၂၈ နိုဝင်ဘာ ရန်ကုန် ၊ ၊၊ပလန်းနက် မြန်မာ
| Saudi Arabia Raises Toll From Flooding 114 (updates) | |
ဆ်ာဒီအာရေဗျတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ သေဆုံးသူ အရေအတွက် (၇၇)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ဆော်ဒီပြည်ထဲရေး ၀န်ကြီးဌာနက သေသူများအတွင်း ယခုနှစ် Hajခရီးစဉ်အတွက် ကမ္ဘာအရပ်ရပ်မှ ရောက်ရှိလာသည့် Hajပြုသူ မွတ်ဆလင် (၂.၅)သန်းကျော်မှ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း အတည်ပြုခဲ့သည်။

နိုဝင်ဘာ (၂၅)ရက်နေ့က နိုင်ငံသမိုင်းတလျှောက် (၂၇)နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ရွာသွန်းခဲ့သော မိုးရေကြောင့် အစ္စလာမ် ဘာသာရေးအရ အထွတ်အမြတ်မြို့တော်ဖြစ်သည့် မက္ကာအပြင် ဂျီဒါ၊ ရာဘိုင်မြို့များတွင်ပါ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။ သေသူအများစုသည် ရေကြီးရေလျှံမှုများကြောင့် အိမ်များပြိုကျရာမှ ပိတ်မိသေဆုံးခြင်းဟု ဆော်ဒီအာဏာပိုင်များကဆိုသည်။

မိုးရွာသွန်းမှုကြောင့် လမ်းများ၊ ဥမင်များတွင် ရေပြည့်လျှံနေပြီး မျက်မြင်များ၏ အဆိုအရ ကားများနှင့် အိမ်အပျက်အစီးများကြား ပိတ်မိနေသူ အမြောက်အမြား ရှိနေကြောင်း သိရသည်။ ဆော်ဒီအစိုးရသည် ထိုကိစ္စများ ဖြစ်ပွားပြီးနောက် ကမ္ဘာအရပ်ရပ်မှာ ဘုရားဖူး ခရီးသည်များအား မိုးရွာထဲတွင် သတိရှိရှိ နေထိုင်ကြရန် နှိုးဆော်ထားသည်။

ဆော်ဒီ လူဝင်မှု ကြီးကြပ်ရေးဌာနက သေသူများအနက် (၂၁)ဦးသည် နိုင်ငံသားများဖြစ်ပြီး ကျန်သူများမှာ ကမ္ဘာအရပ်ရပ်မှ လာရောက်အလုပ်လုပ်နေသူများဖြစ်ကြောင်း အတည်ပြုခဲ့သည်။ မက္ကာတွင် မြင့်မြတ်သော Haj၀တ်ပြုမှု (၄)ရက်ကြာ ကာလအတွင်း ရာသီဥတု ဖောက်ပြန်ပြီး မိုးများရွာသွန်းခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအစိုးရက ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည့်တိုင် Hajပြုသူများ၏ လုံခြုံရေးအတွက် အပြည့်အ၀ စိတ်ချရကြောင်း အာမခံထားသည်။ ဆော်ဒီတွင် နိုဝင်ဘာ (၂၇)ရက်နေ့၌ ဘာသာရေး ယုံကြည်မှုအရ မကောင်းဆိုးဝါးများကို ကျောက်တုံးများဖြင့် ပစ်ပေါက်ပြီး ခြောက်လှန့်မောင်းထုတ်ခြင်းကို ပြုလုပ်နေကြောင်း သိရသည်။
Updates : နောက်ဆုံးကြားသိရသော သတင်းများအရသေဆုံးသူ အရေ အတွက် ၁၁၄ ဦးထိရောက်ရှိ သွားပြီး နိုင်ငံတကာမှ ဘုရားဖူး အချို့ လည်းပါဝင်သည်ဟု သိရသည်။
