၂၀ နိုဝင်ဘာ ရန်ကုန် ၊ ၊ပလန်းနက် မြန်မာ
Burma : Private School Relaunches
တက္ကသိုလ်ဝင်တန်းကျောင်းသားများအား ပညာသင်ကြားလျက်ရှိသည့် ACA ပညာရိပ်ငြိမ်ဘော်ဒါဆောင်ကို အခြေံပညာအထက်တန်းကျောင်းအဖြစ် အသိအမှတ်ပြု၍ တရားဝင်ပညာသင်ကြားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ပုဂ္ဂလိကသို့ ယခုကဲ့သို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိပေ။ သက်တမ်း၂၆နှစ်ရှိပြီဖြစ်သော ACA ဘော်ဒါဆောင်၏ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာ၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ကျောင်းသားများကို အချိန်ပြည့် ပညာသင်ကြားခွင့် ရရှိပြီဖြစ်သည်။ ထိုကျောင်းတွင် ပဉ္စမတန်းမှ တက္ကသိုလ်တန်းအထိ ကျောင်းသားများကို ကျောင်းအိပ်၊ ကျောင်းစားပညာသင်ကြားစေလျက်ရှိပြီး ကျောင်းသားဦးရေ တစ်ရာကျော်ရှိကြောင်း သိရသည်။ ပဉ္စမတန်းမှ နဝမတန်းအထိ အတန်းတင်စာမေးပွဲများကို ၎င်းကျောင်းတွင် စစ်ဆေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်းများတွင် သွားရောက်ဖြေဆိုကြရမည် ဖြစ်သည်။ ACA ပညာရိပ်ငြိမ် ဘော်ဒါဆောင်သည် မြောက်ဥက္ကလာမြို့နယ်တွင် တည်ရှိပြီး ၁၉၈၃ခုနှစ်တွင် စတည်တည်ထောင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်ချက် အနေဖြင့် ၉၀ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သိရသည်။ “သတင်းတွေတော့ ကြားနေပါတယ်။ တကယ်ချပေးပြီဆိုရင်တော့ ပြိုင်ဆိုင်မှုပိုများလာပြီပေါ့။ ပြိုင်ဆိုင်မှုပိုများလာလေလေ။ အကျိုးရှိလေလေပါပဲ။ ပညာရေးမှာ သင်ကြားပို့ချနည်းတို့၊ ကျောင်းတက်ချိန်တို့၊ စည်းကမ်းပိုင်းဆိုင်ရာတွေ ကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်လာနိုင်စေပါတယ်။ စနစ်ကျဖို့တော့လိုပါတယ်။ အခုမှ စစချင်းလုပ်တဲ့ အချိန်ဆိုတော့”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါ်လှမြင့်က သုံးသပ်သည်။ ပြင်ဦးလွင်မြို့နှင့် နေပြည်တော်မြို့တွင် ဖွင့်လှစ်လျက်ရှိသော နာမည်ကြီး ဘော်ဒါဆောင်တစ်ခုဖြစ်သည့် စိုးစံဘော်ဒါဆောင်နှင့် စာပန်းအိမ်ဘော်ဒါဆောင်တို့ကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများက အပြောင်းအလဲ တစ်စုံတစ်ရာ မရှိသေးကြောင်း လက်ရှိအချိန်အထိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့ ကျောင်းသားများ ကျောင်းခေါ်ချိန်အတိုင်း တက်ရောက်နေရဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Credit: နေလင်းထွန်း၊ ဗိုလ်ဗိုလ်ဝင်း (7Day News Journal, Vol. 8, No. 36)
