အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်ဒိုနီးရှားကိုအနိုင်ရခဲ့ပေမယ့် မြန်မာအသင်းအုပ်စု မှထွက်ခဲ့ရ

၁၁ ဒီဇင်ဘာ ရန်ကုန် ၊                           ၊Eleven Media News

Myanmar Out of Foot Ball SEA Games (Laos)

မြန်မာ ၃-၁ အင်ဒိုနီးရှား

၂၅ကြိမ်မြောက်အရှေ့တောင်အာရှ အာကစားပြိုင်ပွဲဘောလုံးပွဲစဉ်တွင်မြန်မာအသင်းနှင့်အင် ဒိုနီးရှားအသင်းတို့ တွေ့ ဆုံစဉ်

အုပ်စုတက်ရေး လက်ကျန်မျော်လင့်ချက်အတွက် မြန်မာအသင်းဟာ အင်ဒိုနီးရှားအသင်းကို ဂိုးပြတ်အနိုင် ကစားခဲ့ပါတယ်။ အဖွင့်ပွဲစဉ်မှာ အိမ်ရှင်လာအိုအသင်းနဲ့သရေကျပြီး ဒုတိယပွဲစဉ်မှာ စင်ကာပူကို အရေး နိမ့်ခဲ့တဲ့အတွက်မြန်မာအသင်းဟာအုပ်စုတက်ဖို့မရေမရာဖြစ်ခဲ့ရပါတယ်။ မြန်မာအသင်းအနေနဲ့ အခုပွဲအနိုင် ရရင်တောင် အကြိုဗိုလ်လုပွဲတက်ဖို့ မသေချာသေးပေမယ့် အနိုင်ရဖို့ပွဲအစကတည်းက ကြိုးစားကစားခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းကတော့ အခုနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး (၃)ပွဲကစားရာမှာ နိုင်ပွဲလုံးဝမရှိဘဲ အုပ်စုအဆင့်ကလှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းဟာ ပြီးခဲ့တဲ့ထိုင်းဆီးဂိမ်းစ် ပြိုင်ပွဲတုန်းကလည်း အုပ်စုအဆင့်ကပဲလှည့်ပြန်ခဲ့ရပါတယ်။ မြန်မာအသင်းဟာ စင်ကာပူနဲ့ကစားခဲ့တဲ့လူစာရင်းကို အမာခံထားခဲ့ပေမယ့် တိုက်စစ်ပိုင်းကိုတော့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ စင်ကာပူနဲ့ပွဲတုန်းက ချေပဂိုး(၁)ဂိုး သွင်းယူပေးခဲ့တဲ့တိုက်စစ်မှူး စိုးမင်းဦးကို တိုက်စစ်မှာအထောင်ထားပြီး ကွင်းလယ်တိုက်စစ်ကစားသမားအနေနဲ့ ထွန်းထွန်းဝင်းကို ပြန်သုံးခဲ့ပါတယ်။ ပွဲအစ (၅)မိနစ်မှာ မြန်မာတို့အဖွင့်ဂိုးစရခဲ့ပြီး ထွန်းထွန်းဝင်းကပယ်နယ်တီက တစ်ဆင့်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲဒီပယ်နယ်တီကတော့ ညာတောင်ပံ ကစားသမားရာဇာဝင်းသိန်းကြောင့် ရရှိခဲ့တာပဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာတို့ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီး ပိုင်စိုးရဲ့အပိုင်ကန်ချက် လွဲချော်ခဲ့သလို၊ အသင်းခေါင်းဆောင်ခင်မောင်လွင်ရဲ့ ပြစ်ဒဏ်ဘောကလည်းဘားထိထွက်ခဲ့လို့နစ်နာခဲ့ရပါတယ်။ (၁၅)မိနစ်နောက်ပိုင်းမှာ အင်ဒိုနီးရှားအသင်းကစားကွက်ပြန်မိလာပြီး မြန်မာဘက်ကိုထိုးဖောက်လာနိုင် ခဲ့ပါတယ်။ ကွင်းလယ်အဖျက်နေရာမှာကစားတဲ့ မင်းမင်းသူဟာ အမှားများပြီးခြေမပေါ်လို့ (၃၁)မိနစ်မှာ ဇော်ထက်အောင်နဲ့လူစားလဲခဲ့ရပါတယ်။  