ဘယ်နေရာမှာ တွေ့ မလဲ(ဘာသာပြန် ရသ ၀တ္ထုတို)

ဘာသာပြန် ရသ ၀တ္ထု ကဏ္ဍ (ဂျပန်စာရေးဆရာ မူရာကာမီ ၏ ဘာသာပြန် ၀တ္ထူတို ကို တောကျောင်းဆရာ ဘလောက်မှ ကူးယူဖေါ်ပြပါသည်)

ဘယ်နေရာမှာတွေ့မလဲ

By မိုးဆတ် • May 12, 2009

“ကျွန်မယောက္ခမဟာ လွန်ခဲ့သုံးနှစ်လောက်က ဓာတ်ရထားတိုက်မိပြီး ဆုံးသွားတာ”
ကျွန်တော်က ဘာမှပြန်မပြောပဲ သူမရဲ့ မျက်လုံးတွေထဲ စိုက်ကြည့်နေမိနေတယ်။
သူမ ခဏရပ်နေတုံး ခဲတံဗန်းထဲက ခဲ့တံဒါဇင်ဝက်ကို ဘယ်လောက်တောင် ချွန်ထားလဲဆိုတာ
တချက်လှမ်းကြည့်လိုက်တယ်။ ဂေါက်သမား ဂေါက်တံရွေးသလို ဂရုတစိုက်ရှိပုံမျိုးနဲ့
ဘယ်ခဲတံကို ရွေးရမလဲဆိုတာ သေချာလိုက်ကြည့်တယ်။
နောက်ဆုံး မချွန်လွန်း၊ မတုံးလွန်း အနေတော်တစ်ချောင်းကို ရွေးလိုက်တယ်။

“ရှက်စရာတော့ ကောင်းတယ်” လို့ သူမက ပြောလိုက်တယ်။
“တိုကျိုမှာ ဓာတ်ရထားက သိပ်ရှိတော့တာမဟုတ်ဘူး။ နေရာတိုင်းမှာ ဘတ်စ်ကားတွေ
ပြောင်းပြီးနေပြီ။ ကျန်တာတွေကလည်း အတိတ်ရဲ့ အမှတ်တရလောက်ပဲ။
အဲဒီထဲက တစ်စီးက ကျွန်မ ယောကမကို သတ်သွားတာပဲ”
သူမက အသံတိတ် သက်ပြင်းချတယ်။
“အဲဒါ အောက်တိုဘာ ၁ ရက်နေ့ည။ သုံးနှစ်ရှိပြီ။ အဲဒီညက မိုးတွေရွာနေတယ်”
သူမပြောတာတွေ ကျွန်တော် ချရေးလိုက်တယ်။ ယောကခမ၊ သုံးနှစ်၊ ဓာတ်ရထား၊ မိုး။
ကျွန်တော်စာရေးတဲ့အခါ အတော်ဂရုစိုက်ရေးတာမို့ နည်းနည်းတော့ ကြာတယ်။

“အဲဒီတုန်းက ကျွန်မယောက္ခမ တော်တော်မူးနေတယ်။
မဟုတ်ရင်တော့ ညဘက်ကြီး မိုးရေထဲ ဓာတ်ရထားလမ်းပေါ် ဘယ်အိပ်နေပါ့မလဲ”
“သူတော်တော်မူးနေတာဖြစ်မယ်”
“အမူးလွန်ပြီး သတိလစ်သွားတယ်”
“ခင်ဗျားယောက္ခမ အဲလိုပဲ မကြာမကြာမူးတတ်သလား”
“သတိလစ်လောက်အောင် သူအမြဲသောက်တတ်သလားလို့ ရှင်မေးချင်တာလား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“သူမကြာမကြာဆိုသလို အမူးသောက်တတ်တယ်။
ဓာတ်ရထားလမ်းပေါ် အိပ်ရလောက်အောင်တော့ ဘယ်တော့မှ မမူးပါဘူး”
ဓာတ်ရထားလမ်းပေါ် အိပ်ပျော်ရလောက်အောင် ဘယ်လောက်မူးဖို့ လိုသလဲလို့ ကျွန်တော် တွေးနေမိတယ်။

“ခင်ဗျားပြောချင်တာက သူမကြာခဏမူးတယ် ဒါပေမယ့် အလဲတော့ သောက်လေ့မရှိဘူး”
“ကျွန်မတော့ အဲ့လို ထင်တာပဲ”
“စိတ်မရှိရင် ခင်ဗျားအသက်ကို သိလို့ရမလား”
“ကျွန်မအသက်ဘယ်လောက်ရှိလဲ ရှင် သိချင်တာလား”
“ခင်ဗျားမဖြေချင်ရင် နေလို့ရပါတယ်”
အမျိုးသမီးက သူမရဲ့ နှာယောင်ကို လက်ညိုးနဲ့ ပွတ်နေတယ်။ ဖျောင့်စင်းလှပတဲ့နှာတံပဲ။
သူမမကြာသေးခင်က ပလတ်စတစ် ဆာဂျရီလုပ်ထားတယ်လို့ ကျွန်တော်မှန်းကြည့်တယ်။
နှာခေါင်းပွတ်တတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကျွန်တော်အပြင်တွေဘာတွေ သွားဖူးတယ်။
သူမလဲ နှာခေါင်းကို ပြင်ထားတယ်။ တခုခုစဉ်းစားပြီဆိုရင် နှာခေါင်းကို လက်ညိုးနဲ့ ပွတ်တော့တာပဲ။
သူမရဲ့ နှာခေါင်းအသစ်စက်စက်လေး ရှိမှရှိသေးရဲ့လားဆိုတဲ့ ပုံမျိုးနဲ့။
ကျွန်တော့်ရှေ့က အမျိုးသမီးကို ကြည့်ရင်း အရင်က အကြောင်းတွေ ခေါင်းထဲပြန်ဝင်လာတယ်။
အချို့မြင်ကွင်းတွေလည်း ခပ်ဝါးဝါးမှတ်ညဏ်ထဲကနေ ပြန်ပုံဖော်ကြည့်မိတယ်။

