပုံကြီး၏ နှစ်-နှစ်ဆယ်ပြည့်သည့် အထိမ်းအမှတ်နေ့ဖြစ်နေသည်။ အထိမ်းအမှတ်နေ့ဖြစ်သော်လည်း ဆောင်းပါးက ဂုဏ်ပြုဆောင်းပါးမဟုတ်….။သဘောထားအမြင်များကွဲလွဲရှုတ်ထွေးစေမည့် ဆောင်းပါးဖြစ်နေသည်။
အကြောင်းအရာပါ အနှစ်အရသာက ဤသို့ဖြစ်သည်။
` စစ်အုပ်စု၏လမ်းပြမြေပုံအရ… ၂၀၁၀တွင် ရွေးကောက်ပွဲပြုလုပ်မည်။ ဖွဲ့စည်းပုံအသစ်နှင့် အခင်းအကျင်းအသစ်ဖြစ်၍ နိုင်ငံရေးအသစ်ဟုဆိုရမည်။ ´
ဤသို့ စစ်အုပ်စု၏ဖွဲ့စည်းပုံအခြေခံဥပဒေ ၊၂၀၁၀ရွေးကောက်ပွဲနှင့် နိုင်ငံရေးအခင်းအကျင်းအား အနက်ဖွင့်၏။ ပြီးလျှင်….`လူထုအနေနှင့် စစ်အုပ်စု၏လမ်းပြမြေပုံမှလွဲ၍ အခြားရွေးချယ်စရာရွေးလမ်းမရှိ။ အတိုက်အခံများတွင်လည်း စင်ပြိုင်ဖြစ်နိုင်ခြေလမ်းမရှိ။ ပိတ်ပြီ။ ဤအတွက် ဖြစ်နိုင်ခြေ တကယ်လက်တွေ့ရှိသည့် စစ်အုပ်စု၏ခေါ်ရာသာလိုက်ကြတော့….။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံကြရမည်။´
လက်ညှိုးတစ်ချောင်းထောင်ပြီး တန်ခိုးရှင်ကဲ့သို့ နိုင်ငံရေးဗျာဒိတ်တော်ချ၏။ ဤမျှနှင့်မပြီးသေး…. `နိုင်ငံရေးသမား၊ နိုင်ငံရေးဆိုတာ စိတ္တဇဖြစ်ရသည့်အရာမဟုတ်….။ စိတ္တဇဖြစ်နေရန်မလို…..ဟု ဆိုပြန်သည်။´
NLD နှင့်ကုလသမဂ္ဂမှ အဆိုပြု တောင်းဆိုနေသည့် `တွေ့ဆုံဆွေးနွေးရေး´ လုပ်ငန်းစဉ် အပေါ်လည်း ဝေဖန်ထားပြန်၏။
`တွေ့ဆုံဆွေးနွေးရေးဟူသည် အလှတန်ဆာဆင်ခြင်းသာ ဖြစ်သည်။ အနှစ်သာရမဟုတ်ဟု ဆိုသည်´
မောင်စူးစမ်း ` ဦးနှောက်ကို အဆွ´လွန်သွားသည်နှင့်တူ၏။
မောင်စူးစမ်းဆောင်းပါး၌ `အသစ်´တွေများလွန်းသည်။ ဖွဲ့စည်းပုံအသစ်၊ အခင်းအကျင်းသစ်၊ နိုင်ငံရေးအသစ်….။ ဤအတွက် ….ဖွဲ့စည်းပုံအသစ်မှပင် စပါမည်။ မေ-၁၀ ဖွဲ့စည်းပုံအရ အချုပ်အခြာအာဏာသည် လူထုထံမှ ဆင်းသက်သည်မဟုတ် ….။ ကာကွယ်ရေးဦးစီးချုပ်ထံမှ ဆင်းသက်ထားခြင်းသာဖြစ်သည်။ ရိုင်ဖယ်သေနတ်ပြောင်းဝမှထွက်သော အချုပ်အခြာအာဏာပင် …..။ ဤအာဏာဆင်းသက်မှုသဏ္ဍာန်က မြန်မာ့လူ့အဖွဲ့အစည်းတွင် ၁၉၆၂ မှစ၍ ယနေ့တိုင်….မပြောင်းမလဲရှိနေ၏။ ပုတ်သိုး၍ပင် နေပြီ။ ဤအတွက် စစ်အုပ်စု၏ဖွဲ့စည်းပုံအား မည်သို့ဖြင့် အသစ်ဟု ဆိုမည်နည်း….။ အနှစ်သာရအရ မသစ်ဆန်း…..။ မောင်စူးစမ်း၏ဆောင်းပါးတွင်ပါသော စကားလုံးအား ပြန်ယူ၍သုံးရပါမူ …..။ ဖွဲ့စည်းပုံအသစ်ဟူသည်က `ခမ်းနားကြီးကျယ်စွာ အလှတန်ဆာဆင်ခြင်းသာဖြစ်သည်။ အနှစ်သာရမရှိ…..´