ဇော်ထက်အောင်ဝင်လာလို့ မြန်မာအသင်းကွင်းလယ်ကစားပုံ ပြန်ကောင်းလာပြီး ဂိုးသွင်းခွင့်တွေ ပြန်ရခဲ့ပါတယ်။ ဒါပေမယ့် စိုးမင်းဦးနဲ့ ရာဇာဝင်းသိန်းတို့ ဂိုးသွင်းခွင့်တွေအသုံးမချနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ မြန်မာအသင်း(၁)ဂိုးအသာနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းဟာ ခြေစွမ်းပိုင်းအရ သာမန်သာရှိတာကြောင့် ဒုတိယပိုင်းမှာလည်း မြန်မာအသင်းကပဲ ဖိကစားနိုင်ခဲ့ပါတယ်။ (၅၂)မိနစ်မှာ တောင်ပံကစားသမား ပိုင်စိုးက အင်ဒိုနီးရှားနောက်ခံလူတစ် ဦးကို ကျော်ဖြတ်ပြီးကန်သွင်းယူခဲ့လို့ မြန်မာအသင်း ဒုတိယဂိုးရခဲ့ပါတယ်။ ဒုတိယဂိုးရပြီးနောက်ပိုင်းမှာတော့ မြန် မာအသင်းဟာ ကစားအားချလိုက်လို့ အင်ဒိုနီးရှားအသင်း ပြန်ဖိကစားလာနိုင်ပါတယ်။ အကောင်းဆုံးပုံစံမရသေးတဲ့မြန်မာအသင်းခံစစ်ဟာ အင်ဒိုနီးရှားအသင်းကို အခွင့်အရေးတွေပေးခဲ့ရပြီး အင်ဒိုနီးရှားအသင်း အဆုံးသတ်အားနည်းလို့ (၇၄)မိနစ်မှ ချေပဂိုးပြန်ရခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ Counter ကနေ ဘွန်ဆာပီယာက အပိုင်ကန်သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းဟာအုပ်စုတက်နိုင်ဖို့အတွက် (၂)ဂိုးအသာနဲ့အနိုင်ရဖို့ လိုအပ်ပေမယ့် နည်းပြချုပ် ဒရာဂိုမာမစ်ကတော့ (၇၈)မိနစ်မှာ တိုက်စစ်မှူးစိုးမင်းဦးကိုထုတ်ပြီးအေးဆန်းကိုထည့်ကာ ခံစစ်ပိုင်း အားဖြည့်ခဲ့ပါတယ်။ (၈၁)မိနစ်မှာတော့ မိုးဝင်းက မြန်မာအသင်းအတွက် တတိယဂိုး သွင်းယူခဲ့တာကြောင့် မြန်မာအသင်းရဲ့ အကြိုဗိုလ်လုပွဲတက်ရေးမျော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ရပါတယ်။ အဲဒီဂိုးကတော့ ထွန်းထွန်းဝင်းရဲ့ ပြစ်ဒဏ်ဘောကန်ချက် ဘားထိထွက်လာတာကို မိုးဝင်းကပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ အုပ်စုတက်ရေးအဆုံးအဖြတ်ကို Head to Head နဲ့ဆုံးဖြတ်ခဲ့တာကြောင့် မြန်မာအသင်းရဲ့အုပ်စုတက်ရေး အဆုံးအဖြတ်ဟာ  စင်ကာပူအသင်းကအိမ်ရှင်လာအိုအသင်းကိုအနိုင်ရမှသာ ဖြစ်လာနိုင်မယ့် အခြေအနေဖြစ်သွားခဲ့ရပါတယ်။ အဲဒါကြောင့် စင်ကာပူနဲ့လာအိုပွဲဟာ မြန်မာအသင်းရဲ့အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲဖြစ်လာပြီး သရေပွဲဖြစ်သွားလို့ မြန်မာအသင်းအုပ်စုကထွက်သွားရပါတယ်။ ပြီးခဲ့တဲ့ ထိုင်းဆီးဂိမ်းစ် ပြိုင်ပွဲတုန်းက ငွေတံဆိပ်ရခဲ့တဲ့ မြန်မာအသင်းဟာ ၂၀၀၅ ဖိလစ်ပိုင်ဆီးဂိမ်းစ်ကလိုပဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ ရပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်းအပေါ်အမြင်များ

