၈ ဇူလိုင် ရန်ကုန်၊ ၊ယူကွန်
Landslide Caused by Rain Kills 30 in Northern Burma
မြန်မာ နိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက် ရှိရာ ဖားကန့် မြို့အနီးရှိ လုံးခင်းကျောက် စိမ်းတွင်းတွင် ယခု သီတင်းပတ် အတွင်း မိုးသည်းထန် စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် လူ သုံးဆယ် ထက်မနည်း သေဆုံးသည် ဟု ရန်ကုန် မှာ လာသော ရိုက်တာ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။
ကျောက်စိမ်းတွင်းအနီး တဲနှင့် ယာယီ စခန်းများထိုး၍ နေ ကြသော ကျောက်တူးသမား အချို့ မှာမြေပြိုကျမှု ဖြစ်စဉ် တွင် ၎င်းတို့ ၏ တဲများနှင့် အတူ ပါရှိသွားသဖြင့် အများစုမှာ အလောင်းပင် ရှာမတွေ့ ဟုသိရသည်။
ဖားကန့် ကျောက်စိမ်းမှော်တွင် စက်ပစ္စည်းများရောင်းချနေ သူ တစ်ဦးက လုံးခင် မှာ မြေပြိုပြီး ပြီးခဲ့တဲ့ သောကြာနေ့ က လူတွေ သေကြတာတော့ သိတယ် ၊ဘယ်နှစ်ယောက် သေတယ် ဆိုတာ သေချာမသိဘူး အခု ဖားကန့် မှာလည်း မိုးကဆက် တိုက်ရွာနေတယ် ဆိုတော့ မြေပြိုတယ်လေ တချို့ မြေတွေ က ဗြုံးမြေတွေ ဆိုတော့ နိမ့်ဆင်းသွားတာ ပြိုမှန်း တောင် မသိလိုက်ဘူး ဖားကန့် မှာတော့ အသေအပျောက် မရှိသေးဘူး ဟု Freedom News Group သို့ ပြောသည်။
လုံးခင် မြေပြိုမှုကြောင့် သေဆုံးရသူများမှာ ထိုမြေပြို၍ သေဆုံးခဲ့သည့် မှော် သို့ သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်ကြည့်ရှုသော်လည်း သေဆုံးသူများအားရှာဖွေ ပေးခြင်း နှင့် လျှော်ကြေးငွေ များကိစ္စ အတွက် ဆောင်ရွက်ပေးခြင်းမရှိဟုသိရသည်။
မြန်မာပြည် မြောက်ပိုင်းကျောက်စိမ်းထွက်ရာ ပြည်နယ်များတွင် နိုင်ငံတ၀ှမ်းမှ လာရောက် ၍ တွင်းတူး နှင့် အလုပ်ကြမ်းသမားများ အဖြစ် လာရောက် လုပ်ကိုင်သူများရှိပြီး အများစုမှာ သဘာဝဘေးဒဏ် ငှက်ဖျားအစရှိသည့် ရောဂါတို့ ဖြင့် သေဆုံးသည့် အခါ လျှော်ကြေးမရရှိကြဟု သိရသည်။
ကချင်ပြည်နယ် ရှိ ကျောက်စိမ်းလုပ်ကွက်အများစု ကို ထိုဒေသရှိ ဒေသခံ အပစ်ရပ် အဖွဲ့ များ ၊စစ်အစိုးရ ခေါင်းဆောင် ပိုင်းများ နှင့် နီးစပ် သူများက လက်ဝါးကြီးအုပ်ထားကြသည်။
ယခု မြေပြိုကျ၍ လူသေဆုံးမှု ဖြစ်သောနေရာသည် ဖားကန့် မြို့ အရှေ့ဘက် မိုင် ၅၀ခန့် အကွာနေရာတွင် ဖြစ်သည် ဟုသိရသည်။မြေပြို၍ လူသေဆုံးမှုကြောင့် ဖားကန့် နှင့် လုံးခင် သွားကားလမ်းကို အာဏာပိုင်များက ပိတ်ထားသည်။
မြန်မာစစ်အစိုးရသည် နိုင်ငံရပ်ခြားသို့  ၂၀၀၉ ခုနှစ်ပထမ နှစ်ဝက် အတွင်း ကျောက်စိမ်း ရောင်းချရငွေ ဒေါ်လာ သန်း ၅၀၀ ကျော် ၀င်သော်လည်း ကျောက်တူးသမားများ၏ ဘ၀ မှာ နိမ့်ကျဆဲဖြစ်သည်။
ကချင် ပြည်နယ်တွင် တော်မှော် ၊လုံးခင်၊ဟောင်ပါး နှင့် ဖားကန့် ကျောက်စိမ်းမှော်များမှာ နိုင်ငံ၏
ကျောက်စိမ်း အထွက် ၇၀ရာခိုင်နှုန်းခန့် ထိ ကို တူးဖော်ထုတ်လုပ်သည်။
ဥရုချောင်းရေကြီးမှု ကြောင့် ဖားကန့် မြို့ နှင့် အနီးတ၀ိုက် ရှိ မှော် များတွင် ရေကြီးမှု ဖြစ်ပွားသဖြင့်
လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သဖြင့် တွင်းတူးသမား နှင့် ဒေသခံ အချို့ မှာ စားဝတ်နေရေး အခက်အခဲများကြုံတွေ့ နေကြရသည်။
