ငြိမ်းချမ်းငြိမ်း
တခေတ်တခါက ကမ္ဘာ့ရုပ်ရှင်သမိုင်းတွင်ရော မြန်မာ့
ရုပ်ရှင်သမိုင်းတွင်ပါ “အများပြည်သူများ ကြည့်ရှုရန်
မသင့်တော်” ဟု သတိပေးကြေညာချက် ထုတ်ပြန်ထားသည့်
ဇာတ်ကားများကို ရုပ်ရှင်ဝါသနာအိုးများ တွေ့ဖူးကြမည်
ဖြစ်သည်။
ယခုခေတ် နိုင်ငံတကာ ရုပ်ရှင်ထုတ်လုပ်မှုတွင်မူ ဤကဲ့
သို့သော အများပြည်သူ ကြည့်ရှုရန် မသင့်တော် ဟူသည့်
ထုတ်လုပ်သူများ၊ ဒါရိုက်တာများက အနုပညာဖြင့် ပြန်လည်မွမ်းမံ၊
အနုရသဘက် ဇောင်းပေးကာ အထူးပြုလုပ်ချက် နည်းပညာများ
ထုံမွှမ်း၍ ပရိသတ် လက်ခံနိုင်သော အဆင့်ရောက်အောင်
ပြန်လည်အားထုတ်
နိုင်ခဲ့ကြသည်။
ယနေ့အချိန်တွင်မူ ထိုဇာတ်ကားများကို ရုပ်ရှင်ချစ်သူများက နှစ်နှစ်ခြိုက်ခြိုက် အာပေးနေရုံသာမက ရုပ်ရှင်ထူးချွန်ဆုများကိုလည်း သိမ်းပိုက်နိုင်ကြပြီဖြစ်သည်။
၂ဝဝ၅ ခုနှစ် နောက်ပိုင်းခန့်မှစ၍ ထိုဇာတ်ကား အမျိုးအစားများမှာ ဆုလျာထားစာရင်းများတွင် ပါဝင်လာခဲ့သည်။ ယခုနှစ်ကျင်းခဲ့သည့် အော်စကာဆုပေးပွဲတွင်လည်း ထိုဇာတ်ကားများမှာ ထူးချွန်ဆုတချို့ ရရှိခဲ့သည်။ အော်စကာဆုအတွက် လိင်ပိုင်းဆိုင်ရာ အသားပေးပြီး တင်ပြပုံ ဆန်းသစ်သည့် ဇာတ်ကား အနည်းအကျဉ်းသာ ဆုအတွက် ရွေးချယ်ခံရသော်လည်း မေလ ၁၃ ရက်မှ ၂၄ ရက်နေ့အထိ ကျဉ်းပသော ၆၂ ကြိမ်မြောက် ကိန်း(စ်) ရုပ်ရှင်ပွဲတော်တွင်မူ ရိုက်ချက်ပြင်းသည်ဟု ဆိုရမည့် ဇာတ်ကားများသာ ဆုများ ရရှိခဲ့ကြသည်။
ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် နှစ်စဉ်ကျင်းပသည့် ကိန်း(စ်) ရုပ်ရှင်ပွဲတော်မှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များအနက် အထင်ကရ ရုပ်ရှင်ပွဲတော်တခု ဖြစ်သည်။ ၆၂ ကြိမ်မြောက် ကိန်း(စ်) ရုပ်ရှင်ပွဲတော်တွင် ပေးအပ်ချီးမြှင့်သော ဆုများအနက် အမြင့်ဆုံးဖြစ်သည့် ရွှေအုံးလက်ဆု (Palm d’ Or) ဆုကို ရရှိသွားသည့် ဇာတ်ကားမှာ သြစတြီးယား ဇာတ်ကား The Whit Ribbon ဖြစ်သည်။ သြစတြီးယား ဇာတ်ကားများမှာ ရိုက်ကူးမှု အဆင့်မြင့်လာပြီး ပြီးခဲ့သည့် အော်စကာဆုပေးပွဲတွင် သြစတြီးယား ဇာတ်ကား Revanche မှာ အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြောဆု လျာထားခံရသည်။
ဒါရိုက်တာ မိုက်ကယ်ဟန်ကီက ရိုက်ကူးထားသည်။ ပထမကမ္ဘာစစ် မတိုင်ခင် ဂျာမန်ရွာလေးတခုမှ ကလေးငယ်နှင့် မိန်းမသားများမှာ ခေတ်သစ်အကြမ်းဖက်မှု မပေါ်ပေါက်ခင်ကတည်းက လူမသိ သူမသိ အကြမ်းဖက်ခံရသည့် ကိစ္စများ ဖြစ်သည်။ ထိုရုပ်ရှင်ကားကို အဖြူအမည်းဖြင့် တင်ဆက်ထားသည်။
