၁၂ သြဂုတ် ရန်ကုန် ၊ ၊PLANET News (www.planet.com.mm)
Type of Horror and Thriller Movie Bans in Myanmar
မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့က သရဲ၊ တစ္ဆေ၊ စုန်း၊ ၀ိဥာဉ်စသည့် ပရလောကနှင့် ပတ်သတ်သည့် ခြောက်ခြားဖွယ် ဇာတ်ကားများ ရိုက်ကူးပြသခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သဘာဝလွန် ခြောက်ခြားစရာ ဖြစ်ရပ်ဆန်း ဇာတ်ကားများကြောင့် ဘာသာရေးအရ အငြင်းပွားဖွယ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ မလျော်ကန်သော အခြေအနေများ တွေ့မြင်လာရခြင်း စသည်တို့ကြောင့် အများပြည်သူသို့ ပြသရန် မသင့်တော်ဟု ဆင်ဆာအဖွဲ့က သတ်မှတ်ခဲ့သည်။ ကြည့်ရှုသူများအနေနှင့် အတုယူလွဲမှားခြင်း၊ ယုံကြည်မှုဆိုင်ရာ မသင့်မလျော် လွန်ကဲသွားခြင်းတို့ ဖြစ်လာနိုင်သဖြင့် ထိုဇာတ်ကားများကို ထုတ်ဝေခွင့် မပြုတော့ကြောင်း ဆင်ဆာအဖွဲ့က တရားဝင်စာ ထုတ်ပြန်ကြေညာပြီးဖြစ်သည်။ “၀ိဥာဉ်နဲ့ အပြန်အလှန် စကားပြောတာမျိုး၊ ထိတွေ့ကိုင်တွယ်ပြတာမျိုးတွေ ရိုက်ကူးဖော်ပြတာ တွေ့ရတယ်။ တချို့ဇာတ်ကားမှာ မိန်းမဘ၀ကနေ ယောက်ျားဘ၀ကို နိုင်ငံခြား သွားပြောင်းတယ်။ ယောက်ျားဘ၀နဲ့ လ၀ကမှာ မှတ်ပုံတင်ပြောင်းတယ်။ နိုင်ငံခြား မသွားခင်က ရည်းစားနဲ့ ကိုယ်ဝန်ရှိခဲ့တယ်။ ယောက်ျားဘ၀မှာ ကိုယ်ဝန်ဆောင်တယ်။ ကိုယ်ဝန်မဆောင်ခင် မိန်းမထပ်ယူတယ်။ ယူတဲ့မိန်းမနဲ့ ကိုယ်ဝန်ရှိတယ်။ လက်ရှိဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူး။ မဖြစ်နိုင်တာတွေ၊ မူဝါဒနဲ့ မကိုက်ညီတာတွေ ရိုက်ကူးဖော်ပြလာကြတယ်”ဟု ဆင်ဆာအဖွဲ့ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး (ပြသ) ဦးရဲဝင်းက မော်ဒန်သတင်းဂျာနယ်သို့ ပြောကြားခဲ့ကြောင်း သိရသည်။ ဆင်ဆာအဖွဲ့သည်ပြည်သူများသို့ ပြသရန် မသင့်တော်ဟု ထင်ပါက ဇာတ်ကားကို ဖြတ်တောက်ပြင်ဆင်ခိုင်းပြီး ဇာတ်၏ကျောရိုး တစ်ခုလုံးကို ပြောင်းလဲရန် မလွယ်ပါက ပြသခွင့် ပိတ်ပစ်လိုက်လေ့ရှိသည်။ ဇာတ်ကားရိုက်ကူးရာတွင်လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ၊ သတိပြုသင့်သည့် ဆောင်ရန်ရှောင်ရန် အချက်များကို ကြိုတင်အသိပေးထားပြီးဖြစ်သော်လည်း လိုက်နာဆောင်ရွက်သူ အချို့တို့ဘက်မှ အားနည်းချက်များ ရှိနေသေးကြောင်း သိရသည်။ ထို့အပြင် အချို့တို့မှာ စည်းမျဉ်းများအား ချိုးဖောက်မှု အကြိမ်ကြိမ် ပြုလုပ်နေသဖြင့် ဆင်ဆာအဖွဲ့မှ သတိပေးမှုများပင် ပြုလုပ်ရကြောင်း မော်ဒန်ဂျာနယ်က ဖော်ပြခဲ့သည်။ ဇာတ်ဝင်ခန်းများအတွက် တိုင်းတရားရုံး အပြင်အဆင်၊ ရဲစခန်း အချုပ်ခန်းနှင့် တရားရေးဝန်ထမ်းများ၏ ၀တ်စုံတို့ကိုလည်း ဌာနအလိုက် သတ်မှတ်ပေးထားသည့်တိုင် အတိအကျ လိုက်နာမှုများ မရှိကြသေးပေ။ ဦးရဲဝင်းက “အချုပ်ခန်းဆိုရင် အဖြူ၊ လျှာထိုးကြမ်းခင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကာလ ဖြစ်ရမယ်။ ဒါပေမယ့် လက်ရှိကာလကို သံတိုင်အမည်းတွေနဲ့ ရိုက်လာကြတုန်းပဲ။ ဇာတ်လမ်းတစ်ခုရိုက်ရင် အခြေခံခေတ်၊ အခြေအနေတွေ ကိုက်ညီထင်ဟပ်ရမယ်။ အ၀တ်အစား၊ အခမ်းအနား အပြင်အဆင်က အစပေါ့။ မဟော်သဓာခေတ်မှာ လက်သည်းအရှည်တွေကို အပွင့်ဖော် ဆေးဆိုးထားတယ်။ တောရွာကျေးလက်အခန်း ရိုက်ရင်လည်း ဆံပင်ရွှေရောင် ဆိုးထားတာမျိုးတွေ တွေ့နေရလို့ ပြင်ရိုက်ခိုင်းရတယ်”ဟု မော်ဒန်သို့ ရှင်းပြခဲ့သည်။ ထို့အပြင် “လူတစ်ယောက် အသတ်ခံရလို့ လဲသွားရင် ထပ်ပြီးဓားနဲ့ အကြိမ်ကြိမ် ထပ်ခုတ်တဲ့ အပြမျိုး၊ နားထဲကို ဆေးလိပ်မီးနဲ့ ထိုးတာလို ရက်စက်တဲ့ ပြကွက်တွေ ပြလာတယ်။ မလိုအပ်ဘဲ Love Sceneတွေကြာတာ၊ သားနဲ့အမိ၊ မောင်နဲ့နှမ အတူကြည့်လို့ မသင့်တော်တဲ့ ပြကွက်မျိုးတွေ၊ ရာဂကို နှိုးဆွပေးတဲ့ ပြကွက်မျိုးတွေ ရိုက်ကူးဖော်ပြလာတာ တွေ့ရပါတယ်”ဟုလည်း ဦးရဲဝင်းကဆိုသည်။ “ခေတ်မီတာ၊ ခေတ်ဆန်တာကို လက်ခံပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ မကိုက်ညီတဲ့ သရုပ်လွန်၊ သရုပ်ပျက် ပြကွက်တွေကိုတော့ ပြည်သူတွေကို မပြသင့်ဘူး။ ဇာတ်ကားတွေကို ဆင်ဆာမူဝါဒ ဆယ်ချက်နဲ့အညီ ကြည့်ရှုစစ်ဆေးပါတယ်။ အဲဒါကိုသာ လိုက်နာပြီးရိုက်၊ ဆင်ဆာလွတ်တယ်”ဟု ဦးရဲဝင်းက မော်ဒန်သို့ အဆုံးသတ် ပြောဆိုသွားသည်။ Source: TheModernWeekly (အမှတ် – ၁၇၅)
