၂၇ စက်တင်ဘာ အယ်အေ ၊ ၊Freedom Literature Group
Desert Thorn By Kyu Hnit
မမြကြုတ် တိမ်းပါးသွားခဲ့ခြင်းကို အဦးအစ သိခွင့်ရရှိခဲ့ကြသူများမှာ ပုရွက်ဆိတ်များသာဖြစ်ဖို့ သေချာသလောက်ရှိသည်။ အဘယ် ကြောင့်ဟူမူ သူတို့သည် မမြကြုတ်၏ အနီးကပ်ကိုယ်ရံ၏တော်များသဖွယ် မမြကြုတ်အနီးအပါး၌ နှစ်ပေါင်းများစွာ မှီတွယ်နေထိုင် ခဲ့သောကြောင့်ဖြစ်သည်။ မမြကြုတ်၏ရုပ်ခန္ဓာသည် ပုရွက်ဆိတ်မျိုးဆက် ဒါဇင်ပေါင်းများစွာအတွက် ထာဝရရိက္ခာ ပဒေသာပင်ကြီးနှင့် တူခဲ့ပါသည်။ ပုရွက်ဆိတ်ကမ္ဘာမှ ဧရာမ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတခုနှင့်လည်းပဲ တူခဲ့ပါသည်။ မမြကြုတ်သည် သူမ၏အနာအ ဆာများမှ ခြောက်ကပ်ကပညှီစို့စို့အနာဖေး အစအနများကို ပုရွက်ဆိတ်တို့အား နေ့စဉ် ရက်ရက်ရောရော ကျွေးမွေးနေခဲ့သည်မှာ ဆယ် စုနှစ် နှစ်ခုစာမျှရှိခဲ့ပြီ။
မမြကြုတ်တယောက်ဘဝတပါး သို့ပြောင်းသွား ကွယ်လွန်တော့မည်ကိုဦးစွာ ကြိုတင်သရှိခွင့်ရခဲ့ကြသူများမှာ ကြွက်များပင်ဖြစ်ကြ၏။ သူတို့သည် အစောပိုင်းကာလများတုန်းက မမြကြုတ်၏ ခြံဝင်းထဲရှိ မြေအောက်ကမ္ဘာ၌သာ နေထိုင်ခဲ့ကြပြီး မမြကြုတ် စွန့်ပစ်သော စား ကြွင်း စားကျန်များကို မှီဝဲစာသောက်လျက်၊ဖြည်းဖြည်းချင်း အင်အားတိုးချဲ့နေခဲ့ကြ၏။ သူတို့အင်အားတောင့်တင်းလာချိန်၊ မမြကြုတ်က အင်အားယိုယွင်းချည့်နဲ့လာချိန်တွင်တော့ သူတို့သည် မမြကြုတအိမ်ပေါ်အထိ ကျူးကျော်ကာ မမြကြုတ်၏စားသောက်ဖွယ်ရာများကို ခိုးဝှက်လုယကလာကြတော့သည်။
“စားကြ ကြွက်တွေရေ့…စားကြဟဲ့။ နင်တို့ခိုးစားတယ်ဆိုပေမယ့် ငါကတော့ အလှူဒါနပြုတယ်လို့ပဲ သဘောထားတယ်ဟယ်” ဟု မမြကြုတ်က သူမ၏အစားအစာများကို လုယက်နေကြသည့် ကြွက်များကို တိုးညင်းသောနှာခေါင်းသံဖြင့်ငေါက်ငမ်းရေရွတ်တတ်၏။ ယခု အခါမှာတော့ ကြွက်များက မမြကြုတ်၏ အစားအသောက်များကို လုယက်ခိုးရုံယူမျှမက၊ မမြကြုတ်၏ တအိမ်လုံးကို စီးနင်းသိမ်းပိုက် ခွင့်ရခဲ့လေပြီ။ သူတို့၏အမူအရာများက ပါရီရွှေမြို့တော်ကြီးကို သိမ်းပိုက်ထားသော နာဇီတပ်ဖွဲ့ဝင်များထက်ပင် ရဲဝံ့မာန်တက်လျက်ရှိကြ သည်။ အစားအသောက်ရှာမရကြသဖြင့် ကြွက်များသည် ဝါးအိမ်ကလေးထဲရှိ အဝတ်အထည်မှန်သမျှကို ဒေါသတကြီးကိုက်ဖြတ်ဖျက် ဆီးနေကြတော့သည်။ ပက်လက်ငြိမ်သက်နေသည့် မမြကြုတ်၏ ခန္ဓာကိုယ်ပေါ်တွင် ကြွက်များ မြူးထူးစွာ ပြေးလွှားဖြတ်ပြေးနေကြပုံက သဲပုံကြီးတပုံပေါ်မှာ ဆော့မြူးနေကြသော ကလေးငယ်တသိုက်နှင့်ပင်တူသယောင်ယောင်။
မမြကြုတ် ဇီဝိန်ချုပ်ငြိမ်း တဘဝသိမ်းခြင်းကို အားလုံးထက်စောစွာသိခဲ့ကြသူအချို့လည်း ရှိခဲ့ကြပါ၏။ ယင်းတို့အား ယင်ကောင်များဖြစ် ကြသည်။ လွန်ခဲ့သော သုံးရက်ခန့်ကတည်းက မမြကြုတ်၏ တဲအိမ်ထဲတွင် ယင်ကောင်များ တအုပ်ပြီးတအုပ် စုစည်းရောက်ရှိလာခဲ့ဟန် မှာ ထိုးစစ်ကြီးတခုအတွက် ဒီဝီဇံတပ်မကြီးများ စုဝေးလာကြပုံနှင့် တူပေသည်။ ယခုအခါယင်ကောင်များသည် ၂၁ ရာစု မဟာလေဆိပ် ကြီးတခုဆီမှာ လေယာဉ်မျိုးစုံဆင်းကြတက်ကြ ပျံသန်းလှုပ်ရှားပုံမျိုးဖြင့် မမြကြုတ်၏မျက်နှာဆီတွင် တရုန်းရုန်းဖြစ်နေကြသည်။ အချို့က တဝက်တပျက် ပွင့်ဟလျက်ရှိကြသော မျက်လုံးအစုံတဝှိက်မှာ လှုပ်လှုပ်ရွရွ တက်ကြသက်ကြလုပ်နေကြပြီး၊ အချို့က ပုံပျက်ဖြူရော်နေ သော နှုတ်ခမ်းအစုံပေါ်မှာ အုံခဲနေကြသည်။ အချို့ကတော့နှာခေါင်းရိုးမရှိတော့ဘဲ ကော့လန်ပွင့်အာနေသည့် နှာခေါင်းပေါက်ဝအစုံ ဆီတွင် အတိုးတိုး အဝှေ့ဝှေ့နှင့် ပြွတ်ခဲတွန်းတိုက်နေကြ၏။ အစားအသောက်အတွက် အလိုရမ္မက်နည်းပါးဟန်ရှိကြသော ယင်ကောင် တချို့ကိုမူ အဆစ်အပြည့်အစုံမရှိတော့သော လက်သည်းခွံမဲ့လက်ချောင်းများဆီမှာလည်းကောင်း၊ ခြေချောင်းငုတ်တိုဆယ်ချောင်းဆီမှာ လည်းကောင်း မြင်တွေ့နိုင်ကြပါသည်။ အခြားယင်ကောင်အချို့ကတော့ ညစ်ထေးနံဟောင်သော အင်္ကျီနှင့်ထဘီပေါ်မှာ၊ တောအုပ်တခုအတွင်း တောကစားထွက်လာကြ သူ များပမာ ဖြည်းဖြည်းညင်းညင်းရွ့လျားနေကြသည်။ ကြွက်တကောင်တလေ ချဉ်းကပ်လာချိန်တွင်မူ ယင်ကောင်များသည် တိုက်လေ ယာဉ်ပျံအုပ်ကြီးတအုပ်ပမာလေထုထဲသို့ ဝေါခနဲ ထိုးပျံဝဲတက်သွားတတ်ကြ၏။