Grand Prix ဟုခေါ်သည့် ဒုတိယမြောက် အကောင်းဆုံး ဇာတ်ကားဆုကို ပြင်သစ်ဇာတ်ကား A Prophet က ဆွတ်ခူးသွားသည်။ ပြင်သစ် ဒါရိုက်တာ ဂျက်အော်ဒီယာဒ် ရိုက်ကူးထားသည်။ ပြင်သစ် အကျဉ်းထောင်ထဲသို့ ငယ်ငယ်ရွယ်ရွယ်နှင့် ရောက်ခဲ့ရသည့် လူငယ်တဦးမှာ မြေအောက် ဒုစရိုက်ခေါင်းဆောင်များနှင့် ပေါင်းမိပြီး ထိပ်တန်း မာဖီးယားဂိုဏ်းဝင် ဖြစ်သွားရပုံကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။
ဂျူရီ လူကြီးများဆု (Jury Prize) ကိုမူ ဗြိတိသျှ ဇာတ်ကား Fish Tank နှင့် တောင်ကိုရီးယား သည်းထိတ်ရင်ဖို ဇာတ်ကား Thirst က ရရှိသည်။ Thirst ဇာတ်ကားကို ရိုက်ကူးခဲ့သည် တောင်ကိုရီးယား ဒါရိုက်တာ ပတ်ချန်ဝုခ်မှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ ထူးချွန်ဆုများ ရရှိခဲ့သည့် ဒါရိုက်တာ ဖြစ်သည်။ သူ၏ ဇာတ်ကား တခုဖြစ်သော Old Boy ဇာတ်ကားမှာ ၂ဝဝ၄ ခုနှစ်က ကိန်း(စ်) ရုပ်ရှင်ပွဲတော်တွင် ဂျုရီဆု ရရှိခဲ့သည်။
နှစ်စဉ်နှစ်တိုင်း အကောင်းဆုံး ဒါရိုက်တာဆုအတွက် ဥရောပ ဒါရိုက်တာများက အများဆုံး ဆွတ်ခူးလေ့ရှိသော်လည်း ယခုနှစ်တွင် ဖိလစ်ပိုင် ဒါရိုက်တာ ဘရိုင်လန့် မန်ဒိုဇာက သူ၏ Kinatay ဇာတ်ကားဖြင့် ဆုရရှိခဲ့သည်။ အရှေ့တောင် အာရှ ဒါရိုက်တာတဦး အနေဖြင့် ကိန်း(စ်) ရုပ်ရှင်ပွဲတော်တွင် ပထမဦးဆုံး ဆုရရှိခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင် ဘာသာ စကားဖြင့် ကီနာတေးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ချစ်သူနှင့် လက်ထပ်ရန်အတွက် ငွေကြေးလိုအပ်နေသည့် မနီလာ ရဲအရာရှိ သင်တန်းသားမှာ မမျှော်လင့်ဘဲ မက်ဒေါနာ ဆိုသည့် အပျော်မယ်လေး ရက်ရက်စက်စက် အသတ်ခံရမှုတွင် ပါဝင်ပတ်သက်ရပုံကို ရိုက်ကူးတင်ဆက်ပြထားခြင်း ဖြစ်သည်။ ရက်စက်ကြမ်းတမ်းစွာ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရသည့် ကိစ္စများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အမြစ်တွယ်နိုင်နေခြင်းသည် သက်ဆိုင်ရာ အာဏာပိုင်တို့ တနည်းတဖုံ ပါဝင်ပတ်သက်နေခြင်းကြောင့်ဟု ဇာတ်ကားဝေဖန်ရေး ဆရာများက ရေးသားကြကုန်သည်။
အကောင်းဆုံး သရုပ်ဆောင် မင်းသားဆုကို ဒါရိုက်တာ ကွာတင်တာရန် တီနို ရိုက်ကူးသည့် ဒုတိယကမ္ဘာစစ် နောက်ခံကားမှ S.S အရာရှိအဖြစ် သရုပ်ဆောင်ရသည့် သြစတြီးယား သရုပ်ဆောင် ခရစ်စတိုဖာ ဝေါတ်(ဇ) က ရရှိသည်။
အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုကို Antichrist ဇာတ်ကားမှာ မင်းသမီး ချားလော့ ဂရိန်းစဘော့က ရရှိသည်။ (ချားလော့ ဂရိန်းစဘော့၏ မိခင်ဖြစ်သူ ဂျိန်းဘာကင်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြီးခဲ့သည့် ရက်သတ္တပတ်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် လူထုအစည်းအဝေး ပြုလုပ်ပြီး တရားဟောခဲ့သည်)။ ချားလော့ သရုပ်ဆောင်ထားသည့် Antichrist ဇာတ်ကားကို ဒိန်းမတ် ဒါရိုက်တာ လာဗွန် တိုင်ယာက ရိုက်ကူးခဲ့သည်။ သူက စကင်ဒီနေဗီးယား နိုင်ငံများ၏ လှိုင်းသစ် (Avant -Garde) အနုပညာလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၂ဝဝဝ ခုနှစ်က သူ ရိုက်ကူးခဲ့သော Dancer in the Dark ဇာတ်ကားမှာ ကိန်း(စ်) ရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့သည်။
