မိုက်ကယ်မိုးရဲ့ အမုန်း

အောက်တိုဘာ  ၉၊ ၂၀၀၉ ၊                     ၊မိုးမခ အင်တာနက် စာမျက်နှာမှ

မိုင်မြစ်ကြီးနား

Film Review of Capitalism : A Love Story

Capitalism_a_love_story_posterရုပ်ရှင်ရုံမှာ ရုပ်ရှင်မကြည့်ဖြစ်တာ နှစ်ချီကြာပြီ။ ဒါပေမဲ့ ဒီည မိုက်ကယ်မိုးရဲ့ ရုပ်ရှင်အသစ် (Capitalism: A Love Story) ကို သွားကြည့်ဖြစ်တယ်။ အရင်က ၂၀၀ရ နှစ်မှာ နာမည်ကြီးခဲ့တဲ့ SiKCO ရုပ်ရှင်ကို ကြည့်ပြီးကတည်းက မိုက်ကယ်မိုး (Michael Moore) ကို သဘောကျခဲ့ပါတယ်။ သူ့ရဲ့ရုပ်ရှင်တွေက သတင်းမှတ်တမ်း၊ ဖြစ်ရပ်မှန်၊ ရယ်စရာ၊ ပေါက်ကွဲစရာတွေ အစုံပါတာမို့ ဟုတ်မဟုတ်အသာထား ကြည့်လို့တော့ တော်တော်ကောင်းပါတယ်။

သူ့ကိုကြိုက်တဲ့သူများသလို ဝေဖန်တဲ့သူတွေလည်း မနည်းပါဘူး။ ဘာဖြစ်ဖြစ် မိုက်ကယ်မိုး ဟာ သတင်းမှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူထဲမှာ အအောင်မြင်ဆုံးဖြစ်ပြီး အကယ်ဒမီဆု နဲ့ ကိန်းရုပ်ရှင်ပွဲတော်ဆု တွေကိုလည်း ရရှိဖူးသူဖြစ်ပါတယ်။

အခု ရုပ်ရှင်အသစ် Capitalism ကလည်း လူအများအကြား ပြောစရာတွေ ဖြစ်လာပြန်ပါတယ်။ ဇာတ်လမ်းရဲ့အဓိကဦးတည်ချက်က ယနေ့ အမေရိကန် ကော်ပိုရေးရှင်းအကြီးစားတွေရဲ့ ထိပ်ပိုင်းစီမံအုပ်ချုပ်သူ အရင်းရှင်စီးပွားရေးသမားတွေရဲ့ လောဘလွန်ကဲပြီး ကလိမ်ကကျစ်ကျမှုတွေ၊ သူတို့ကြောင့် သာမန်အလုပ်လုပ်နေရသူ မိသားစုများရဲ့ ဘ၀ပျက်စီးရမှု နဲ့ အမေရိကန်နိုင်ငံရေးစံနှစ်ထဲမှာ နေရာယူချယ်လှယ်လာမှု စတာတွေကို အထောက်အထားတချို့နဲ့ ရယ်စရာတပိုင်း တဆက်တည်းမှာပဲ ဒေါသထွက်စရာဖြစ်အောင်လည်း ရိုက်ကူးတင်ပြထားပါတယ်။

ဘော်စတွန် ရှိ ရုပ်ရှင်ရုံတွင် Capitalism : A Love Story ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသနေစဉ် ဓာတ်ပုံ- Freedom News Group
ဘော်စတွန် ရှိ ရုပ်ရှင်ရုံတွင် Capitalism : A Love Story ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသနေစဉ် ဓာတ်ပုံ- Freedom News Group