ထူးခြားသည်ဟုဆိုနိုင်သည်မှာ ခန္ဓာကိုယ်အသေးကွေးဆုံး ပုရွက်ဆိတ်များကို ကြွက်များကော၊ ယင်ကောင်များကပါ သတိကြီးစွာ ရှောင် တိမ်းနေကြရခြင်းပင်ဖြစ်ပေ၏။ မိမိ၏ခန္ဓာအရွယ်အစားအောက်အဆသိန်းချီ၍ သေးငယ်သော ပုရွက်ဆိတ်တကောင်ကိုပင် ကြွက်တ ကောင်သည် လေးစား စိုးရွံ့ဟန်ပြသနေသည်။ ထို့ပြင်ယင်ကောင်တကောင်သည် ပုရွက်ဆိတ်တကောင်အနီး၌ ရဲတင်းစွာ မရပ်နားဝံ့ သည်ကိုလည်း မြင်နိုင်သေးသည်။မိမိထက်သေးငယ်သော အင်းဆက်တကောင်ကို ယင်ကောင်တကောင် ကြောက်ရွံ့ပုံမှာ စင်စစ် မ ဆန်းကြယ်လှပါ။ဆင်တကောင်သည် ချွန်းကိုင်ထားသော ဆင်ဦးစီးကိုကြောက်ရွံ့ပါသည်။ ပါးပျဉ်းထောင်နေသောမြွေဟောက်တကောင် ကို ယောက်ျားရင့်မာကြီးတယောက်သည် ရုတ်တရက် တွေ့မြင်သည်ဆိုပါက ထိုလူသားကြီး ပထမဦးစွာခံစားရသည်မှာ ကြောက်ရွံ့မှု သာဖြစ်ပါသည်။
မမြကြုတ် အသက်ကုန်သွားခြင်းကို နောက်ကျစွာသိရှိခွင့်ရခဲ့ကြသူများမှာ ကျီးကန်းများ ဖြစ်ကြ၏။သူတို့အုပ်စုထဲမှ ရှေ့ပြေးကင်းထောက် စစ်သည်တော်နှင့်တူသော ကျီးကန်းတကောင်သည် နံနက် ၇ နာရီအချိန်လောက်တွင် မမြကြုတ်၏ တဲအိမ်အမိုး အထက်ငါးပေခန့် အမြင့်မှပျံသန်းသွားရင်း အောတောတော အက်ကွဲကွဲအသံကြီးဖြင် သူ၏အဖော်အလှော်၊ ဆွေမျိုးမိတ်သဟများထံ အချက်ပေးဟစ်အော် လိုက်ကြသည်။ တဲအိမ်ကလေးမြောက်ဘက် မန်ကျည်းပင် တန်းဆီမှာ စုရုံးနေကြသည့် ကျီးကန်းအုပ်သည် အချက်ပေးသံကြားသည်နှင့် အုန်းအုန်းကျွက်ကျွက် အော်ဟစ်ပျံသန်းနေကြတော့သည်။ ကျီးကန်းတွေပရမ်းပတာပျံဝဲဆူညံနေပုံမှာ ကျေးလက်ဘုရားပွဲတခုမှာ အိုးစည် ဒိုးပတ်ဝိုင်းများစုရုံးတီးမှုတ်စဉ် သေရည်မူးနေကြသောကာလသားအချို့ စည်းမကိုက်၊ ဝါးမကိုက် တွန်းတိုက်တိုးဝှေ့ ကခုန်နေကြပုံနှင့် ဘာမျှခြားနားခြင်မရှိ ကျနော်သည် ရုတ်ရုတ်သဲသဲဖြစ်နေကြသော ကျီးကန်းများကို ငေးမောစူးစိုက်နေမိခဲ့ပါသည်။ “ကျီးပြိုတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့”ဟူ၍လည်း စိတ်ထဲမှ ထင်မြင်ချက်ပေးနေမိပါသည်။
ရှေးလူကြီးများ၏ နိမိတ်ကောက် အယူအဆအရ ကျီးပြိုခြင်းသည် အမင်္ဂလာဖြစ်ရပ်တခုခုကို ရှေ့ပြေးဖော်ပြခြင်းလက္ခဏာတရပ် ဖြစ်ပါ သည်။ နံနက် ၇ နာရီခန့်တွင် ကျနော်သည် မိမိအိမ်ရှေ့ဘက် ဝရန်တာတွင်ရပ်နေခဲ့ခြင်းဖြစ်၏။ ဤနေရာမှ လှမ်းကြည့်ရင်း ကျနော့်ရှေ့ ဘက် ကိုက် ၁၀၀ ခန့်အကွာတွင် မမြကြိုတ်၏ ဝါးအိမ်ကလေးရှိပြီး၊ ဝါးအိမ်ကလေး၏မြောက်ဘက်ဆီတွင် စိမ်းစိုအိုရင့်သော မန် ကျည်းပင်ကြီးများရှိကြသည်။ ထိုမန်ကျည်းပင်ကြီးများဆီမှ ဒါဇင်ပေါင်းများစွာသော ကျီးကန်းများ မည်းမည်းလှုပ်မျှ ရုတ်ရုတ်သဲသဲ ဆူဆူ ညံညံ အုံကြွနေကြခြင်းဖြစ်သည်။ ဤမြင်ကွင်းကို ကျနော့်တသက်မှာ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သလို၊ ကျနော်သေ ဆုံးသည့် တိုင်စွဲမြဲစွာအမှတ်ရနေမည့် မြင်ကွင်းဟုလည်းပြောရဲပါသည်။ ကျီးကန်းတွေကိုကြည့်ရင်း ကျနော့်ကျောရိုးတလျှောက်စိမ့်ခနဲ၊စိမ့်ခနဲ ကျဉ် တက်လာပါသည်။ သောသောရုတ်ရုတ် ပျံဝဲအော်မြည်နေကြသော ကျီးကန်းများကို နောက်ခံပြု၍ ရုပ်သွင်တခုက ပေါ်ထင်လာသည်။ မမြကြုတ်၏ အကျည်းတန်မျက်နှာကြီးပင်ဖြစ်၏။ သူမ၏ မပီ့တပီ နှာသံပါပါ စကားလုံးအချို့ကိုလည်း ကြက်သီးမွေးညင်းထ လုခမန်း ကျနော် ကြားယောင်လာခဲ့ပါသည်။
“ဟဲ့…ငကြိုင်။ နောက်နေ့ကစပြီးငါ့ဆီကို ထမင်ထုပ်လာမပို့နဲ့တော့။ ငါ့ကိုကျွေးမွေးပေးကမ်းရလို့ နင်တို့ ကုသိုလ်ရတာတော့ မှန်ပါရဲ့ ဟယ်။ ဒါပေမယ့်အဆိပ်ပင်ရေလောင်ဆိုသလို၊ ငါ့ဒုက္ခ တွေပိုကြီးလာအောင် ငါ့ကို သက်ဆိုးရှည်အောင်လုပ်သလိုဖြစ်နေတယ် ငကြိုင်ရဲ့ ငါ့ဝေဒနာ ငါအသိဆုံး။ ဒီထမင်းတွေ စားနေသရွေ့ ငါအသက်ရှည်နေလိမ့်မယ်။ အသက်ရှည်နေသရွေ့ ငါ့ဒုက္ခတွေလည်းအမျှင်ပြတ်မှာ မဟုတ်တော့ဘူး။ငါ့ကိုထမင်းမကျွေးကြပါနဲ့တော့။ တရွာလုံးကိုပြောပါ။ ငါ့ကိုထမင်းမကျွေးကြပါနဲ့တော့လို့။ ငါ့ကိုထမင်းကျွေးနေတာဟာ ငါ့ကို ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပါပဲလို့ ပြောပေးပါ ငကြိုင်ရယ်”