ထိုဇာတ်ကားတွင် ဝီလျှံ ဒါဖိုးနှင့် ဂရိန်းစဘော့ နှစ်ဦးတည်းသာ သရုပ်ဆောင်ထားသည်။ ရုပ်ရှင်ထဲတွင် လိင်ဆက်ဆံမှုများကို မကန့်သတ်ရ ဟူသော အယူအဆကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခဲ့သည့် ဒါရိုက်တာတဦး ဖြစ်သောကြောင့် Antichirst ဇာတ်ကားထဲတွင် လိင်ပိုင်းဆိုင်ရာ အသားပေး ရိုက်ချက်များ ထည့်သွင်းထားပုံမှာ မျက်စေ့ပင် ကျိန်းသည်ဟု ရုပ်ရှင်ဝေဖန်ရေး ဆရာများက ဆိုကြကုန်၏။
အကောင်းဆုံး ဇာတ်ညွှန်းဆုကို တရုတ်နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ခံရသည့် တရုတ်ဒါရိုက်တာ လုရီက သူ၏ Spring Fever ဇာတ်ကားဖြင့် ဆုရရှိခဲ့သည်။ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ကျောင်းသားလှုပ်ရှားမှုမှ စတင်ခဲ့သည့် မဆုံးသေးသော အချစ်ဇာတ်လမ်းတပုဒ်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။ Spring Fever ဇာတ်ကားကလည်း အချစ်ဇာတ်လမ်းမို့ ချစ်ခန်းကြိုက်ခန်းများ အတော်ပါဝင်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ယခုနှစ်ကျင်းပသည့် ကိန်း(စ်) ရုပ်ရှင်ပွဲတော်၌ ဇာတ်ကား ၂ဝ ပါဝင်ယှဉ်ပြိုင်ရာ ဆုရသော ဇာတ်ကားများနှင့် ဆုမရရှိသော ဇာတ်ကား အားလုံးတို့၏ တူညီသော အချက်မှာ လိင်ပိုင်းဆိုင်ရာ အသားပေးမှု များလာခြင်း ဖြစ်သည်။
ယခုနှစ် ကိန်း(စ်) ရုပ်ရှင်ပွဲတော်တွင် ဂျူရီလူကြီးများမှာ အမျိုးသမီးများ ဖြစ်သည်။
ပြင်သစ်မင်းသမီး အစ္စဘယ်လာ ဟူးပတ်၊ ဘောလိဝု မင်းသမီး ရှာမီလာ တဂိုး၊ ထိုင်ဝမ် မင်းသမီး ရှုချီ၊ ရော်ဘင် ရိုက်ပန်း (ရှောင်ပန်း၏ ဇနီး) အေရှား အာဂျင်တို ကဲ့သို့သော မင်းသမီးများ ပါဝင်သည်။
ဂျူရီအဖွဲ့၏ အကြီးအကဲဖြစ်သူ ပြင်သစ်မင်းသမီး အစ္စဘယ်လာ ဟူးပတ်က ဆုပေးပွဲတွင် “အမျိုးသမီး အများစုဟာ ဘဝရဲ့အချိန်တွေကို ဘယ်လိုဖြတ်သန်းရလဲ၊ ထုတ်မပြောဝံ့စရာ အခြေအနေတွေနဲ့ ဘယ်လိုကြုံခဲ့ရလဲဆိုတာ ထုတ်ပြောဖို့တင် မကဘူး၊ ထုတ်ပြဖို့လည်း အချိန်တန်ပြီလေ။ ကိန်း(စ်) ရုပ်ရှင်ပွဲတော်ဆိုတာ နိုင်ငံတကာက အယူအဆ အသစ်တွေအတွက် အမြဲ တံခါးဖွင့်ထားတဲ့ နေရာပါ။ အများပြည်သူ ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုတဲ့ စကားလေး တခွန်းနဲ့ မိန်းမသားတွေရဲ့ လုပ်နိုင်စွမ်း အခြေအနေကို ကန့်လန့်ကာ ချလိုက်သလိုမျိုး ဖြစ်လာမှာတော့ ဒီနေ့ ဒီနေရာမှာ ပြီးသွားပြီ” ဟု ပြောဆိုကာ ခေတ်သစ် ရုပ်ရှင် အခင်းအကျင်းကို တံခါးဆွဲဖွင့်ပေးသွားခဲ့သည်။