အမှတ်ရမိသေးသည်။ ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တစ်ခုတွင်ဖြစ်သည်။ ထိုစဉ်က ….ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ၌ လူထုအား (တ.စ.ည)နှင့် (မ.ဆ.လ) အတူတူဖြစ်ပုံကို ဥပမာပေး၍ ဦးချမ်းအေး ရှင်းပြခဲ့သည်။ ကျနော်တို့လည်း သဘောကျသည်။ လူထုကလည်း ခေါင်းတညိတ်ညိတ်နှင့်…..။
`တ.စ.ညပါတီဟာ တကယ်တော့အသစ်မဟုတ်ပါဘူး။ သာကေတမှာပြည်တန်ဆာလုပ်စားနေတဲ့ မဖြူ…။ ကြည့်မြင်တိုင်ကိုပြောင်းပြီး ….အသစ်ပါလို့ပြောသလိုပါပဲ….´
မောင်စူးစမ်းအနေနဲ့ စစ်အုပ်စုရဲ့ဖွဲ့စည်းပုံကို အသစ်လေးလို့ ယူဆပြီး ပေါင်းဖက်မယ်ဆိုရင်တော့ ….မှာပါရစေ…..`အဖော်´ဆောင်ထားပါလို့…..။
(ဃ)
မြန်မာ့နိုင်ငံရေးသမားများအနက် ပြဿနာအများဆုံးနိုင်ငံရေးသမားများအား ရွေးချယ်ပါဆိုလျှင် ဦးသိန်းဖေမြင့်နှင့်ဦးချမ်းအေးအား ရွေးချယ်ကြလိမ့်မည်။
ပ.ထ.စ အစိုးရခေတ်၌ …`ဦးချမ်းအေးစစ်တမ်း´ ဟူ၍ စာတမ်းတစ်စောင်ထွက်လာသည်။ `လက်နက်နှင့်ဒီမိုကရေစီ´လဲမည်ဟူ၍ဖြစ်သည်။ တော်လှန်ရေးအင်အားစုများအတွင်းရှိ သဘောထားကွဲလွဲမှုများဖြစ်စေခဲ့၏။ အချို့က ထောက်ခံ၏။ အချို့က ပြင်းပြင်းထန်ထန်ကန့်ကွက်ကြ၏။ အချို့က ဝေေ၀၀ါးဝါးနှင့် တွေဝေနေခဲ့ကြ၏။ မကြာ….ချမ်းအေးဝါဒီတို့ (ပ.ထ.စ) အစိုးရထံတွင် ဒီမိုကရေစီနှင့်လက်နက်လဲရန်သွားကြ၏။ အစုလိုက်၊ အပြုံလိုက်…..။ မွန်တပ်ဦးဆိုလျှင် …..နိုင်ရွှေကျင်တစ်ဦးတည်းသာကျန်ခဲ့၏။ (ပ.ထ.စ)အစိုးရက လက်နက်နှင့်ဒီမိုကရေစီလဲရန် လာကြသူများအား အခမ်းအနားများနှင့် ကြိုဆို၏။ အခမ်းအနားတွင် (ပ.ထ.စ)အစိုးရက ဒီမိုကရေစီလဲရန် လာသည့်သူများအား `ဖော့ဦးထုပ်´ တစ်လုံးစီပေး၏။ ဒီမိုကရေစီကတော့မရ …..။ သမိုင်းသည် မဝေးသေး…..။
(မင်းဆွေသစ်)