“ကျွန်မအသက်ရော တခြားဘာကိုမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ ကျွန်မ သုံးဆယ့်ငါးနှစ်ရှိပြီ”
“ခင်ဗျားယောက္ခမ ကွယ်လွန်တော့ အသက်ဘယ်လောက်ရှိပြီလဲ”
“ခြောက်ဆယ့်ရှစ်”
“သူဘာလုပ်သလဲ၊ အဲ၊ကျွန်တော်ပြောချင်တာက သူ့အလုပ်”
“သူက ဘုန်းကြီး”
“ဗုဒ္ဓဘာသာလား”
“ဟုတ်တယ်၊ ဂျိုဒိုဂိုဏ်းက၊ တိုရှီးမားဘက်က ကျောင်းတစ်ကျောင်းမှာ သူက ကျောင်းထိုင်ပဲ”
“တကယ်သွေးပျက်စရာ ဖြစ်ခဲ့မှာပဲ”
“ကျွန်မယောက္ခမ ဓာတ်ရထား အတိုက်ခံရတာလား”
“ဟုတ်တယ်”
“တကယ့်ကို သွေးပျက်စရာပဲ။ အထူးသဖြင့် ကျွန်မယောက်ျားအတွက်ပေါ့”
ကျွန်တော့် မှတ်စုထဲမှာ ထပ်ပြီးရေးမှတ်လိုက်တယ်။
ဘုန်းတော်ကြီး၊ ဂျိုဒိုဂိုဏ်း၊ ခြောက်ဆယ့်ရှစ်။

“အဲဒီတော့ ခင်ဗျားကျွန်တော့်ဆီမှာ ဘာမေးဖို့လာခဲ့တာလဲ။
သေသွားတဲ့ခင်ဗျားယောက္ခမအကြောင်းလား”
“မဟုတ်ဘူး။ သူ့အကြောင်းမဟုတ်ဘူး”
ငြင်းတာပေါ်လွင်အောင် သူမက ခေါင်းကို အသာအယာ ထပ်ထပ်ပြီးခါနေတယ်။
“ကျွန်မယောက်ျားအကြောင်းပါ”
“သူရော ဘုန်းကြီးတစ်ပါးပဲလား”
“မဟုတ်ပါဘူး။ သူက မယ်ရီလင့်ခ်ျမှာ လုပ်တာ”
“ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီလား”
“ဟုတ်တယ်”
စိတ်တိုနေပုံနဲ့ ပြန်ဖြေတယ်။ တခြားဘာ မယ်ရီလင့်ခ်ျရှိသေးလို့လဲဆိုတဲ့ လေသံနဲ့။

“သူက စတော့ပွဲစားပါ”
ကျွန်တော့်ခဲတံထိပ်ဘယ်လောက်ချွန်သေးလဲ လှမ်းကြည့်လိုက်တယ်။
ပြီးတော့ သူမဘာဆက်ပြောမလဲ စောင့်နေလိုက်တယ်။
“ကျွန်မယောက်ျားက တစ်ဦးတည်းသောသား။
သူက ဘာသာရေးထက် စတော့ အရောင်းအ၀ယ်ကို ပိုစိတ်ဝင်စားတယ်။
သူ့အဖေရဲ့ ကျောင်းထိုင်ရာထူးကို အမွေမခံဘူး”
“ကျွန်မယောက္ခမသေပြီးတော့ ယောက္ခမ အမက ရှီနာဂါဝမှာရှိတဲ့
ကျွန်မတို့ ကွန်ဒိုက အခန်းတစ်ခန်းကို ပြောင်းလာတယ်။
ကျွန်မယောက်ျားနဲ့ ကျွန်မက ၂၆ ထပ်မှာနေတယ်။ သူက ၂၄ ထပ်မှာနေတယ်။
သူတစ်ယောက်ထည်းနေတာ။ အသက်က ခြောက်ဆယ့်သုံးရှိနေပြီ။
ကျွန်မယောက်ျားက လေးဆယ်။ နောက်လဆို ၄၁ ပြည့်တော့မှာ။ ဘာမှမဖြစ်ခဲ့ဘူးဆိုရင်ပေါ့လေ”
ကျွန်တော်အားလုံးကို ချရေးတယ်။ ယောက္ခမ အမ၊ ၂၄ထပ်၊ ခြောက်ဆယ့်သုံး၊
ယောက်ျား၊ လေးဆယ်၊ မယ်ရီလင့်ခ်ျ၊ ၂၆ထပ်၊ ရှီနာဂါဝ။

အမျိုးသမီးက ကျွန်တော်ပြီးတဲ့ထိ စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်။
“ကျွန်မယောက္ခမသေပြီးတဲ့နောက် ယောက္ခမအမမှာ အကြောက်လွန်တဲ့ရောဂါ ရလာတယ်။
မိုးရွာရင် ပိုဆိုးတယ်။ သူ့ယောက်ျား မိုးရွာတဲ့ညမှာ ဆုံးသွားတာနဲ့ ပတ်သက်ချင်လည်း ပတ်သက်မှာပေါ့”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“လက္ခဏာစပြလာရင် ကျွန်မတို့ကို ဖုန်းဆက်တယ်။
ကျွန်မယောက်ျားက သူ့ကို စောင့်ရှောက်ဖို့ ၂၄ ထပ်ကို ဆင်းသွားတယ်။
သူမကို ငြိမ်သွားအောင် ကြိုးစားရတယ်။ ကျွန်မယောက်ျား အိမ်မှာမရှိရင် ကျွန်မသွားတယ်”
သူမက ကျွန်တော့် ဘာပြန်ပြောမလဲ စောင့်နေတယ်။ ကျွန်တော် အသာငြိမ်နေလိုက်တယ်။
ကျွန်တော်တစ်ခုခုများရေးမလားစောင့်ရင်း ခြေထောက်ကို ချိတ်လိုက်တယ်။
ကျွန်တော် ဘာမှ ချမရေးဘူး။

“တနင်္ဂနွေတစ်မနက်တော့ ဆယ်နာရီလောက် ကျွန်မတို့ကို လှမ်းခေါ်တယ်။
တနင်္ဂနွေနှစ်ခါရှိပြီ။ ဆယ်ရက်ပေါ့”
စားပွဲတင် ပြက္ခဒိန်ကို ကျွန်တော်လှမ်းကြည့်လိုက်တယ်။
“စက်တင်ဘာသုံးရက်၊ တနင်္ဂနွေလား”
“ဟုတ်တယ်။ သုံးရက်နေ့၊ ကျွန်မယောက္ခမက မနက်ဆယ်နာရီမှာ ဖုန်းဆက်တာ”
ပြန်စဉ်းစားနေသလိုမျိုး သူမရဲ့ မျက်လုံးတွေကို မှိတ်ထားတယ်။
ဟစ်ကော့ရဲ့ ရုပ်ရှင်ထဲမှာဆိုရင်တော့ ဒီနေရာမှာ ပိတ်ကားပြင်က လှိုင်းလေးတွေထလာပြီး
နောက်ကြောင်းပြန်အခန်းတွေ ပြလိမ့်မယ်။ ဒါပေမယ့် ဒါက ရုပ်ရှင်မဟုတ်ဘူး။
ဘာနောက်ကြောင်းပြန်မှ လာဖို့ မရှိဘူး။ မျက်လုံးပြန်ပွင့်လာပြီး သူမဆက်ပြောတယ်။

