ဂျပန်စီးပွားရေးကို ပြင်ဆင်နိုင်မည်ဟု ၀န်ကြီးချုပ်သစ်ကြွေးကြော်

2 September Yangon – -Planet News (www.planet.com.mm)

r3908862312တိုင်းပြည်၏ ယိုယွင်းနေသော စီးပွားရေးကို ပြုပြင်နိုင်ရန် အဓိကရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ်သစ် ယူကီအို ဟာတိုယာမာက ကြွေးကြော်လိုက်သည်။ ဩဂုတ်လ (၃၀)ရက်နေ့က ဂျပန်ရွေးကောက်ပွဲ ရလဒ်များကို ကြေညာရာ အတိုက်အခံပါတီခေါင်းဆောင် ဟာတိုယာမာက အနိုင်ရရှိပြီး ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရွေးချယ် ခံခဲ့ရသည်။ ဟာတိုယာမာက နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန်၊ လုပ်သားများ၏ အခွင့်အရေး ပိုမိုရရှိလာစေရန်နှင့် အမေရိကန်စတိုင် စီးပွားရေးကို တွန်းလှန်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပြီး အစိုးရအနေနှင့် နိုင်ငံစီးပွားရေး ကျဆင်းနေမှုကို ပြန်လည်မြှင့်တင်ရန် ဦးဆောင်ဦးရွက် ပြုသွားမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း ဂျပန်စီးပွားရေး လေ့လာမှု ကျွမ်းကျင်သူများက ဂျပန်သည် စီးပွားရေး ပြန်လည်တည်ထောင်ရေးအတွက် အမေရိကန်လမ်းစဉ်များကို ဆက်လက်ဆုပ်ကိုင်ထားရဖွယ် ရှိနေကြောင်း သုံးသပ်ခဲ့သလို စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အတန်ငယ် အချိန်ယူရဦးမည်ဟု သုံးသပ်ခဲ့သည်။ “ပြန်လည်ပြုပြင်ရေးဆိုတာ ခုချိန်မှာတော့ တော်တော်အသုံးမကျတဲ့ စကားလုံးပါ”ဟု ဂျပန်အခြေစိုက် Macquarie Securitiesမှ စီးပွားရေး ပညာရှင် အကြီးအကဲ ရစ်ချတ်ဂျာရမ်းက ပြောကြားခဲ့သည်။ “ဂျပန်ဟာ ခုဆိုရင် ထုတ်လုပ်မှု တိုးလာဖို့အတွက် ဈေးကွက်ကို ပိုပြီးတွန်းအားပေးနေပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေ ဖြစ်လာဖို့ကတော့ စောင့်ရဦးမှာပါ”ဟု ဂျာရမ်းကဆိုသည်။ ဂျပန်ဒီမိုကရက်တစ်ပါတီ၏ အကြီးအကဲဖြစ်သည့် ၀န်ကြီးချုပ် ဟာတိုယာမာက “အမေရိကန်က ကျင့်သုံးနေတဲ့ လွတ်လပ်တဲ့ ဈေးကွက်ကုန်သွယ်မှုဟာ ဂျပန်ရဲ့ စီးပွားရေး အကြပ်အတည်းအတွက် အဓိက ပြဿနာပါပဲ။ အမေရိကန် အတွေးအခေါ်တွေဟာ ဂျပန်နိုင်ငံအတွက်ဆိုရင် အရမ်းကို ယျေဘူယျကျလွန်းပြီး တကယ်တမ်းကိုက်ညီမှု မရှိပါဘူး”ဟု ဝေဖန်ထားသည်။ ဂျပန်သည် စီးပွားရေး ကျဆင်းနေမှုနှင့်အတူ နိုင်ငံ၏ ပင်လယ်ရပ်ခြား ရောင်းဝယ်မှုများတွင် အကြီးအကျယ် ထိခိုက်နေဆဲဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်၏ နာမည်ကျော် ပို့ကုန်များဖြစ်သော အီလက်ထရောနစ် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ရောင်းချရမှုသည် (၁၁.၇)ရာခိုင်နှုန်းထိ လျော့ကျသွားသလို ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့ဦးရေမှာ (၅.၇)ရာခိုင်နှုန်းထိ စံချိန်တင် ကျဆင်းလျက်ရှိသည်။ ကျွမ်းကျင်သူများက ယခုနှုန်းအတိုင်း စီးပွားရေး ဆက်လက်ယိုယွင်းနေပါက အလုပ်လက်မဲ့ ပမာဏသည် (၁၂)ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားသည်။ ဟာတိုယာမာကမူ “ကျွန်တော်အခု ၀န်ကြီးချုပ် ဖြစ်နေပါပြီ။ ဘယ်လောက်ပဲခက်ခက် ဂျပန်ရဲ့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ”ဟု ပြောကြားထားသည်။