လွန်ခဲ့သော ၁၀ ရက်က မမြကြုတ်ထံ ကျနော် ထမင်းထုပ်သွားပို့စဉ် သူမအခန်းထဲကနေ လှမ်းပြောခဲ့သောစကားသံမှာ ယခုအခါ ကျနော်၏ နားအာရုံတွင်လောလောလတ်လတ် ကြားသိရသကဲ့သို့လတ်ဆတ်ရှင်သန်နေသည်။ ကိုယ်ပျက်နေရှာသော အသက် ၅၀ ရွယ်မိန်းမကြီးတယောက်၏ အသံထဲတွင် ချိုးနှိမ်ထားသောမာနနှင့် မကွယ်မဝှက်ဖွင့်အန်နေသည့်ကိုယ်စိတ်နှစ်ဖြာမှ ဒုက္ခဝေဒနာတို့က မျဉ်းပြိုင် ပေါ်လွင်ထင်ရှားနေခဲ့ပါသည်။ ကျနော်က ကျီးကန်းများကို မော့ကြည့်လိုက်ပြန်ပါသည်။ ကျီးကန်းများမှာ အနက်ရောင် သေမင်း တမန်များနှင့်တူလာကြသည်။ ကျနော် တခုခုဆောင်ရွက်ပြုလုပ်ရတော့မည်။ မည်သူနှင့်မဆို ကျနော် အလောင်းအစားလုပ်ဝံ့သည်။ တဲ အိမ်ထဲမှာ မမြကြုတ်ရှိနေလိမ့်မည်။ သို့ရာတွင် သူမ၏ရုပ်ခန္ဓာသာလျှင်ရှိမည်။ ရွံရှာ အော့နှလုံးနာဖွယ် ပုံပျက်ပန်းပျက် ရုပ်ကာယဖြစ် သည်။ သူမ၏အသက်ဝိညာဉ်ကတော့ရှိနေမှာ မဟုတ်ဘူး သူမ၏အသက်ဝိညာဉ်က ငရဲဘုံ တနေရာရာမှာရှိနေနိုင်သည်။ သို့တည်းမ ဟုတ်၊ ပုရွက်ဆိတ်များ၊ ယင်ကောင်များ၊ ကြွက်များ အုံခဲလျက်ရှိသော သက်မဲ့ခန္ဓာကြီးကို သူမ၏ဝိညာဉ်က စိတ်မချမ်းမြေ့စွာ ကြည့်ရှု ကောင်းကြည့်ရှုနေပေလိမ့်မည်။
ယာပိုင်ရှင် ကြေးရတတ်မောင်နှံမှပေါက်ဖွားခဲ့သော သားသမီး ၆ ယောက်ထဲတွင် မမြကြုတ်က ဒုတိယရင်သွေးဖြစ်၏ သူမအထက်တွင် သားဦး(အကိုကြီး)ရှိပြီး သူမအောက်မှာ မောင် ၂ ယောက်၊ညီမ ၂ ယောက်တို့ ရှိကြသည်။ ပြောစရာဖြစ်လာသည်ကတော့ ကျန်မွေးချင်း ပေါက်ဖော် ငါးဦးစလုံး ရုပ်အဆင်းရူပကာ ပြေပြစ်တင့်တယ်ကြပါလျက် မမြကြုတ်တယောက်တည်းသာလျှင် ကံကွက်ကျား၍ (ထူးထူး ခြားခြား) ရုပ်ဆိုးကျဉ်းတန်နေခဲ့ခြင်းဖြစ်၏။ မမြကြုတ်သည် အသားမည်း၊နဖူးမောက်၊ သွားဖုံးမောက်၊ အရပ်ပု၊ တင်ကောက်ပြီး၊ အသံက လည်းနာပျော်ဖွယ်မရှိ၊ ခြောက်ကပ်အက်ကွဲသည်။ မမြကြုတ်၏ မိရင်းဖရင်းများကိုယ်တိုင်ပင်လျှင် ဤအမျိုးသမီးငယ်သည် မိမိတို့၏ ရင် သွေးစစ်စစ်ဖြစ်မှ ဖြစ်ပါ၏လောဟု သံသယပွားရလောက်အောင် မမြကြုတ်၏ရုပ်အဆင်းက ထူးကဲနေခဲ့၏။
သူမ၏ရုပ်အဆင်းသည် ကလေးသူငယ်ဘဝကမူ လူမှုဝန်းကျင်နှင့် အပြန်အလှန်ထိတွေ့ဆက်ဆံမှုတွင် အရေးမပါခဲ့ပေ။ အပျိုပေါက် အ ရွယ်တွင်မူ ဤ၍ဤမျှပုံယွင်း ဆိုးရွားသောသွင်ပြင်သည် မမြကြုတ်၏ နှလုံးသားထဲတွင် အဆိတ်များသွတ်သွင်းသိုလှောင်ပေးစပြုလာခဲ့ သည်။ သူမနှင့် ရွယ်တူမိန်းကလေးများ ရည်းစားသနံရရှိလာကြသော်လည်း မမြကြုတ်မှာမူ ရွယ်တူယောက်ျားပျိုတို့ ရှောင်ဖယ်မေ့လျော့ ခြင်ကိုလည်းကောင်း၊ ပြောင်လှောင်ပြက်ရယ်ပြုခြင်းများကို လည်းကောင်းတွေ့ကြုံရင်ဆိုင်နေခဲ့ရ၏။ ဤသည်နှင့်ပင် မမြကြုတ်သည် ဖူး ရာမှ ပွင့်လာသော်လည်း ခူးဆွတ်ပန်ဆင်သူမရှိဘဲ ကြွေလွင့်ရရှာသော ပန်းတပွင့်နှင့်တူလာသည်။ မိဘနှစ်ပါးနှင့် တအူထုံဆင်းတို့သည် သူမအပေါ် အကြင်နာ၊ ကရုဏာ၊မေတ္တာလွှမ်း၍ ဆက်ဆံခဲ့ကြပါသော်လည်း သဘာဝအရပြင်းပြစွာတောင့်တသော ဆန့်ကျင်ဘက် လိင်တို့၏ပစ်ပယ်ခြင်းကို တရစပ်ခံစားနေခဲ့ရသောအခါ၊ မမြကြုတ်၏နှလုံးသားထဲမှအဆိပ်တို့သည် ဆူပွက်လာကြတော့၏။ ဆူပွက်နေ သောအဆိပ်များသည် အငွေ့လှိုင်းများအဖြစ် မမြကြုတ် လျှာဖျားပေါ်သို့ ရောက်လာချိန်တွင် ဖရုသာဝါစာ စကားကြမ်း၊ စကားရိုင်များအ သွင်တို့သို့ ကူးပြောင်းသွားကြသည်။ မမြကြုတ်သည် ဆာလောင်မွတ်သိပ်မှုကြောင့် စိတ်တိုနေသော ခွေးဘီလူးတကောင်နှင့် တူလာ သည်။ အကျည်းတန်မျက်နှာထားဆီမှ တိုတောင်းကြမ်းရှသည့်ဝေါဟာရတွေသာ လွတ်ထွက်လာတတ်သည်။
“ဝစီဘေဒက ထိတိုင်းရှသတဲ့ကွယ့်။ နှုတ်ချိုသျှိုတပါးတဲ့ကွယ့်။ ရှေးလူကြီးစကားဆိုတာ ဘယ်သောအခါမှ မှားတယ်ဆိုတာမရှိဘူး သမီး ရဲ့။ ပြီးတော့လက်ကြောင့်ကြေ၊ နှုတ်ကြောင့်သေ သတဲ့” စာပေကျမ်းဂါတတ် ရဟန်းလူထွက် ဖခင်ကြီးက မမြကြုတ်ကို ညင်သာပျော့ ပျောင်း စွာ ဆုံးမသွန်သင်တတ်၏။
“လူတယောက်က ကိုယ့်ကိုချစ်ခင်လာအောင်လုပ်ဖို့ ခက်သလောက်၊ လူတရာက ကိုယ့်ကိုမုန်းအောင်လုပ်ဖို့က အလွယ်ကလေး။ ချစ် အောင်လုပ်တာလည်းဟောဒီပါးစပ်။ မုန်းအောင်လုပ်တာလည်း ဟောဒီပါးစပ်ပဲ” ဟု ဘုန်းတော်ကြီးကျောင်းရှေးသင်ရိုးအရ သင်ပုန်းကြီး တတ်ရုံမျှနှင့် ကျောင်းထွက်လာခဲ့သူ မိခင်ကြီးကလည်းသမီးကို အပြစ်တင်သံမပါစေဘဲ ဆုံးမသွန်သင်တတ်၏။