“ကျွန်မယောက်ျားက ဖုန်းကိုင်တယ်။ သူ ဂေါက်ရိုက်သွားချင်နေတာ။
ဒါပေမယ့် အာရုံတက်ကတည်းက မိုးရွာနေလို့ သူအစီအစဉ်ဖျက်လိုက်တာ။
မိုးမရွာခဲ့ရင် ဒီလိုဖြစ်ချင်မှ ဖြစ်မှာ”
စက်တင်ဘာ ၃ ရက်နေ့၊ ဂေါက်၊ မိုး၊ အစီအစဉ်ဖျက်၊ ယောကမ ဖုန်းဆက်။
ကျွန်တော်အားလုံးချရေးလိုက်တယ်။

“ကျွန်မ ယောက္ခမက သူအသက်ရှုရတာခက်တယ်လို့ ပြောတယ်။
မူးတာ ရပ်တောင်မရပ်နိုင်ဘူးတဲ့။ ကျွန်မယောက်ျားလည်း မုတ်ဆိတ်တောင်မရိတ်နိုင်ပဲ
ဆင်းချသွားတယ်။ သူမကြာဘူး၊ မနက်စာအသင့်လုပ်ထားလို့ ကျွန်မကို ပြောသွားတယ်”
“သူဘာတွေဝတ်ထားသလဲ”
သူမ နှာခေါင်းကို အသာအယာ ပွတ်လိုက်တယ်။
“ချီနီုဘောင်းဘီနဲ့ ပိုလိုရှပ်လက်တို။ ရှက်က မီးခိုးရောင် မှိုင်းမှိုင်း။ ဘောင်းဘီက နို့နှစ်ရောင်။
သူက အနီးမှုန်ရှိတယ်။ မျက်မှန်အမြဲတပ်ရတယ်။ သတ္တုကိုင်းနဲ့ အာမနီ။
ဖိနပ်က နယူဘယ်လင့်မီးခိုးရောင်။ ခြေအိတ်ဝတ်မထားဘူး”
ကျွန်တော် အသေးစိတ် ရေးမှတ်လိုက်တယ်။

“မိနစ်အစိတ်လောက်ကြာတော့ ကျွန်မယောက်ျားဖုန်းဆက်တယ်။
သူ့အမေ အေးဆေးဖြစ်သွားလို့ သူအပေါ် ပြန်တက်လာတော့မယ်လို့ ပြောတယ်။
ငါအရမ်းဆာနေပြီ။ ငါရောက်တာနဲ့စားလို့ရအောင် မနက်စာ အဆင်သင့်လုပ်ထားတော့လို့
သူကပြောတယ်။ ကျွန်မ ဒယ်အိုးကို အပူပေးပြီးမုန်နဲ့ ၀က်ပေါင်ခြောက်တွေ ကြော်လိုက်တယ်။
မေပယ်လ်သီးဖျော်ရည်ကိုလည်း အပူပေးလိုက်တယ်။ ပြီးတော့ သူ့ကို ကျွန်မစောင့်တယ်။
စောင့်တယ်။ သူပြန်မလာဘူး။ သူ့ပန်းကန်ထဲမှာ ပြင်ထားတဲ့မုန့်တွေတောင် အေးကုန်ပြီ။
ကျွန်မယောကမဆီဖုန်းဆက်လိုက်တယ်။ ကျွန်မယောက်ျား အဲဒီမှာ ရှိနေသေးလားပေါ့။
သူပြန်သွားတာ ကြာလှပေါ့လို့ သူမက ပြန်ဖြေတယ်”
စကတ်မှာ တစ်ခုခုပေနေသလိုမျိုး ဒူးအထက်နားတစ်နေရာကို သူမပွတ်နေတယ်။

“ကျွန်မယောက်ျား ပျောက်သွားတယ်။ လေထဲကို ပျောက်သွားတာ။ အဲဒီကတည်းက
သူ့ဆီက ဘာမှကို မကြားရတော့တာ။ ၂၄ ထပ်နဲ့ ၂၆ထပ်ကြား တစ်နေရာမှာ သူပျောက်သွားတာ”
“ရဲကို အကြောင်းကြားသေးလား”
“ကြားတာပေါ့” စိတ်မရှည်ပုံမျိုးနဲ့ သူမ နှုတ်ခမ်းတွန့်သွားတယ်။
“တစ်နာရီထိုးတဲ့အထိ သူပြန်ရောက်မလာတော့ ရဲကို ဖုန်းဆက်လိုက်တယ်။
ဒါပေမယ့်သူတို့ သိပ်မရှာပါဘူး။ ပတ္တရောင်ရဲတစ်ယောက်လာတယ်။ အဓိကရုန်းဖြစ်ထားတဲ့
လက္ခဏာမတွေ့ရတော့ သိပ်စိတ်ပူပုံမရဘူး။ စခန်းသွားပြီး လူပျောက်တိုင်ဖို့ သူကပြောတယ်။
ရဲသားကိုကြည့်ရတာ ကျွန်မယောက်ျားဟာ နေရထိုင်ရတာ ငြီးငွေ့လာလို့ တစ်နေရာရာကို
ခဏထွက်သွားတာလို့ ထင်နေပုံပဲ။ အဲဒါ အဓိပ္ပာယ်မရှိဘူး။ စဉ်းစားကြည့်လေ။
ကျွန်မယောက်ျားဟာ သူ့အမေဆီကို လက်ဗလာနဲ့ ဆင်းသွားတာ။
ပိုက်ဆံအိတ်၊ ဒရိုင်ဘာလိုင်စင်၊ အကြွေးကဒ်၊ နာရီ၊ ဘာတစ်ခုမှ ပါမသွားဘူး။
ဘုရားရေ၊ သူမုတ်ဆိတ်တောင် မရိတ်ရသေးဘူး။
ကျွန်မကိုတောင် ဖုန်းဆက်ပြီး မနက်စာအသင့်လုပ်ထားဖို့ ပြောလိုက်သေးတယ်။
အိမ်ကထွက်ပြေးမယ့်လူတစ်ယောက်ဟာ ဖုန်းဆက်ပြီး မုန့်တွေဖုတ်ထားဖို့ မပြောနိုင်ပါဘူး။
မဟုတ်ဘူးလား