ရုပ်ရှင်ထဲမှာ ကိုယ်ပိုင်အိမ်မှာ နှစ်ပေါင်း၂၀နီးပါးနေခဲ့ပြီးမှ ကိုယ့်အိမ်ကနေ နှင်ထုတ်ခံရတဲ့ မိသားစု၊ ရတဲ့ဝင်ငွေမလောက်လို့ စတားဘတ်ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်နေရတဲ့ လေယာဉ်ပိုင်းလော့၊ အစိုးရဆီကနေ အစားအစာဝယ်တဲ့ ကူပွန်နဲ့ မိသားစုအတွက် ရပ်တည်နေရတဲ့ လေယာဉ်ပိုင်းလော့၊ ယောက်ျားသေဆုံးသွားလို့ အသက်အာမခံငွေ ဒေါ်လာ ၅ သန်းလောက်ကို အမြတ်ထုတ်သွားတဲ့ ကုမ္ပဏီတခု၊ ပေးဖို့ကျန်နေတဲ့ငွေကို မပေးပဲနေလို့ အလုပ်သမားတွေက အလုပ်ရုံထဲကနေမထွက်ပဲ ၆ ရက်ကြာ ဆန္ဒပြခဲ့တဲ့ အလုပ်ရုံတခု၊ ပြိုကျတော့မဲ့ ကုမ္ပဏီကြီးတွေအတွက် အစိုးရရဲ့ ဒေါ်လာဘီလီယံ ၇၅၀ ကယ်တင်ငွေ ဘယ်လိုရပြီး ဘယ်ရောက်သွားတဲ့ အကြောင်း၊ နောက်ပြီးတော့ မြို့လေးတခုမှာ တရားသူကြီး နဲ့ စီးပွားရေးပိုင်ရှင်ပူးပေါင်းပြီး ငွေကြေးအမြတ်ထုတ်ခဲ့တဲ့ လူငယ်အကျဉ်းထောင် စတာတွေ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ စုံစုံလင်လင် ပါဝင်ပါတယ်။

သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ ၁၉၃၆ နှစ် ဒီဇင်ဘာလ မှာ ဖြစ်ပွားခဲ့တဲ့ ၄၄ ရက်ကြာ ဂျင်နရယ်မော်တော် (GM) အလုပ်သမားသပိတ် နဲ့ အဲဒီတုန်းက အမေရိကန်သမ္မတ ဖရန့်ကလင်းရို့စဗက် (Franklin Roosevelt) ရဲ့ ကိုင်တွယ်မှုကလည်း အားကျစရာ ကောင်းပါတယ်။ နောက်ပြီး သူ့ရဲ့ ဇန်န၀ါရီ ၁၁ ရက် ၁၉၄၄ နှစ်မှာ တိုင်းပြည်ကို ပြောကြားခဲ့တဲ့ ရေဒီယိုမိန့်ခွန်းမှာပါတဲ့ second Bill of Rights အကြောင်းဟာလည်း မှတ်သားစရာ ကောင်းပါတယ်။

ယနေ့ အမေရိကန်ရဲ့ စီးပွားရေးအခြေအနေကို သိချင်သူတွေ၊ ပညာသင်ကြားမှုရဲ့ ရည်ရွယ်ချက်ကို ရှာဖွေလိုသူများ၊ လွတ်လပ်တဲ့ဈေးကွက်စံနစ်မှာ စီးပွားရေးကိုယ်ကျင့်တရား ဘယ်လိုထားသင့်တယ်ဆိုတာ စူးစမ်းချင်သူများ၊ ဒါမှမဟုတ် မိုက်ကယ်မိုးရဲ့ ရုပ်ရှင်မကြည့်ဖူးသေးသူများ၊ ငိုလိုက် ရယ်လိုက် ဒေါသထွက်လိုက် ခံစားချက်မျိုးစုံရချင်သူများ Capitalism ကို ရုပ်ရှင်ရုံထဲမှာ ကိုယ်တိုင်ခံစားကြည့်ကြပါလို့ . . . ။

ရုပ်ရှင်နမူနာကို ဒီမှာ သွားကြည့်နိုင်ပါတယ် http://www.youtube.com/watch?v=IhydyxRjujU