မိဘများက မည်သို့သောရည်ရွယ်ချက်ဖြင့် ဆိုဆုံးမစကားများ ပြောကြား ကြသည်ကို မမြကြုတ် မသိမဟုတ်၊ သိသည်။ သို့တွင်အသိနှင့် ခံစားမှုဆိုသည်မှာ တခြားစီဖြစ်ကြသည်။ ဉာဏ်နှင့်ဝေဒနာမှာ တကန့်စီ နေတတ်ကြပြီး အပြန်အလှန်အားပြိုင်တတ်ကြသည်။ ဉာဏ်ဦးစီး လိုက်လျှင်တော့ မမြကြုတ်၏နှုတ်ကြမ်းသောဝသီဆိုး၊ အကျင့်ဆိုးကတော့ ငြိမ်ဝပ်ပျောက်ကွယ်သွားနိုင်မည်။ လက်တွေ့တွင် မမြကြုတ်၏ ဝေဒနာကသာ အမြဲတစေအသာစီးရနေပြီး ထိုဝေဒနာက မောင်းနင်နေသည့်အတိုင်း အာကြမ်းလျှာကြမ်းစရိုက်က စွဲမြဲ ကြီးထွားနေတော့ ၏။
“ရုပ်ရည်နဲ့ပြောပေါက်ဆိုပေါက်က အံဝင်ခွင်ကျပဲဟေ့။ မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြားသနားပါစေဆိုတဲ့ပါရမီနဲ့ ပြည့်စုံပါပေရဲ့” အိမ်နီး ချင်း ကာလသားတယောက်၏ ဝေဖန်ချက်ဖြစ်သည်။ “မြကြုတ်လင်မရတာ ဘာဆန်းသတုန်းအေ့။ ရုပ်ကလည်း အကျည်းတန်။ အသံက လည်း ဘဲအစာနင်တဲ့အသံ။ အပြောအဆိုကလည်း ဘယ်တော့များမှယဉ်ကျေးပျူငှာမရှိ။ ဒင်း(သင်း)သူဌေးသမီးဆိုပေတဲ့ ဒင်း(သင်း) ရုပ်နဲ့ ဒင်း(သင်း)ပါစပ်ကို ဘယ်ယောက်ျားက သည်းညည်းခံနိုင်မလဲ။ မြကြုတ်သေရင် ငှက်ပျောတုံးနဲ့ မသာချရမယ်သာမှတ်။ မယုံစောင့် ကြည့်ကြ”
သည်တသက်မှာ မမြကြုတ်အိမ်ထောင်မကျနိုင်တော့ဟု ဟောကိန်းထုတ်ခဲ့သူများ လွဲချော်ခဲ့ကြသည်။ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ချိန်မှာ မမြကြုတ် အသက် ၃၅ နှစ်ရှိခဲ့ပြီ။ သွပ်မိုးပျဉ်ထောင် ငါးပင်အိမ်ကြီးနှင့် ယာနှစ်ကွက်အမွေရလိုက်သည်။ ယာနှစ်ကွက် ဆိုသည်မှာ တကိုယ်ရေ အပျိုကြီးတယောက်အတွက်စားသောက်နိုင်ရုံမျှက၊ စုငွေဆောင်းငွေပါရရှိနိုင်သေးသော အရင်းအနီးဖြစ်သည်။ ပေ ၂၀၀ ပတ်လည် ကျယ်ဝန်းသော ခြံမြေနှင့် ငါးပင်အိမ်ကြီးကလည်း ဤနယ်တဝှမ်းမှာ သူဌေး သူကြွယ်များသာနေနိုင်သော၊ မပြောင်း ရွှေ့နိုင်သည့် ဥစ္စာဓနဖြစ်သည်။ သို့ဖြစ်ရာ မမြကြုတ်တယောက် “လင်းလွန်းပင်” ရွာမှာအကျည်းအတန်ဆုံး၊ ပါးစပ်အကြမ်းဆုံး အပျိုကြီး တယောက်အဖြစ် မည်မျှပင်ဆိုးဂုဏ်ဖြင့် ထင်ရှားသည်ဖြစ်စေဦးတော့၊ အပျိုကြီးဘဝဖြင့် အရိုးထုတ်စရာအကြောင်းမရှိ။ သူအ၏ ရုပ်ရည် ရူပကာက ဖိုသတ္တဝါတို့ကို မဆွဲဆောင်နိုင်ငြား၊သူမ၏ ဥစ္စာဓနက သိုက်သမားတို့ကို လက်ယပ်ခေါ်နေမည်သာဖြစ်၏။
အေးကိုသည် မမြကြုတ်၏မိဘများထံမှာ ကျွဲကျောင်း၊ နွားကျောင်းလုပ်ဖူးသည်။ ကြီးပြင်းလာချိန်တွင် အေးကိုသည်အခြားရွာသူနှင့် အိမ် ထောင်ကျပြီး လင်းလွန်းပင်မှ ထွက်ခွာသွားခဲ့၏။ ယခုအခါ အေးကိုသည် အသက် ၂၅ နှစ်အရွယ်တွင်တခုလပ် အိမ်ထောင်ပျက်ဘဝဖြင့် လင်းလွန်းပင်ရွာသို့ ပြန်လည်ရောက်ရှိလာသည်။ အေးကိုသည် အိမ်ထောင်ပျက်ပြီးစကတည်းက သူဘာ ဆက်လုပ်ရမည်ကို ကြိုတင်ကြံ ရွယ် အစီအစဉ်ချမှတ်ထားပြီးဖြစ်ပုံရ၏။ သူသည် မမြကြုတ်ထံ ဝင်ထွက်သွားလာရင်း မမြကြုတ်ခြံထဲတွင်ဘူးသီး၊ ခရမ်းသီ၊ ငရုတ်သီးအစ ရှိသော ရာသီပေါ်သီးနှံများကို စိုက်ပျိုးတည်ထောင်ပေးကာ၊ မမြကြုတ်ပေးသမျှယူ၊ ကျွေးသမျှစားရင်း မမြကြုတ်နှင့် လက်ပွန်းတတီး ဆက်ဆံခွင့်ရနေသည်။
အပျိုကြီးမမြကြုတ်နှင့် တခုလပ်အေးကိုတို့ အိမ်ထောင်ကျပုံမှာ လင်းလွန်းပင်ရွာ၏ အိမ်ထောင်မှုသမိုင်းတွင် မှတ်တမ်းတင်စရာဖြစ်၏။ သူကြီးအိမ်တွင်လျှောက်လွှာစာရွက်တရွက်ပေါ်၌ နှစ်ဦးသဘောတူ လက်ထပ်ကြကြောင်း လက်မှတ်ထိုးကြ၏။ ဘုန်းတော်ကြီးကျောင်းသို့ မင်္ဂလာဆွမ်းအဖြစ် ဝက်သားဟင်းချက်ပြီး လေးဆင့်ချိုင့်တလုံး လူကြုံဖြင့်ပေးပို့လှူဒါန်း၏။ သည့်ထက်ဘာမျှမပို။ ကျွက်စီကျွက်စီ၊ ပူညံပူ ညံ လုပ်နေကြသော ကာလသားများကို သူကြီးကဆင့်ခေါ်ပြီး တိုးတိုးတိတ်တိတ် ဖျောင်းဖျနှစ်သိမ့်လေသည်။