‘မြန်မာအသင်းအနေနဲ့အင်ဒိုနဲ့ပွဲက ကစားပုံနဲ့ဆိုရင် စင်ကာပူကို မရှုံးနိုင်သလို၊ လာအိုကိုလည်း သရေကျခဲ့မှာမဟုတ်ဘူး။ ဒီပွဲမှာ နည်းပြလူထုတ်ပုံမှန်သလို၊ မြန်မာကစားသမားတွေလည်း စိတ်ဓာတ်ကောင်းလာတာတွေ့ရတယ်။ အင်ဒိုကို အနိုင်ကန်ခဲ့တဲ့ ဒီခြေစွမ်းမျိုးနဲ့ဆိုရင် မြန်မာအသင်း ဗိုလ်စွဲနိုင်မယ့်အနေအထားမှာတောင်ရှိတယ်။ ရှေ့က(၂)ပွဲမှာ မဆုံးရှုံးသင့်တဲ့ရမှတ်တွေ ဆုံးရှုံးခဲ့ရ တာကြောင့် အုပ်စုကထွက်ခဲ့ရတာ အရမ်းကိုနှမြောစရာကောင်းပါတယ်။
-မန်းဘောလုံး(အားကစားကလောင်ရှင်)

‘ကျွန်တော်တို့ မြန်မာယူ-၂၃ အသင်းက ကြိုးစားပေမယ့် အသင်းမှာက Skill Player မပါဘူးဖြစ်နေတယ်။ အသင်းအနေနဲ့ပွဲကိုကြည့်ပြီး Tempo အတင်အချလုပ်တတ်ဖို့ လိုပေမယ့် မြန်မာအသင်းမှာ ဒီလိုလုပ်နိုင်တာသိပ်မတွေ့ရဘူး။ အသင်းတစ်သင်းအောင်မြင်ဖို့ ကြိုးစားနေရုံနဲ့မပြီးဘဲ အရည်အချင်းရှိဖို့လည်းလိုတယ်။ Incentive (မက်လုံး)တွေရှိနေလို့ ကြိုးစားနေပေမယ့် ကိုယ့်မှာအရည်အချင်းမရှိရင် အလကားပဲ။ စင်ကာပူ ယူ-၁၉အသင်းကို လက်ရွေးစင်အဆင့်ကစားသမား(၈)ယောက်လောက်ပါတဲ့ ကျွန်တော်တို့ မြန်မာအသင်း ရှုံးခဲ့ရတာကိုတော့ ကျွန်တော်ရှက်မိတယ်’
– ဦးခင်မောင်ကြိုင် (Delta United အသင်း CEO)

‘ဒီပွဲမှာ ကျွန်တော်တို့မြန်မာအသင်းနဲ့အင်ဒိုပွဲက အရင်ကစားရပြီး အိမ်ရှင်လာအိုနဲ့ စင်ကာပူပွဲကနောက်မှကစားခဲ့ရတာ အဓိပ္ပါယ်မရှိပါဘူး။ အမှန်ဆို ဒီလိုအုပ်စုနောက်ဆုံးပွဲတွေဟာ တစ်ပြိုင်တည်းကစားရတာ အားလုံးအသိပါပဲ။ ဒီလိုမမျတတဲ့ပွဲစဉ်ရေးဆွဲမှုကို ကျွန်တော်တို့ မြန်မာဘောလုံးအဖွဲ့ချုပ်က Complain တက်ခဲ့ခြင်းရှိ၊ မရှိ သိချင်ပါတယ်။ ပြိုင်ပွဲမတိုင်မီ Manager Meeting မှာ ဒီကိစ္စကို ဘယ်သူမှ ဘာမှမပြောခဲ့ကြဘူးလား’
– မြတ်ထွဋ်ဝင်း (တာဝန်ခံအယ်ဒီတာ၊ Premier Eleven Sports Journal)