“ခင်ဗျားပြောတာ ဟုတ်ပါတယ်။ ကျွန်တော့်ကို တစ်ခုပြောပါဦး။
ခင်ဗျားယောက်ျား ၂၄ ထပ်ကို ဆင်းတော့ လှေကားကနေ ဆင်းတာလား”
“သူက ဓာတ်လှေကား ဘယ်တော့မှ မသုံးဘူး။ ဓာတ်လှေကားတွေကို မကြိုက်ဘူး။
အလုံပိတ်ထားတဲ့ အဲ့လိုနေရာမျိုးမှာ ရပ်မနေနိုင်ဘူးလို့ ပြောဘူးတယ်”
“ဒါတောင် ခင်ဗျားတို့ ၂၆ ထပ်မှာ နေဖို့ ရွေးထားတယ်နော်”
“ဟုတ်တယ်။ ဒါပေမယ့် သူကတော့ အမြဲ လှေကားနဲ့ပဲ တက်တယ်။
အဲဒါ လေ့ကျင့်ခန်းပဲ၊ သူ့ကို ၀ိတ်ကျစေတယ်လို့ သူအမြဲပြောတယ်”
“အခြေအနေကတော့ ဒါပဲ။ ရှင်ဒီအမှုကို လက်ခံမှာလား”

ကျွန်တော်ဖိုင်တွဲတွေ ဟိုလှန်ဒီလှန်လုပ်ဟန်ဆောင်လိုက်တယ်။
အမှုကို ချက်ချင်းလက်ခံလိုက်ရင် အမှုသည်က တမျိုးတမည် ထင်ချင်ထင်နေဦးမှာ။

“ခင်ဗျားယောက်ျားကို နောက်ဆုံးတွေ့လိုက်ရတဲ့ နေရာကို ကျွန်တော်ကြည့်ချင်တယ်။
အခု အဲဒီကို သွားလို့ရမလား”
“ရတာပေါ့” အမျိုးသမီးက မျက်မှောင်ကြုံ့ပြီး ကျွန်တော့်ကို ကြည့်တယ်။
“ဒါရှင်ဒီအမှုကို လက်ခံလိုက်ပြီဆိုတဲ့ သဘောပေါ့နော်”
“ဟုတ်တယ်”
“ကျွန်မတို့ ဈေးမပြောရသေးဘူးလေ”
“ကျွန်တော် ပိုက်ဆံမယူပါဘူး”
“ရှင်”
“ဒီအလုပ်ကို ကျွန်တော်က စေတနာ့ ၀န်ထမ်းလုပ်တာပါ”
“ဒါရဲ့ နောက်မှာ ဘာသာရေးတို့၊ နယူးအေ့ဂ်ျတို့ တစ်ခုခုများ ရှိနေလား”
“မရှိပါဘူး။ တကယ်လို့ ခင်ဗျားပိုက်ဆံမပေးရလို့ စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုရင်လည်း

ယာဉ်တိုက်မှုကြောင့်မိဘမဲ့ဖြစ်ရသောကလေးများရံပုံငွေဆိုတာရှိတယ်။
အဲဒီမှာ ပိုက်ဆံနည်းနည်းသွားလှူလိုက်ပေါ့”

သူမက ကျွန်တော့်ကို ကြည့်ရင်း နှာခေါင်းကို တစ်ချက်ပွတ်လိုက်တယ်။
နည်းနည်းတုံးသွားပြီဖြစ်တဲ့ ခဲတံကို ခွက်ထဲပြန်ထဲ့လိုက်တယ်။

ကျွန်တော့်ကို သူမနေတဲ့ တိုက်ဆီခေါ်သွားတယ်။
သူမတို့အခန်း (အမှတ်၂၆၀၉)နဲ့ သူမယောက္ခမရဲ့ အခန်း (အမှတ် ၂၄၁၇)ကို
ကျွန်တော့်ကို ပြတယ်။ အထပ်တွေကို ကူးတဲ့ လှေကားကတော်တော်ကျယ်တယ်။

“ကျွန်မယောက်ျားဒီကွန်ဒိုဝယ်ဖြစ်တဲ့အကြောင်းက လှေကားတွေကျယ်လို့ပဲ။
လှေကားတွေဟာ အဆောက်အဦရဲ့ ကျောရိုးပဲလို့ ကျွန်မယောက်ျားက ပြောလေ့ရှိတယ်။
တကယ့်ကို အမှတ်ရလောက်တဲ့လှေကားပဲလို့ ၀န်ခံရမှာပဲ။
၂၅ ထပ်နဲက ၂၆ထပ်ကြားက အချိုးလေးမှာ ဆိုဖာတစ်လုံးချထားတယ်။
နံရံပြည့်မှန်ချပ်ကြီးလည်းချိတ်ထားသေးတယ်။
ပြတင်းပေါက်ကနေ တောက်ပတဲ့ ကောင်းကင်နဲ့ ရွေ့နေတဲ့ တိမ်တွေကို မြင်နေရတယ်။
ပြတင်းပေါက် အသေပိတ်ထားပြီး ဖွင့်လို့တော့မရဘူး”

“အထပ်တိုင်းမှာ ဒီလိုနေရာမျိုးရှိတာလား”
“မဟုတ်ဘူး။ ငါးထပ်မှာတစ်ခု။ ရှင်ကျွန်မတို့အခန်းနဲ့ ယောက္ခမရဲ့ အခန်းကို ကြည့်ဦးမလား”
“အခုမကြည့်သေးဘူး”
“ကျွန်မယောက်ျားပျောက်သွားပြီးကတည်းက အဘွားကြီးလည်း အခြေအနေပိုဆိုးလာတယ်”
“ကျွန်တော်သူ့ကို မနှောင့်ယှက်တော့ပါဘူး”
“ကျေးဇူးပါပဲရှင်။ ကျွန်မအိမ်နီးချင်းတွေကိုလည်း မပြောမိပါစေနဲ့။
ကျွန်မယောက်ျားပျောက်သွားတဲ့ အကြောင်း ကျွန်မဘယ်သူ့ကိုမှ ပြောမထားဘူး”
“ကျွန်တော် သဘောပေါက်ပါတယ်။ ခင်ဗျားဒီလှေကားကို သုံးလေ့ရှိသလား”
“ဟင့်အင်း၊ ကျွန်မက ဓာတ်လှေကားပဲစီးတာ။
ကျွန်မတို့အပြင်သွားရင် သူကအရင်ဆင်းသွားပြီး ကျွန်မကနောက်မှ
ဓာတ်လှေကားနဲ့လိုက်တယ်။ ဧည့်ခန်းထဲမှာပြန်ဆုံတယ်”