“မင်းတို့က ထုံးတမ်းစဉ်လာအတိုင်း ခဲဖိုးမရလို့ မကျေနပ်ကြဘူး။ ဟိုတဖက်ကိုပြန်ကြည့်တော့ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံ ကျိုး တွေ့ခဲ့ကြတာ။ ထုံးတမ်းစဉ်လာတွေဘာတွေသူတို့မစဉ်းစားအားကြဘူး။ သူတို့နှစ်ယောက် တဦးကိုတဦး အမှီသဟဲပြုဖို့ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီနေကြဖို့ပဲ သူတို့စဉ်းစားတယ်။ ငါ့သဘောကတော့ မောင်နှမသားချင်းအရင်းအချာတွေ ရှိပေတဲ့၊ တကောင်ကြွလိုဖြစ်နေရှာတဲ့ မြကြုတ်ဟာ အေးကိုနဲ့ယူလိုက်တဲ့အတွက် သူဘဝပြည့်စုံသွားမယ်။ လယ်မဲ့ယာမဲ့၊ အခြေအနေမဲ့ အေးကိုလည်း အလုပ်နဲ့အကိုင်နဲ့ သားမ ယားနဲ့ဖြစ်ပြီးခြေငြိမ်သွားမယ်။ ငါတို့ရွာမှာ အိမ်ထောင်စုတစုတိုးလာမယ်။ ပြီးတော့ အခါအားလျော်စွာသူတို့ကအလှူအတန်းလုပ်လာကြ လိမ့်မယ်။ ဒီတော့ မင်းတို့ရဲ့မင်္ဂလာခဲဖိုးကိစ္စကို မေ့ပစ်လိုက်ကြပါကွာ”
ကာလသားတွေ သွေးအေးသွားကြ၏။ သို့သော် မမြကြုတ်၏ ဆွေမျိုးအသိုင်းအဝိုင်းကမူ အေးကိုအား ( ဒီယုန်မြင်လို့ဒီခြုံထွင်တဲ့ အ ကောင်) ဟု စွပ်စွဲရှုတ်ချသလို၊ မမြကြုတ်အားလည်း ၃၅ နှစ်အထိအပျိုကြီးလုပ်လာပြီးမှ၊ ဘာမဟုတ်တဲ့ အလေနတောကပ်ပါးကောင်ကို တကိုယ်လုံးထိုးအပ်တဲ့ လင်တရူးမဟု ပြစ်တင်ဆဲရေးခဲ့ကြ၏။ မမြကြုတ်ကို အမျိုးစာရင်းမှပယ်ရန်ဆုံးဖြတ်လိုက်ကြ၏။ အေးကိုသည်အစ ဦးပိုင်းတွင် လင်ကောင်းသားကောင်းပီသစွာအသောက်အစား၊ လောင်းကစားကင်းရှင်းစွာဖြင့် ယာအလုပ်ကို ဦးစီး၍လုပ်ကိုင်သည်။ မမြကြုတ်ကိုလည်း “မမမြ…မမမြ”နှစ်တလေးတစားတယုတယဆက်ဆံသည်။ အသက်ကြီးကာမှ ကိုယ့်အောက် ဆယ်နှစ်ငယ်သည့် တခုလပ် လူဆင်းရဲကိုရသော်လည်း ရုပ်ဆိုးမအပျိုကြီးမမြကြုတ်သည် “အိုဇာတာကောင်းသည်”ဟုပင်တချို့ကဝေဖန်လာကြကုန် သည်။“မမြကြုတ်က လူပျိုကိုရတယ်ပဲထားဦး။ လူပျိုက တခုလပ်အေးကိုလို အလုပ်လက်ကြောတင်းတင်းနဲ့မလုပ်ဘဲ၊ လူပေါ်ကြော့ဖြစ်နေ ရင် မြကြုတ်စီးပွားပျက်မှာ။ ခုတော့ အေးကိုက အလုပ်ကိုလက်ကြောတင်းတင်းနဲ့ ကျားစီးဖားစီးလုပ်တဲ့လူ။ မယုံရင်ကြည့်နေ။ ဒီလင် မယားတက်ကိုတက်လာဦးမှာ”ဟုဟောကိန်းထုတ်သူကထုတ်သည်။
“မြကြုတ်က လင်ကလေးအပေါ် တယ်နိုင်တာပဲကိုး။ ထစ်ခနဲရှိ ဆဲဆိုဟိန်းဟောက်နေတော့တာပဲ”ဟူသော အတင်းစကားသံကိုလည်း ရံဖန်ရံခါ ကြားရတတ်ပါ၏။ လင်းလွန်းပင်ရွာ၏ လူမှုစီးပွားယန္တရားသည် ပုံမှန်အတိုင်း လယ်ပတ်ရွေ့လျားနေစဉ်၊ မမြကြုတ်နှင့်အေးကိုတို့ ဇနီးမောင်နှံ၏ အိမ်ထောင်မှုအစီအစဉ် အခင်းအကျင်းမှာလည်း တိုးတိုးတိတ်တိတ်နှင့်ပင် အသက်ဝင်လျက်ရှိခဲ့သည်။ အိမ်ထောင်သက် အခါလည်(၁ နှစ်ပြည့်)သော်လည်း မမြကြုတ်မှာ ကိုယ်ဝန်မဆောင်ရသေး။ မမြကြုတ်က သားသမီးရူးရူးတတ်၏။ “မမမြရယ်… အချိန်တန်တော့ နွားပိန်ကန်မပေါ့ဗျာ”ဟု အေးကိုက ပြုံးလဲ့လဲ့မျက်နှာထားဖြင့် ဇနီးကိုနှစ်သိမ့်သည်။ မမြကြုတ် ကတော့ ရွာထိပ်ညောင် ပင်ကြီးသို့လျှို့ဝှက်သွားရောက်ပြီး သားဆုပန်နေခဲ့သည်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်တော့။ ထိုနည်းတူပင် သားသမီးရလိုဇော မိန်း မဣနြေ္ဒတွေလည်း မမြကြုတ်ထံမှ အငွေ့ပျံထွက်ကုန်ပြီ။ သူတို့စုံတွဲက“ဇရာအိုနှင့်ကညာပျို”အသွင်ပုံစံမျိုးဖြစ်လာသည်။ အိမ်နီးချင်းတွေ မျက်စိစပါးမွေးစူးစရာဖြစ်လာသည်။ “မြကြုတ်တို့ ဖြစ်ရပုံများနှယ်အေ ယိုသူမရှက်၊ မြင်သူရှက်ပဲ ဟိုနေ့ကလည်းရေတွင်းမှာ အေးကိုကို မြကြုတ်က ချေးတွန်းပေး၊ ဆပ်ပြား တိုက်ပေးနေလေရဲ့။ လက်မမီတဲ့ ကျောကုန်းလေးဘာလေး ချေးတွန်းပေးတယ်ဆိုတော်သေးရဲ့။ ခုဟာက အေးကိုရဲ့ရင်ဘတ်နဲ့ ဗိုက်တွေ ကို ဆပ်ပြာတိုက်ပေးနေတာ အေရဲ့”
“လင်ငယ်ငယ်ကလေးရတဲ့ အပျိုကြီး တွေဟာ ဒီအချိုးချည်းပါပဲဟယ်” “မဟုတ်ဘူးဟဲ့။ မြကြုတ်က သူငယ်ပြန်နေတာ။ သူ့ကိုယ်သူ ၁၆ နှစ်သမီးကလေးလိုရူးနှမ်းနှမ်းပေါတောတောဖြစ်လို့ဖြစ်မှန်းမသိအောင် ရူးနေတာအေ့။ ကလေးသာရရင် မြကြုတ်တို့ ပိုပြီးရူးမှာ မြင်ယောင် သေး” မမြကြုတ်တို့ဇနီးမောင်နှံသည် လင်းလွန်းပင်ရွာ၏ နေ့စဉ် သတင်းစာပင်ဖြစ်သည်။ ထိုနေ့စဉ်သတင်းစာသည် သတင်းထူးတပုဒ်နှင့် အတူ အမှတ်မထင်ရပ်စဲသွားခဲ့လေ၏။ ဆောင်းဦးပေါက်တညနေတွင် ထဘီရေစိုရင်လျား၊ ရေစိုဆံပင်ဖားလျားနှင့် မမြကြုတ်သည် အသံ နက်ကြီးဖြင့် အော်ဟစ်ရင်း သူကြီး၏နေအိမ်ရှေ့သို့ရောက်ရှိလာသည်။ မမြကြုတ်၏ အကျည်းတန်မျက်နှာဆီ၌ မျက်လုံးအစုံသည် အချက်ပြမီးနီနှစ်ပွင့်လို ရဲရဲတောက်တောက်လက်နေကြ၏။ “သူကြီး…သူကြီး အေးကိုဆိုတဲ့ကောင်ကိုဖမ်းပါ။ ဒီအကောင် ကျုပ်ကိုချောင်း ထဲမှာရေနှစ်သတ်ဖို့ ကြိုးစားသတော့။ ကျုပ်ကိုသေကြောင်းကြံသတော့။ ဒီအကောင်ကိုဖမ်းချုပ်စမ်းပါ” မမြကြုတ်သည် ဝမ်းခေါင်းသံဖြင့် အော်ရင်း ခုန်ဆွခုန်ဆွဖြစ်နေသည်။ မျက်လုံးအိမ်နှစ်ဖက်မှ မျက်ရည်သွင်သွင် ယိုဆင်းလျက်လည်းရှိသည်။“ကျုပ်သေရင် ကျုပ်အမွေအ နှစ်တွေအပိုင်စီးရအောင် ကျုပ်ကိုသတ်တာသူကြီးရဲ့” မမြကြုတ်၏ လှိုက်သည်းသောငိုကြွေးရှိုက်ငင်သံသည် လင်းလွန်းပင်တရွာလုံးကို ကိုင်လှုပ်ခါယမ်းပစ်လိုက်၏။ ဖြည်းဖြည်းချင်းစုဝေးလာကြသော လူအုပ်ဆီသို့ အင်္ကျီဗလာ၊ ပုဆိုးရေစိုနှင့် အေးကိုသည် တည်ငြိမ်အေးစက် သောမျက်နှာထားဖြင့်လျှောက်ဝင်လာသည်။ အေးကိုအား တွေ့သည်နှင့် မမြကြုတ်သည် ဒဏ်ရာရ တိရစ္ဆာန်ကြီးတကောင်လို ဟစ်အော် ရင်းအေးကိုထံ တဟုန်ထိုးပြေးဝင်သွားသည်။
“အယုတ်တမာ လူသတ်ကောင်”ဟုအော်ရင်း မမြကြုတ်ကအေးကိုအား ဆံပင်ဆွဲ၍ ဘယ်ပြန်ညာပြန်ပါးရိုက်၏။ ပထမသုံးလေးချက်အ ရိုက်ခံပြီးနောက်၊ အေးကိုက မမြကြုတ်၏လက်အစုံကို ချုပ်ကိုင်ထားလိုက်၏။ “ခင်ဗျားကြီး အရူးမဟုတ်၊အကောင်းမဟုတ်နဲ့ သက်သက်မဲ့ ကျုပ်အပေါ်အများကအထင်လွဲအောင်လုပ်တာ။ ခင်ဗျားထင်ရာမြင်ရာပြောတတ်တဲ့စကားက ကျုပ်ကို ဘဝပျက်အောင်လုပ်နဲ့အတူတူပဲ” စောစောက မမြကြုတ်၏စကားသံက တရွာလုံးကို ကိုင်လှုပ်သကဲ့သို့ ယခုအခါ အေးကို၏ မာကျောခက်ထန်သည့်စကားသံကလည်း အနီးရှိ လှုပ်လှုပ်ရွရွဖြစ်နေကြသော ရွာသားလူအုပ်ကို ငြိမ်ဝပ်တိတ်ဆိတ်သွားစေသည်။ ထို့နောက် လူအုပ်ရှေ့မှာပင် အေးကိုက သူကြီး ကို တိုင်တည်လျှောက်ထားသည်။ အေးကိုကတခွန်းပြောလိုက်တိုင်း၊ မမြကြုတ်က (မဟုတ်ဘူး) ဟုတခွန်းဝင်ပြောသည်။
“သူရေကူးချင်တယ်ဆိုတာနဲ့ ကျနော်တို့ ဘုန်းကျောင်းမျက်စောင်းထိုးက ကုက္ကိုပင်ကြီးနဲ့မနီးမဝေးချောင်းစပ်မှာ ရေကူးသင်နေခဲ့ကြတာပါ သူကြီး”
“မဟုတ်ဘူး။ ကျုပ်က ရေကူးချင်တာမဟုတ်ဘူး။သူက အတင်းဆွဲဆောင်ပြီးခေါ်သွားတာ။ ဒင်း (သင်း) လူယုတ်မာ”
“လူတရပ်သာသာလောက်နက်တဲ့နေရာရောက်တော့ သူကိုယ်မဖော့နိုင်တော့ဘဲ စွပ်ဆို မြုပ်သွားရော။ အဲဒီမှာတင် သူကြောက်အားလန့် အားနဲ့ ကျနော့်ကို လှမ်းဆွဲတာ။ ဆွဲတာက ရိုးရိုးမှ မဟုတ်ဘဲ ကျတော့ကိုပါ ရေထဲဆွဲနှစ်သလိုဖြစ်နေကရော”
“မဟုတ်ဘူး။ ဒင်း(သင်း) ကကျုပ်ကိုရေထဲဆွဲနှစ်တာ”
“ကျနော့်မှာ သူ့ကို ရေတိမ်ပိုင်းရောက်အောင် မနည်းကြီးဆွဲပြီး ကူးလာခဲ့ရတာ။ ဒါကိုများသူက သွေးရူးသွေးတန်းနဲ့ သူ့ကိုရေနှစ်သတ် သလေး ဘာလေးလျှောက်စွပ်စွဲနေသေးတယ်”
“ဟုတ်တယ်။ နင် ငါ့အိမ်တွေ ခြံတွေ လိုချင်လို့ ငါ့ကိုရေနှစ်သတ်တာ။ အေးကိုရဲ့နင်ဟာ ယောက်ျားပိုင်းလုံးတိရစ္ဆာန်”
သူကြီးက မမြကြုတ်တို့ဇနီးမောင်နှံကို အိမ်ပေါ်သို့ခေါ်ယူပြီး စပ်စုလိုကြသည့် ရွာသားများကို နှင်ထုတ်လိုက်၏။ ထို့နောက်ရပ်မိရပ်ဖ အချို့ကို သူကြီးက အလျင်အမြန်ကြွရောက်ဖို့ ဆင့်ခေါ်သည်။ ည ၈ နာရီတွင် သူကြီးက စီရင်ချက်ချမှတ်သည်။ မမြကြုတ်နှင့်အေးကိုတို့ တရားဝင်ကွာရှင်းပြီးသည့်နောက် အေးကိုသည် လင်းလွန်းပင်ရွာမှ ချက်ချင်းထွက်ခွာသွားရမည်။ နောက်နောင် ရွာရိပ်သို့ပင်နင်းခွင့်မရှိ။ ကျူးကျော်ချဉ်းနင်းလာလျင် ဥပဒေအရအရေးယူမည်။ မမြကြုတ်သည်လည်း အေးကိုနှင့် ပြန်လည်ပေါင်းသင်းဦးမည်ဆိုလျင် လင်းလွန်း ပင်ရွာ၌ နေထိုင်ခွင့်မရှိ။ သူကြီး၏ စီရင်ချက်ကို ကာယကံရှင်နှစ်ဦးစလုံးက ကျေနပ်သဘောတူကြပြီးလက်မှတ်ရေးထိုးခဲ့ကြသည်။
သူကြီးမှာ အပျိုကြီးရုပ်ဆိုးမကို သွေးဆောင်လက်ထပ်ခဲ့သည့် အေးကိုအား နဂိုကတည်းက နှလုံးတွေ့ခဲ့သည်မဟုတ်။ မမြကြုတ်ကို အေးကိုကရေနှစ်သတ်ရန် ကြိုးစားခဲ့ခြင်းမှာ အတန်အသင့်ယုတ္တိရှိသည်ဟုလည်း သူကြီး တွေးတောလက်ခံသည်။ သို့သော် အေးကို ဘက်က အကြောင်းပြခုခံချေပချက်ကလည်း အသင့်ယုတ္တိရှိနေပြန်သည်။ ထို့ကြောင့် ကာယကံရှင်နှစ်ဦး၏ အလိုအရ မြွေမသေ တုတ်မ ကျိုး စီရင်ချက်ဖြင့် ထိုလင်မယားကို တရားဝင်ကွာရှင်းပြတ်စဲစေခဲ့ခြင်းပင် ဖြစ်လေသည်။ သူကြီးစီရင်ချက်သည် မမြကြုတ်ကို သွယ်ဝှက် စွာ သေဒဏ်စီရင်ခဲ့ခြင်းဖြစ်ကြောင်းကိုမူ၊ နောက် ၁၅ နှစ်ကြာတော့မှသာ ကျတော်တို့ နားလည်သိရှိခွင့်ရခဲ့ကြပါသည်။
