၅ ဇန်န၀ါရီ ရန်ကုန်၊ ၊Eleven Media Group
၂၀၀၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကို ယခင်နှစ်များက ကျင်းပခဲ့သည့် အတိုင်း ဖေဖော်ဝါရီ လဆန်းပိုင်းအ တွင်း နေပြည်တော် လဟာပြင်ဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
၂၀၀၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကျင်းပရန် အကယ်ဒမီစင်မြင့်ကို ဇန်န၀ါရီလဆန်းပိုင်းတွင် စတင် တည်ဆောက်မည် ဖြစ်ကာအကယ်ဒမီ စင်မြင့် တည်ဆောက်နိုင်ရေးအတွက် အကယ်ဒမီစင်မြင့် တင်ဒါခေါ်ယူခဲ့ရာ တင်သွင်းခဲ့သူများအနက်မှ မီးအလှဆင်ခြင်းနှင့် စင်မြင့်တည်ဆောက် ရန်ရွေးချယ်ခံရသူအား စိစစ်ရွေးချယ် ထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် အကယ်ဒမီစာရင်းတွင်ပါဝင်သည့် ရုပ်ရှင်ဇာတ်ကား ၁၂ ကားရှိသည့်အနက် မြင့်မိုရ်ထက်က သရဖူ၊ ငယ်သူမို့မသိပါ၊ ကြိုးတန်း၊ အများနှင့်မသက်ဆိုင်သောသူ စသည့် ဇာတ်ကားများသည် ဒရာမာအသားပေး ဇာတ်ကားများ ဖြစ်သည်။
ယင်းဇာတ်ကားများ အနက် ဒါရိုက်တာသိန်းဟန်(ဖီးနစ်)ရိုက်ကူး သည့် ‘မြင့်မိုရ်ထက်ကသရဖူ’ဇာတ်ကားသည် မိဘမေတ္တာဖွဲ့ဇာတ်ကား ဖြစ်ပြီး ဒါရိုက်တာအိအိခိုင် ရိုက်ကူးသည့် ‘ငယ်သူမို့မသိပါ’ ဇာတ်ကားတွင် လူမင်းနှင့် ချစ်သုဝေတို့၏ အကောင်းဆုံး သရုပ်ဆောင်ချက်များ ဖြင့် ဒါရိုက်တာ အိအိခိုင်က နောက်ခံ တေးဂီတနှင့် ဇာတ်ဝင်တေးသီချင်း များဖြင့် အကောင်းဆုံးခံစားတင် ပြထားသည်။ ဒါရိုက်တာမီးပွားရိုက် ကူးသည့် ‘ကြိုးတန်း’ ဇာတ်ကားတွင် သရုပ်ဆောင်များ၏ အပီပြင်ဆုံး သရုပ်ဆောင်ချက်များနှင့်အတူ ဓာတ်ပုံကင်မရာ အယူအဆကောင်းများဖြင့် ဖန်တီးတင်ပြထားသည်။ ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးသည့် ‘အများနှင့် မသက်ဆိုင်သောသူ’ ဇာတ် ကားတွင် သရုပ်ဆောင် ခန့်စည်သူ သည် မိသားစုအပေါ် ချစ်ခင်တွယ်တာသူ ဦးနှောက်မပြည့်သည့် ချစ်ဦး အဖြစ် အလွမ်း၊ အသောရသမြောက်စွာ အကောင်းဆုံးသရုပ်ဆောင်ချက် များဖြင့် ကြိုးစားထားပြီး ယင်းဇာတ်ကား၌ ထွန်းအိန္ဒြာဗို၏ သရုပ်ဆောင်ချက်များ သည်လည်းပရိသတ် သတိပြုမိစေခဲ့ကြောင်း သိရသည်။
ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