ပထမဆုံးကျွန်တော်လုပ်တဲ့အလုပ်ကတော့ ၂၆ထပ်နဲ့ ၂၄ထပ်ကို ဆင်းလိုက်တက်လိုက်
သုံးခေါက်လုပ်ကြည့်တာပါပဲ။ တခေါက်ထက်တခေါက် ပိုပြီးဖြည်းဖြည်း
အတက်အဆင်းလုပ်တယ်။ အဖြစ်အပျက်တိုင်းဟာ ခြေရာလက်ရာကျန်တတ်တယ်။
ကျွန်တော့်အလုပ်က အဲဒါကို ဖော်ထုတ်ဖို့ပဲ။ ပြဿနာက လှေကားကို
သေချာတိုက်ချွတ်ထားတာမို့ အမှိုက်တစ်စ၊ ချစ်ရာတစ်ခု၊ အချိုင့်တစ်ခုတောင် မတွေ့ရတာပဲ။

မနားတမ်းတက်လိုက်ဆင်းလိုက်လုပ်လိုက်တာ ကျွန်တော်နည်းနည်းမောသွားတယ်။
ဆိုဖာပေါ်မှုာ ခဏထိုင်ချလိုက်တယ်။ ဆိုဖာနဲ့ မျက်နှာချင်းဆိုင်မှာ ကြည့်မှန်ရှိတယ်။
မှန်ထဲက ကျွန်တော့်အရိပ်ကို ကြည့်နေမိတယ်။ အဲဒီတနင်္ဂနွေတုံးကလည်း
ဟိုအမျိုးသမီးရဲ့ ယောက်ျား စတော့ပွဲစားလည်း ဒီမှာ ခဏနားပြီး သူ့အရိပ်သူကြည့်ချင်ကြည့်ခဲ့မှာပဲ။

မုတ်ဆိတ်မွေးနှုတ်ခမ်းမွှေးမရိတ်ရသေးတဲ့ သူ့မျက်နှာကိုပေါ့။

တွေးကြည့်ရင်တော့ ပေါလ်ဂေါ်ဂင်ဟာလည်း စတော့ပွဲစားတစ်ယောက်ပဲ။
ဒါပေမယ့် ပန်းချီဆွဲချင်လို့ မိန်းမနဲ့ကလေးကို ထားခဲ့ပြီး တဟီတီကို ထွက်သွားခဲ့တယ်။
ခဏလေး၊ ခဏလေး။ ဂေါ်ဂင်ကတော့ ပိုက်ဆံအိတ်ထားခဲ့ပုံမရဘူး။
အဲဒီခေတ်က အကြွေးဝယ်ကဒ်ရှိရင်တောင် တစ်ကဒ်လောက်ဆွဲသွားဦးမှာ။
ဂေါ်ဂင် မသွားခင် မိန်းမကို “အချစ်ရေ။ ကိုယ်အခုလေးတင် ပြန်လာမယ်။
မုန့်လေးဘာလေးဖုတ်ထားပါဦး” လို့ ပြောနေတဲ့ပုံ ကျွန်တော်မြင်ယောင်ကြည့်လို့မရဘူး။
တကယ်လို့ ခင်ဗျား ပျောက်ကွယ်သွားဖို့ အစီအစဉ်ရှိတယ်ဆိုရင်
အစစအရာရာဟာ စနစ်တကျဖြစ်နေဖို့လိုတယ်။

“သူ့ယောက်ျားဘာဝါသနာပါလဲဆိုတာ သူ့မိန်းမကို မေးရဦးမယ်”လို့ ကျွန်တော့ကို
ကျွန်တော်ပြောလိုက်တယ်။ ဒီငနဲက ပန်းချီသမားဖြစ်ချင်ဖြစ်နေမှာ။

နေ့တိုင်း မနက် ၁၁ နာရီလောက်ဆို လှေကားရှိရာ ကျွန်တော်ရောက်ဖြစ်တယ်။
အဆောက်အဦစောင့်နဲ့ တောင် အဖွဲ့ကျနေပြီ။ ၂၄ထပ်နဲ့ ၂၆ထပ်
ကူးချည်သန်းချည်လုပ်တာလည်း အခေါက် ၂၀၀ လောက်ရှိနေပြီ။
အဆောက်အဦကို နေ့တိုင်းရောက်နေတော့ လှေကားကို သုံးတဲ့
တခြားသူတွေရှိတယ်ဆိုတာ သိလာရတယ်။

တနင်္ဂနွေနေ့လယ်ခင်းတစ်ခုမှာ လှေကားကို ပြေးတက်လာတဲ့လူတစ်ယောက်နဲ့
ဆုံမိတယ်။ အရပ်ကပုပု။ အသက်က သုံးဆယ်လောက်။ ကက်စီယိုလက်ပတ်နာရီနဲ့။
အပြေးလေ့ကျင့်တဲ့ဝတ်စုံဝတ်ထားတယ်။
“တဆိတ်လောက်”
“ခင်ဗျာ”သူ့လက်က နာရီခလုတ်ကို နှိပ်လိုက်ပြီး အသက်ပြင်းပြင်းရှုနေတယ်။
“ခင်ဗျားအမြဲတမ်း ဒီလှေကားကနေ ပြေးတက်ပြေးဆင်းလုပ်သလား”
“အင်း၊ သုံးဆယ့်နှစ်ထပ်ထိပြေးတက်တယ်။ အဆင်းတော့ ဓာတ်လှေကားနဲ့။
လှေကားကနေ ပြေးဆင်းရတာ အန္တရာယ်ရှိတယ်”
“ဒီမှာပဲနေတာလား”
“ဟုတ်တယ်။ ဆယ့်ခုနှစ်ထပ်မှာ”
“ခင်ဗျား မစ္စတာ ကုရုမိဇာဝကိုများ သိသလားမသိဘူး။ နှစ်ဆယ့်ခြောက်ထပ်ကလေ”
“မစ္စတာ ကုရုမိဇာဝ”
“စတော့ပွဲစားလေ။ သတ္တုဂိုင်းအာမနီမျက်မှန်နဲ့။ လှေကားနဲ့ပဲ အမြဲအတက်အဆင်းလုပ်တယ်။
အရပ်က ငါးပေရှစ်လက်မ။ အသက်လေးဆယ်လောက်”
အပြေးသမားက ခဏလောက်စဉ်းစားနေတယ်။