သူကြီးနှင့် အရပ်လူကြီးသုံးဦးကိုခေါ်ယူ၍ ကျနော်တို့ မမြကြုတ်၏ ခြံဝင်းအနီးသို့ရောက်လောက်ချိန်တွင် မတင်မကျဖြစ်နေသော ပုစ္ဆာတ ပုဒ်၏ အဖြေက ကျနော့် ဦးနှောက်ထဲသို့ လင်းကျင်းစွာဝင်ရောက်လာခဲ့ပါသည်။ ကျီးကန်းများသည် မမြကြုတ်၏ တဲအိမ်အမိုးရှိ ခေါင် အုပ်ပေါ်မှာစစ်ရေးပြစစ်သည်တော်များနှယ် တညီတညာရပ်နားလျက်ရှိနေခဲ့ကြပါပြီ။ “ငါ့နှာခေါင်းထဲမှာ အနံ့ရသလိုလိုပဲကွ” ဟု သူကြီးက နှာခေါင်းတရှုပ်ရှုပ်ဖြင့်ညည်းတွားသည်။ ကျနော်က သူကြီးကိုစွေစောင်းစောင်းကြည့်ရင်း ရင်ထဲကနေကျိန်ဆဲလိုက်၏။ မမြကြုတ်ကို သတ်လိုက်တာ ခင်ဗျားပဲ။ မမြကြုတ်ကိုယ်ပျက်အောင်လုပ်လိုက်တာ ခင်ဗျားပဲ။ “ဟုတ်တယ်။ သေချာပြီ။ တဲထဲမှာ မြကြုတ်ဆိုတဲ့ အနူမသေနေပြီ”ဟု သူကြီးက ရှုံ့ရှုံ့မဲ့မဲ့ရေရွတ်ပြန်သည်။ ကျနော်သည် ရှူမိသော အပုပ်နံ့ထက်ဆိုးရွားသော အော်ဂလီဆန်မုန်းတီးရွံ့ရှာ သည့် ဝေဒနာကိုခံစားနေခဲ့ရ၏။
အေးကိုနှင့်ကွဲကွာသွားခဲ့ပြီး လအနည်းငယ်အကြာတွင် မမြကြုတ်တယောက် အသားအရေတွေမကောင်းတော့ဟူသော သတင်းသိုးသိုး သန့််သန့် ပေါ်ထွက်လာခဲ့ပါသည် သန္ဓေသားကိုဖျက်ချရန်ကြိုးစားရင်း ဆေးစားမှားကာ သွေးသား ဖောက်ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု ကျနော် ကြားသိရပါသည်။ သူမ၏ သွေးချင်းသားချင်းအရင်းအချာများမှတဆင့် မမြကြုတ်သည် တိုင်းရင်းဆေးဝါးတွေ ကျိတ်၍သုံးစွဲခဲ့ ပါသည်။ ရောဂါသည် ပိုမိုဆိုးရွားလာခဲ့ပါသည်။ အတုအယောင် ဗိန္ဒောဆရာ လူလိမ်အချို့ မမြကြုတ်ထံ ရောက်ရှိလာခဲ့ကြပြီး ဆေးဝါး အတုများကိုပေးကာ၊ မမြကြုတ်၏ ယာကွက်ရောင်းရငွေများကိုယူသွားခဲ့ကြပြန်ပါသည်။ ပယောဂ ဆရာအချို့ကလည်း မမြကြုတ်ထံမှ ငွေလိမ်သွားခဲ့ကြပြန်ပါသည်။ မမြကြုတ်၏ ရုပ်ခန္ဓာ သိသိသာသာ အသွင်ပြောင်းစတွင် သူမ၏နေအိမ်နှင့် ခြံတဝက်ကိုရောင်းချခဲ့ပါသည်။ ဝယ်ယူသူမှာ ကျနော်တို့ မိသားစုပင် ဖြစ်ပါသည်။ အနာကြီးရောဂါရှင်တဦး နေထိုင်ခဲ့သောအိမ်ကို ကျနော်ကဲ့သို့ ခေတ်မီပညာတတ် တဦးမှ တပါး၊ အခြားလူသာမန်တို့ ဝယ်ယူနေထိုင်ခြင်းမပြုဝံ့ခြင်းကို အပြစ်ဆိုဖွယ်တော့မရှိပါ။ ကျနော်တို့၏ ၂၁ ရာစု နိုင်ငံတော်တွင် ၁၉ ရာစု လူသားတွေ သန်းချီ၍ရှိနေပါသေး၏။
“ကဲ…မြကြုတ်သေနေတာတော့သေချာပြီ။ ဘယ်လိုလုပ်ကြမလဲ”ဟု အရပ်လူကြီးတယောက်က ထိတ်ထိတ်ပျာပျာဆော်ဩပါသည်။ “သူ့ ဘဝကံအကြောင်းပဲလေ။ အုန်းမှန်နဲ့ သာဒွေးတို့ကိုပဲ တာဝန်ပေးရမှာပဲ။ မြကြုတ်က ထုံးတမ်း စဉ်လာအတိုင်း စီစဉ်လို့ရတဲ့ မသာမျိုးမှ မဟုတ်ဘဲ”ဟု သူကြီးကမှတ်ချက်ချသည်။ ဟုတ်ပါသည်။ မမြကြုတ်သည် လူ့အဖွဲ့အစည်းငယ် တခုထဲမှာ အစဉ်အလာပုံစံဖြင့် ရှင်သန် ကြီးပြင်းခဲ့သူမဟုတ်ပါ။ လင်းလွန်းပင်ကျေးရွာသမိုင်းတွင် မပါရှိခဲ့ဖူးသော ရောဂါမျိုးဖြင့်လးည်သေဆုံးခဲ့ပါသည်။ ကြမ္မာဆိုးမြားတံသည် မမြကြုတ်ကို ရွေးချယ်၍ တည့်မတ်စွာ စူးဝင်ခဲ့ခြင်းပဲဖြစ်ပါသည်။ သူမသည် မိဘ၊ သားချင်း၊ ဆွေမျိုးများအလယ်တွင် လူဖြစ်လာခဲ့ပါ သည်။ ပြီးလျှင်အထီးကျန်စွာတိမ်းပါးသွား၊ သူစိမ်းတရံဆံ နှစ်ယောက်၏ပစ်စလက်ခတ် ဖုတ်ကျည်း သင်္ဂြိုဟ်ခြင်းဖြင့်မြေမှုန်ဘဝသို့ ပြန် လည်ကူး ဝင်သွား(သို့မဟုတ်) ငရဲဘုံသို့ ကျဆင်းသွားခဲ့ရရှာပါသည်။
“ဒီမှာ သူကြီး၊ ကျုပ်တို့ကယ်ပါ။ စဏ္ဍာလတွေမဟုတ်ဘူး၊ ဒီအလုပ်ကို လူမှုရေးစေတနာနဲ့လုပ်နေတာ။ ဒါပေမဲ့ ဒီအလောင်းက သာမန်အ လောင်းမဟုတ်ဘူးဗျ။ အနူအလောင်းကြီး။ ရိုးရိုးအနူတောင်မဟုတ်ဘူး၊ မနူခင်ကတည်းက တရွာလုံးက အော့ကြောလန်နေတဲ့ အာကြမ်း လျှာကြမ်းမိန်းမကြီးရဲ့အလောင်း။ မဘဲသေရင်တောင် ဒီမိန်းမအလောင်းမျိုးကို ကျုပ်တို့မကိုင်ဘူး”ဟု အုန်းမှန်က မျက်ထောင့်နီကြီးဖြင့် သူကြီးကိုကြည့်ရင်းပြောနေသည်။ “မင်းတို့ ဗုဒ္ဓဘာသာဝင်တွေပါကွာ။ မသာတခေါက် ကျောင်းဆယ်ခေါက်ဆိုသလို ဒီအလုပ်လုပ်ရတာ ကုသိုလ်ရပါတယ်” ဟု သူကြီးက