ဇနီး မေးကြည့်မည် (မောင်စူးစမ်း)

၆ နိုဝင်ဘာ ဘန်ကောက်၊                          ၊Freedom Literature

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ထုတ် ပေဖူးလွှာ မဂ္ဂဇင်း မှ ဆောင်းပါး

Written by မောင်စူးစမ်း

နယ်နိမိတ်သစ် ပေါ်လျှင်

အင်တာနက် ၀က်(ဘ်)ဆိုက်သည် နယ်နိမိတ်တို့ကို အကုန်မြိုချ ပစ်သည်။ ဤသို့ မြိုချ ပစ်နိုင်ရသည်မှာလည်း အင်တာနက် ၀က်(ဘ်)ဆိုက်သည် ဒစ်ဂျစ်တယ်လ် ဖြစ် သောကြောင့် ဖြစ်သည်။ အလေးချိန် မရှိသောကြောင့် ဖြစ်သည်။ အကွာအဝေးကို ဖျောက် ပစ်သောကြောင့် ဖြစ်သည်။ ဤတွင် ပို့စ်မော်ဒန် ပညာရှင်တို့က အင်တာနက်သည် နယ်နိမိတ်တို့ကို ဖရိုဖရဲ လုပ်ပစ်သည်၊ နယ်နိ မိတ်အသစ်တို့ကို ဖန်တီးသည်ဟု ထောက်ပြ၍ နယ် နိမိတ်သစ်ပေါ်တိုင်း လူတွေ ချောက်ချားသည်ဟု ကောက်ချက်ဆွဲသည်။

အချို့ပညာရှင်တို့က နယ်နိမိတ်တွေ အမှောက်မှောက် အမှားမှား ဖြစ်ကုန်သဖြင့် မဟာပုံပြင် Grand Narratives တို့လည်း ယိုင်လဲ ကုန်သည်ဟု ဆိုသည်။ မဟာပုံပြင်တို့ ဆိုသည်မှာ ထာဝရ သစ္စာတရားက အကြွင်းမရှိ အနှိုင်းမရှိ ပရမတ်တရား လောက အလုံးစုံ အကျုံးဝင်သည် ဟူသော ကျင့်ဝတ်တရားတို့ကို မက်ဆေ့ခ်ျ ပေးသော အခြေခံ တရား ကိုယ်ထည်ကြီးတို့ကို ဆိုလိုသည်။ ၎င်းင်းနှင့် ဆက်လျက် ဧရာမ မဟာ တရားကြီးတို့ကိုဟောသော ဂရိတ် အိုင်ဒီ အိုလိုဂျီတို့လည်း ယိုင်လဲကုန်ပြီ။ ထိုကြောင့် ပို့(စ်)မော်ဒန်၌ အန်တီအိုလိုဂျီ နိဂုံ ချုပ်နေသည်။ End of ideology အိုင်ဒီအိုလို ဂျီနိဂုံးသည် ပို့(စ်) မော်ဒန်ကာလ၏ အခြေခံ လက္ခဏာဖြစ်သည်။

ဘ၀ခက်ဆစ်

မဟာ တရားကြီးတွေ နိဂုံးချုပ်လျှင် ဘာကျန်သနည်း။ ပုံပြင် သေးသေးလေးတွေ ကျန်နိုင်သည်။ ၎င်းတို့ကို Micro-Narratives ဟုခေါ်သည်။ အရပ်ဒေသ ပုံပြင် Local Narratives တို့ဟူ၍လည်း ခေါ်သည်။ ပုံပြင်သေးတို့ ဆိုသည်မှာ လူတို့၏ နေ့တဓူဝ ဘ၀ အကြောင်းတို့ကို ပြောပြသော ပုံပြင်တို့ကို ဆိုလိုသည်။

ခေတ်ကာလသည် မသေချာ မရေရာသော ခေတ်ဖြစ်သည်။ မသေချာ မရေရာသော ခေတ်ဆိုသည်မှာ မသိကိန်း Unknows တွေ အလျှံပယ် များသော ခေတ်ကို ဆိုလိုသည်။ သိကိန်းတို့လည်း ရှိတန် ကောင်းသဖြင့် လျော့လျော့ပေါ့ပေါ့ သဘောဖြင့် ပို့(စ်)မော်ဒန် ခတ်သည် မသိ ကိန်းနှင့် သိကိန်းတို့ ရောနှော နေသော ခေတ်ဖြစ်သည်ဟု ဆိုနိုင်သည်။ မသိကိန်း-မသိကိန်း Unknown-Unknownလောကလည်း ရှိနိုင်သည်။ သိကိန်းနှင့် မသိကိန်း ရောနှောနေသော ခေတ် Known-Unknown လည်း ရှိနေသည်။