“ဟုတ်ပြီ။ အဲဒီလူ့ကို ကျွန်တော်သိတယ်။ တစ်ခါတောင် စကားပြောဘူးသေးတယ်။
ကျွန်တော်ပြေးနေရင်း လှေကားမှာ သူနဲ့ဆုံတာ။ ဆိုဖာမှာသူထိုင်နေတာ တွေ့တာပဲ”
“ဟုတ်တယ်။ သူ့အပြင် လှေကားသုံးတဲ့ တခြားလူတွေရှိသေးလား”
“နှစ်ယောက်လောက်တော့ရှိတယ်”
“သူတို့နာမည်တွေများ သိမိသေးလား”
“အဲဒါတော့ မသိဘူးဗျ။ ကျွန်တော်က သူတို့မျက်နှာတွေပဲသိတယ်။
ဖြတ်သွားရင်း နှုတ်ဆက်ရုံလောက်ပဲရှိတာ”
“ကျေးဇူးပါပဲဗျာ”
သူ့နာရီက ခလုတ်ကို ပြန်နှိပ်ပြီး ဆက်ပြီးပြေးသွားတယ်။

အင်္ဂါနေ့ ဆိုဖာမှာထိုင်နေတုံး အဘိုးကြီးတစ်ယောက်ဆင်းလာတယ်။
အသက်ခုနှစ်ဆယ်ကျော်လောက်ရှိပြီ။ ဆံပင်ဖြူဖြူ၊ မျက်မှန်နဲ့။
သူ့ကို ကြည့်ရတာ အငြိမ်းစားမူလတန်းကျောင်းအုပ်ကြီးနဲ့တူတယ်။
“ဟဲလို”သူက စနှုတ်ဆက်တယ်။
“ဟဲလို”
“တဆိတ်လောက် ဆေးလိပ်သောက်လို့ရမလား”
“ရပါတယ်။ သောက်ပါ”
အဘိုးအိုက ကျွန်တော့်ဘေးမှာဝင်ထိုင်လိုက်တယ်။
သူ့ဘောင်းဘီအိတ်ထဲက ဆဲဗင်းစတား စီးကရက်တစ်ဘူး ဆွဲထုတ်တယ်။

စီးကရက်မီးညှိပြီး မီးခြစ်ဆံကို ပြာခွက်ထဲထည့်လိုက်တယ်။

“ကျုပ်က ၂၆ထပ်မှာနေတယ်”
အဘိုးကြီးက စီးကရက်မီးခိုးမှုတ်ထုတ်ရင်း ပြောတယ်။
“ကျူပ်သားနဲ့ ချွေးမက စီးကရက်မီးခိုးမွှန်တယ်လို့ ပြောတယ်။
ဒါနဲ့ ကျုပ်လည်း စီးကရက်သောက်ချင်ရင် ဒီကို ဆင်းဆင်းလာတယ်။
ကိုယ့်လူရော ဆေးလိပ်သောက်တတ်လား”
“ကျွန်တော်ဆေးလိပ်ဖြတ်တာ ဆယ့်နှစ်နှစ်ရှိပြီ”
“ကျုပ်လည်း ဖြတ်ရမယ်။ ဒါပေမယ့် စတိုးဆိုင်မှာ စီးကရက်သွားဝယ်ရတာ၊
ဆေးလိပ်သောက်ဖို့ ဒီကိုဆင်းလာရတာတွေက အချိန်ကုန်အောင်လုပ်ပေးတယ်။
လှုပ်လှုပ်ရှားရှားလေးဖြစ်သွားပြီး သိပ်ပြီး ဟိုတွေးဒီတွေး မဖြစ်တော့ဘူးပေါ့”

“အဘပြောတာက အဘက ကျန်းမာရေးအတွက် ဆေးလိပ်သောက်နေတယ်ဆိုတာမျိုး
ဖြစ်နေတယ်”
“အစစ်ပဲ”
“အဘက ၂၆ထပ်မှာနေတယ်လို့ ပြောခဲ့တယ်နော်”
“အင်း”
“၂၆၀၉က မစ္စတာ ကုရုမိဇာဝကို သိလား”
“သိတယ်။ မျက်မှန်နဲ့လေ။ ဆယ်လမွန်ဘရားသားမှာ လုပ်တယ်ထင်တယ်”
“မယ်ရီလင့်ခ်ျပါ”
“ဟုတ်တယ်။ မယ်ရီလင့်ခ်ျ။ သူနဲ့ ဒီမှာ စကားပြောဖူးတယ်။
သူက ဆိုဖာမှာ တခါတလေထိုင်နေတတ်တယ်”

“သူဒီမှာ ဘာလုပ်တာလဲ”
“ကျုပ်လည်းမသိဘူး။ ထိုင်တော့ ထိုင်နေတာပဲ။ အပြင်ကိုငေးငေးနေတာပဲ။
ဆေးလိပ်တော့မသောက်တတ်ဘူး ထင်တယ်”
“အလုပ်မှာ အဆင်မပြေတာ၊ အိမ်မှာအဆင်မပြေတာမျိုး
မစ္စတာ ကုရုမိဇာဝ ပြောဘူးသေးလား”
“ကိုယ့်လူလည်း သိမှာပါ။ ရေကတော့ အတိုဆုံးလမ်းကနေ စီးတာပဲ။
တခါတလေအတိုဆုံးလမ်းကို သူ့ဘာသာ ပုံဖော်သွားတတ်တယ်။
လူတွေရဲ့ အတွေးကလည်း ဒီလိုပါပဲ။ အနည်းဆုံးတော့ ကျုပ်အထင်ပေါ့လေ။
သြော် ကိုယ့်လူမေးထားတာ ကျုပ်မဖြေရသေးဘူး။
မစ္စတာ ကုရုမိဇာစနဲ့ကျုပ်နဲ့ အဲဒီလို လေးနက်တဲ့အကြောင်းတွေ တခါမှမပြောဘူးပါဘူး။