လင်းလွန်းပင်ရွာမှ ထိပ်တန်းယစ်ထုပ်ကြီး နှစ်ဦးကို လေချိုသွေးသည်။ “ဟီး…ဟီး ကျနော်တို့က အရက် သမားတွေ သူကြီးရဲ့။ သေရင်ငရဲကိုအိတ်စပဒက် ကားကြီးနဲ့တန်းသွားမှာ။ ကုသိုလ်မရချင်ဘူး။ ကျနော်တို့လိုတာက မန်းနီးပဲ” သာဒွေး က အရက်နံ့တထောင်းထောင်း၊ ကွမ်းတံတွေးတပျစ်ပျစ်ထွေးရင်း သွားကျိုးတွေဖော်ကာ ရယ်မောနေသည်။ “ကမြင်းမသားတွေ၊ လက် ပေါက်မကပ်ကြနဲ့။ အလောင်းကိုသာ မြန်မြန်မြေကျအောင်လုပ်။ တယောက် ငွေတထောင်စီရမယ်၊ ဒါပဲ” သူကြီးက ညာဘက်လက်ညှိုး ကိုဝှေ့ယမ်းပြီး အော် ပြောသည်။ အုန်းမှန်နဲ့ သာဒွေးတို့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ခွက်ထိုးခွက်လန်အော်ဟစ်ရယ်မောကြ သည်။ “ငွေ တထောင်… ငွေတထောင်၊ ငွေတထောင်ဘာလုပ်မှာတုံး သူကြီးရဲ့။ အခုဘီအီးတလုံး သုံးရာဖြစ်နေပြီ။ ကျုပ်တို့ရေချိုးဖို့ ဆပ်ပြာမွှေးတခဲကလည်းသုံးရာလောက်ရှိတယ်။ ဝါးကပ်လုပ်ဖို့ ဝါးဖိုး၊ ချည်ဖို့တုပ်ဖို့ ပလတ်စတစ်ကြိုးခွေဖိုးတွေလည်းရှိသေးတယ်။ အလောင်း သုသာန်မရောက်ခင် ငွေနှစ်ထောင်ကကုန်နေမှာ”ဟု အုန်းမှန်ကပြောပြီးနောက် သာဒွေးက“ကျနော်တို့က အလောင်းပြင်ရမှာ ဆိုတော့ ကျင်းတူးအားမှာ မဟုတ်ဘူးဗျ။ ဟိုဘက်ရွာက ငတွတ်တို့၊ ဖိုးကုလားတို့ကို ငှားတူးခိုင်းရမှာ။ သူတို့ကို အနည်းဆုံး တထောင် တော့ ပေးရမှာပဲ”ဟု ဝင်ရောက်ဖြည့်စွက်သည်။
ကျနော်နှင့်အတူ သူကြီးနှင့် အရပ်လူကြီးများ တီးတိုးတိုင်ပင်ကြပါသည်။ တဲအိမ်ဘက်မှ အပုပ်နံ့လှိုင်းက ပိုမိုပြင်းထန်လာပါသည်။ ကျီး ကန်းတွေက ကောင်းကင်နှင့် မြေပြင်ကြားမှ မြူးကြွပျံဝဲနေကြပါသည်။ တဲအိမ်ထဲမှ ယင်ကောင်အုပ်ကြီး ဝေါခနဲပျံထွက်လာခဲ့ပါသည်။
“ဒီလိုလုပ်ဗျာ။ ကိုအုန်းမှန်နဲ့ ကိုသာဒွေးဟု”ကျနော်စကားစသည်။” ငွေရေးကြေးရေးကိစ္စတွေအားလုံး ကျုပ်တာဝန်ခံမယ်။ ခင်ဗျားတို့ကို လည်း ကျုပ်အရက်တဝတိုက်မယ်။ ခင်ဗျားတို့ အမြန်ဆုံးဆောင်ရွက်ရမှာက အလောင်း သုသာန်ထဲ တိုင်စင်ထိုးပြီးတင်ထားဖို့ပဲ။ ခေါင်း သေတ္တာအတွက် ကျုပ်တို့အမြန်ဆုံးစီစဉ်မယ်။ ဒီနေ့ညနေ ခေါင်းသွင်းမယ်”
“ငါတို့က ကကြီးကနေ အအထိအစအဆုံးလုပ်ပေးနိုင်တယ်ကွ။ အရေးကြီးတာက အလုပ်သဘောဆန်ဖို့ပဲ။ငါတို့လိုအပ်တဲ့ငွေ ငါတို့လက် ထဲရောက်တာနဲ့ ငါတို့ လုပ်စရာရှိတာတွေကို ဇယ်ဆက်သလို ဒက်ဒက်နဲ့ ဆက်တိုက်လုပ်သွားရုံပဲ။ အခုဟာက အလုပ်စကားပဲပြောပြီး ငွေကြေးကိစ္စကျတော့ မင်းတို့က အင်တင်တင်လုပ်နေတယ်။ ဟေ့…ဒီမှာ၊ ရှင်းရှင်ပဲပြောမယ်။ အလောင်းကို သုသာန်ထဲသယ်ဖို့၊ ခေါင်း သွင်းဖို့ကျင်တူးဖို့မြေမြှုပ်ဖို့အားလုံးငါတို့တာဝန်ယူမယ်။ ငါနဲ့ သာဒွေးကို ငွေတသောင်းစီ လက်ငင်းပေးရမယ်။ ဒါပဲ” ကျနော်နှင့် ရွာလူကြီး များ ပင့်သက်တွေပြိုင်တူရှိုက်ငင်လိုက်ကြသည်။ အုန်းမှန်က ဆက်ပြောသည်။
“မကြားဖူးတဲ့ မသာစရိတ်လို့ ထင်ကြလား။ နှစ်သောင်းကို များတယ်ထင်လို့လား။ မြို့ကြီးပြကြီးတွေက ခေါင်းသေတ္တာတလုံးဖိုးတောင် မရှိပါဘူးကွာ။ ဒီငွေနှစ်သောင်းနဲ့ ငါတို့သားမယားတွေဝတ်ဖို့စားဖို့တောင် မရနိုင်ပါဘူး။ ဒီငွေက ငါတို့စားဖို့သောက်ဖို့လောက်ပဲရမှာ။ ပြီး တော့ ဒီလိုအလောင်းမျိုးကို ဘယ်သူက ကိုင်ချင်တွယ်ချင်မှာတဲ့လဲ။ ဒါကိုလည်း ထည့်တွက်ကြဦးမှပေါ့။ ဒါမျိုးက ဖျာလိပ်နဲ့ပတ်ပြီး ကျင်း ထဲပစ်ထည့်ရတဲ့အလောင်းမျိုး” အုန်းမှန်ပြောနေစဉ် သာဒွေးက ပြုံးစစနှင့်ခေါင်းညိတ်နေသည်။ “ငွေနှစ်သောင်းဆိုတာ မမြကြုတ်နေခဲ့တဲ့ တဲကလေးက ဝါးကြမ်းခင်းဖိုးလောက်တောင် မရှိပါဘူးလေ”ဟု သာဒွေးကညည်းသံဖြင့်ရေရွတ်သည်။ ထိုစဉ် သူကြီးက တောက်တချက် ခေါက်ပြီး ခပ်လှမ်းလှမ်းတဲအတွင်းရှိ အလောင်းကောင်လန့်ဖျပ်သွားမတတ်အသံမျိုးဖြင့် အော်ဟစ်ရေရွတ်လိုက်၏။ “မြကြုတ်ရေ… နင်က တော့ သေတာတောင် ခုနှစ်ရက်သားသမီးတွေ စိတ်ရှုပ်အောင်ဒုက္ခပေးတုန်း။ အေးကို ရေနှစ်သတ်တုန်းကတည်းက နင်သေခဲ့ရင် ဘယ် လောက်ကောင်းမလဲ”
ကြူးနှစ်၊
မဟေသီ၊ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၂၉၁၊ မတ်လ၊ ၂၀၀၉ ခုနှစ်။
နေ့ သစ် အင်တာနက် စာမျက်နှာ မှ ကူးယူဖေါ်ပြသည်။