ဤလို သိကိန်း မသိကိန်းတို့ဖြင့် ဗလုံးဗ ထွေးရှုပ် ထွေးနေသော ခေတ်တွင် လူတို့သည် ဖြစ်နိုင်ခြေတို့နှင့် ကစားရသည်။ ဖြစ်နိုင်ခြေတို့နှင့် ကစားရ သော ဂိမ်းကို သင်္ချာ ပညာရှင်တို့က ဂိမ်းသီအိုရီ ထုတ်သည်။ ဂိမ်းသီအိုရီထုတ်သူတွေ နိုဘဲလ်ဆု ရရှိကြသည်။ ပညာရှင် တစ်ဦးက ဖြစ်နိုင် ခြေတို့နှင့်ကစားသော အခါ ဖြစ်နိုင်ခြေတို့သည် အရွှေ့အပြောင်း များလွန်းသဖြင့် အဖမ်းရ ခက်ကာ လူတွေ ရူးသွပ် သွားနိုင်သည်ဟု သတိပေးသည်။ ကဗျာ ဆရာတို့က ဘ၀ ခက်ဆစ်တွေဟု ပြောမည်။ ဘ၀ အမောအဖြစ် ခံစားကြည့်မည်။

ဇနီးမေးကြည့်မည်

ဖြစ်နိုင်ခြေတို့နှင့် ကစားရာတွင် မမျှော်လင့်သော ဖြစ်ရပ်၊ မမျှော်လင့်သော ရလဒ် တို့နှင့် တွေ့ရတတ်သည်။ “ငန်းနက်” တို့နှင့် တွေ့တတ်သည်။ ငန်းနက် ဆိုသည်မှာ သက်ရောက်မှု ရိုက်ချက်ပြင်းသော မမျှော်လင့်သော ဖြစ်ရပ်တို့ကို ညွှန်းသည်။ ဥပမာ မြန်မာနိုင်ငံ၌ ရိုက်ခတ်သွားသော နာဂစ် မုန်တိုင်းမျိုးဖြစ်သည်။ သိကိန်းနှင့် မသိကိန်းတွင် မသိကိန်းကို အိပ်စ်ဖက်တာ X Factor ဟုခေါ်သည်။ အိပ်စ်ဖက်တာတို့ များသော လောကထဲ ကစားဖန်များလာ လျှင်ပေါက် ချင် လည်း ပေါက်၊ ရူးချင်လည်းရူး တစ်ခုခု ဖြစ်သွားနိုင်သည်။ ပုံမှန်တော့ မဟုတ်နိုင်ပေ။ သို့မဟုတ်လည်း ကိုယ့် ကိုယ်ကိုယ် ပုံမှန်ပါလားဟု သိနေအောင် အမြဲ သတိတရား နှင့် ယှဉ်နေရမည်။

တရား မပေါက်ချင်နေပါစေ။ ကိုယ့်ကိုယ်ကိုယ် ပုံမှန်ပါဟု သိနေလျှင်ပင် တော်လောက်ပြီဟုဆိုသည်။ ဤတွင် ပုံမှန်ပါဟု ဘယ်လို တိုင်းမလဲဟု အမေးပေါ်သည်။ စီမံ ခန့်ခွဲမှု ပညာရှင်တို့က အရည်အသွေး (ကွာလတီ) အကြောင်း မေးရာ၌ ကွာလတီသည် ဖောက်သည်ထံမှ လာသည်ဟု ထောက်ပြသည်။ ကွာလတီကို ထုတ်လုပ် သူက မဆုံးဖြတ်။ ဖောက်သည်က ဆုံးဖြတ်သည်ဟု ဆိုသော မူကို လက်ခံလျှင် “မိမိသည် ပုံမှန်ပါ” ဟူသော အချက်ကို အရပ်က ဆုံးဖြတ်မည်။ ဤမူကို လက်မခံလျှင် ကိုယ်ပုံမှန် ဟုတ်မဟုတ်ကို ကိုယ့်ဘာသာ ကိုယ်ဆုံးဖြတ်ရမည်။ ကိုယ်ကကော ဘယ်လို ဆုံးဖြတ်မလဲဟု မေးငြားအံ့။ ဇနီးသည်ကို မေးကြည့်မည်ဟု ဖြေနိုင်သည်။

မောင်စူးစမ်း