ကျုပ်တို့စကားစမြည်ပြောရုံလောက်ပါပဲ။ရာသီဥတုအကြောင်း၊
တိုက်ခန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း၊ အဲဒါမျိုးတွေပါပဲ”
“ဟုတ်ပါပြီ။ အဘရဲ့ အချိန်ကို ဖြုန်းမိတာ ဆောရီးပါ”

အဘိုးအိုက ကျွန်တော်ပြောတာ မကြားသလိုမျိုး ဆက်ပြောတယ်။
“တခါတလေ ကျုပ်တို့က စကားလုံးတွေကိုမလိုအပ်ဘူး။
စကားလုံးတွေကသာ ကျုပ်တို့ကို လိုအပ်တာ။ ခင်ဗျားရော အဲလိုမထင်ဘူးလား။
အပြောမခံရဘူးဆိုရင် စကားလုံးတွေဟာလည်း စကားလုံးမဟုတ်တော့ဘူးပေါ့”
“အဲဒါဟုတ်တယ်”
အဘိုးအိုက သူ့အခန်းသူပြန်ဖို့ ထိုင်ရာက ထလိုက်တယ်။
“နောက်မှတွေ့မယ်”

အဲဒီအပတ်သောကြာနေ့ နေ့လည် နှစ်နာရီလောက် ၂၅ထပ်နဲ့ ၂၆ထပ်ကြားက
နေရာကို ကျွန်တော်ထွက်လာခဲ့တယ်။

ကလေးမလေးတစ်ယောက် ဆိုဖာပေါ်မှာ ထိုင်နေတာ တွေ့ရတယ်။
မှန်ထဲမှာ သူ့ပုံရိပ်သူကြည့်ရင်း သီချင်းညဉ်းနေတယ်။
“ဟိုင်း”လို့ ကျွန်တော်က နှုတ်ဆက်လိုက်တယ်။
“ဟိုင်း”
ကလေးမလေးသီချင်းဆိုတာ ရပ်သွားတယ်။
“သမီး ဒီမှာနေတာလား”
“ဟုတ်၊ ၂၇ ထပ်မှာ”
“လမ်းလျှောက်ပြီးတက်လာတာလား”
“ဓာတ်လှေကားက နံတယ်။ သမီး ၂၇ ထပ်ကို လျှောက်တက်လာတယ်။
အမြဲတော့ မဟုတ်ပါဘူး”
“မမောဘူးလား”
ကလေးမလေးက ပြန်မဖြေဘူး။

“လှေကားမှာရှိတဲ့ မှန်တွေထဲမှာ ဒီမှန်က ပုံရိပ်ထင်တာ အကောင်းဆုံးပဲ။
သမီးတို့အခန်းထဲက မှန်နဲ့လည်း မတူဘူး”
“ဟင်”
“ဦး ကိုယ့်ဟာကိုယ်ကြည့်ကြည့်ပါလား”
ကျွန်တော်အသာထပြီးကြည့်လိုက်တော့ မှန်ထဲမှာ မြင်နေရတဲ့ ကျွန်တော့်ပုံစံက
နဂိုမြင်နေကြနဲ့ ဒီဂရီနည်းနည်း ကွာနေသလိုပဲ။ ဒီမှန်ထဲမှာ မျက်နှာက ပိုပြည့်ပြီး ပိုပျော်နေပုံပဲ။
“ဦးမှာ ကလေးရှိလား”
“ဟင့်အင်း”
“မေမေက ပြောဘူးတယ်။ ကလေးမရှိတဲ့ လူကြီးတွေနဲ့ စကားမပြောနဲ့တဲ့။
သူတို့ဟာ ခပ်ကြောင်ကြောင်လူတွေတဲ့”
“သမီးမေမေ ပြောတာဟုတ်ပါတယ်။ သမီးမသိတဲ့ လူတွေနဲ့ စကားပြောတဲ့အခါ သတိထားဖို့လိုတယ်”

“သမီးကတော့ ဦးကို ခပ်ကြောင်ကြောင်လို့ မထင်ပါဘူး”
“မဟုတ်ပါဘူး”
“သမီကို ဦးရဲ့ ……. ကိုတော့ မပြပါဘူးနော်”
“ဟင့်အင်း”
“ဦးက ကလေးလေးတွေရဲ့ အောက်ခံဘောင်းဘီတွေကိုရော စုသေးလား”
“ဟာ မစုပါဘူး”
“အဲဒါဆို ဘာတွေစုလဲ”
ကျွန်တော် စဉ်းစားကြည့်တယ်။ ကျွန်တော်ကမော်ဒန်ကဗျာစာအုပ်တွေ စုတယ်။

“ဦးက ဘာမှမစုပါဘူး။ သမီးကရော”
ကလေးမလေးကစဉ်းစားနေတယ်။ ခေါင်းကို တစ်ချက်နှစ်ချက်ယမ်းလိုက်တယ်။
“သမီးလည်း ဘာမှ မစုဘူး”
ကျွန်တော်တို့ ခဏလောက်တိတ်သွားတယ်။
“ဦး မစ္စတာဒိုးနပ်မှာ ဘယ်ဒိုးနပ်ကို အကြိုက်ဆုံးလဲ”
“အိုးလ် ဖက်ရှင်”
“အဲဒါ သမီးမသိဘူး။ သမီးက လမုန့်နဲ့ ကြာပွတ်မုန့်တွေ ကြိုက်တယ်”
“အရသာရှိမယ့်ပုံပဲ”

“ဦးက ဒီမှာ ဘာလုပ်နေတာလဲ။ ဦးကို မနေ့ကလည်း တွေ့သေးတယ်”
“တစ်ခုခုကို ရှာနေတာ”
“ဘာလဲ”
“ဦးလည်းမသိဘူး။ တံခါးလိုဟာမျိုးဖြစ်ချင်လည်းဖြစ်မယ်”
“တံခါး၊ ဟုတ်လား။ ဘယ်လိုတံခါးမျိုးလဲ။ တံခါးတွေက အရောင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိတာကို”
ကျွန်တော် စဉ်းစားကြည့်တယ်။ ဘယ်လိုပုံစံ၊ ဘယ်လိုအရောင်နဲ့ တံခါးလဲ။
ကျွန်တော် တခါမှ တံခါးတွေရဲ့ အရောင်နဲ့ ပုံစံတွေကို မစဉ်းစားမိဘူး။

“မသိဘူး။ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ။ တံခါးဟုတ်ချင်မှလည်း ဟုတ်မယ်”
“ထီးတွေဘာတွေရော ဖြစ်နိုင်လား”
“ထီးလား။ အင်း၊ အဲဒါလည်းဖြစ်နိုင်တာပဲ။ ဒါပေမယ့် အဲဒါကိုတွေ့ရရင် ဦးအသေအချာသိမှာပါ”
“ဟင်၊ ဦးအဲဒါကို ရှာနေတာ ကြာပြီလား”
“ကြာပြီ။ သမီးမမွေးခင်လောက်ကတည်းကပဲ”
“တကယ်လား။ သမီးရော ကူရှာပေးရမလား”
“ကောင်းတာပေါ့”
“အဲဒီတော့ သမီးလည်း လိုက်ရှာမယ်။ ထီးလည်းဖြစ်ချင်ဖြစ်မယ်။ ဒိုးနတ်ဖြစ်ချင်လည်းဖြစ်မယ်”
“ဟုတ်တယ်။ သမီးအဲဒါကို တွေ့ရင် သိလိမ့်မယ်”

စနေနေ့မနက်မှာ ကျွန်တော့်အမှုသည်ဆီက ဖုန်းလာတယ်။
“ကျွန်မယောက်ျားကို ပြန်တွေ့ပြီ။ မနေ့နေ့လည်က ရဲတွေ ဖုန်းဆက်လာတယ်။
ဆင်ဒိုင်းဘူတာရုံက ခုံတစ်ခုံမှာ သူအိပ်ပျော်နေတာကို တွေ့ခဲ့ကြတာ။
သူ့မှာ ပိုက်ဆံလည်းမရှိဘူး။ ဘာသက်သေခံကဒ်ပြားမှလည်းမပါဘူး။ ခဏနေတော့

သူ့နာမည်တွေ၊ ဖုန်းနံပါတ်တွေ သူသတိရလာတယ်။
ကျွန်မ ဆင်ဒိုင်းကို လေယာဉ်နဲ့ ချက်ချင်းလိုက်လာတာ”
“သူ ဆင်ဒိုင်းကို ဘယ်လိုရောက်သွားတာတဲ့လဲ”
“သူအဲဒီကို ဘယ်လိုရောက်သွားလဲ သူမသိဘူးတဲ့။ ရထားအလုပ်သမားတစ်ယောက်က
သူ့ကို လှုပ်နှိုးနေ့လို့ သူနိုးလာတာ။ ပိုက်ဆံတပြားမှ မရှိပဲ ဆင်ဒိုင်းကို ဘယ်လိုရောက်သွားလဲ။
ပြီးခဲ့တဲ့ ရက် ၂၀ လုံး သူဘာတွေ စားသောက်နေခဲ့သလဲ ဘာတစ်ခုမှ မမှတ်မိတော့ဘူးတဲ့”

“သူဘာတွေ ၀တ်ထားသလဲ”
“အခန်းထဲက ထွက်သွားတုံးကအတိုင်းပဲ။ မုတ်ဆိတ်မွေးတွေနဲဖြစ်နေပြီး
ကိုယ်အလေးချိန်လည်း ပေါင် ၂၀ လောက် လျော့သွားတယ်။ အခုသူ့ကို ဆေးစစ်နေကြတယ်။
ကျွန်မဆေးရုံကနေ ဆက်နေတာ။ မနက်ဖြန် ကျွန်မတို့ ပြန်လာမယ်”
“ကောင်းတယ်။ ကောင်းတယ်”
“သူ့ကိုရှာတွေ့ဖို့ ရှင်ကြိုးစားခဲ့တာတွေအတွက် ကျေးဇူးပါပဲ။
တကယ့်ကို စိတ်ရှုပ်စရာကောင်းပြီး ရူးကြောင်ကြောင်နိုင်ပေမယ့်

အခုတော့ ကျွန်မယောက်ျားကို ကောင်းကောင်းမွန်မွန်ပြန်တွေ့ရပြီ”
“အဲဒါက ပိုအရေးကြီးပါတယ်”
“ရှင်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး”

ကျွန်တော် ဖုန်းခွက်ကို ချလိုက်တယ်။
လက်ထဲက ခဲတံကိုလှည့်ရင်း ကျွန်တော့်ရှေ့က စာရွက်လွတ်ကို ကြည့်နေမိတယ်။

ဆင်ဒိုင်းဘူတာရုံ၊ သောကြာနေ့နေ့လည်၊တယ်လီဖုန်း၊ ပေါင်၂၀ လျော့၊
မျက်မှန်ပျောက်…..တစ်ခုမှ မကျန်အောင် ကျွန်တော် ချရေးလိုက်တယ်။
“မစ္စတာ ကုရုမိဇာဝ”
အခန်းထောင့်တစ်နေရာကို ကြည့်ရင်း ကျွန်တော်အော်ဟစ်လိုက်တယ်။
“တကယ့် ကမ္ဘာကြီးက ကြိုဆိုပါတယ်။ ရောဂါသည်အမေကြီးရယ်၊
ဒေါက်မြင့်ဖိနပ်နဲ့ ခင်ဗျားမိန်းမရယ်၊ မယ်ရီလင့်ခ်ျရယ် ပါတဲ့ သုံးဖက်မြင်ကမ္ဘာကြီးကပေါ့”

ပြီးပါပြီ။

– ဘယ်နေရာမှာ တွေ့မလဲ (အပိုင်း ၁)

– ဘယ်နေရာမှာ တွေ့မလဲ (အပိုင်း ၂)
ဂျပန်စာရေးဆရာ မူရာကာမိရဲ့ Where I ’m likely to find it ၀တ္ထုတိုကို
ကိုမိုးဆတ်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

မူရင်း တောကျောင်းဆရာဘလောက် တွင် အပိုင်းသုံးပိုင်းခွဲ ၍ တင် ဆက်ထားခြင်းဖြစ်ပြီး Freedom News Group မှ ဇာတ်လမ်းအပြည့်အစုံ ထိ တင်ဆက် ပြီးချိန် တွင် စာဖတ်သူများ
နိုင်ငံတကာ ရသ စာပေ အခင်းအကျင်း ကို ခံစား နိုင်ရန် ပြန် လည် တင်ဆက်ပေးခြင်းဖြစ်ပါသည်။

စာဖတ်သူများကို စား မူရင်းစာရေးဆရာ ဘာသာပြန်သူ ကိုမိုးဆတ် နှင့် တောကျောင်းဆရာ တို့ ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။