ဒူဘိုင်းမြို့တော်ရှိ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ဖွင့်လှစ်

၅ ဒီဇင်ဘာ ရန်ကုန် ၊                            ၊Planet News

World’s Tallest Building Open

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံရှိ ဒူဘိုင်းမြို့တော်တွင် ကမ္ဘာ့အမြင့်ဆုံး မျှော်စင်အဆောက်အအုံအား ဇန်န၀ါရီ (၄)ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အမြင့်(၂၇၁၇)ပေရှိသည့် ဘားဂ်ျဒူဘိုင်း (Burj Dubai) မျှော်စင်ကြီးသည် တရုတ်တိုင်ဝမ်ရှိ တိုင်ပေ(၁၀၁) မျှော်စင်ထက် ကျော်လွန်ကာ အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာခဲ့သည်။ ဘားဂ်ျဒူဘိုင်းသည် ကမ္ဘာ့အထပ်အများဆုံး စံချိန်တင် အဆောက်အအုံလည်း ဖြစ်လာကာ မြောက်ဒါကိုတာ ရုပ်မြင်သံကြား ဌာနကို ကျော်လွန်ပြီး အထပ်ပေါင်း (၁၆၀)ဖြင့် စံချိန်တင်သွားခဲ့သည်။

Burj Dubai

အဆောက်အအုံအား ပုံစံထုတ်ရေးဆွဲခဲ့သည့် အင်ဂျင်နီယာ ဘီလ်ဘေကာက “ကျွန်တော်တို့ဟာ ဘယ်လောက်အမြင့်ထိ ဆောက်နိုင်မယ်ဆိုတာ မသေချာခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာဖို့တော့ ရည်မှန်းချက်ထားခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။ ချီကာဂိုအခြေစိုက် Owings & Merrill မိုးပျံတိုက်များ ဆောက်လုပ်ရေး ကုမ္ပဏီမှ ပညာရှင် ဘာကာက ယခင်က ၎င်းတို့၏ ဘားဂ်ျဒူဘိုင်းအတွက် ရည်ရွယ်ထားသော ဒီဇိုင်းဟောင်းသည် တိုင်ပေ(၁၀၁)၏ (၁၆၆၇)ပေ အမြင့်ထက် (၃၃)ပေမျှ ပိုမြင့်ရုံသာ ရေးဆွဲထားသော်လည်း အမှန်တကယ် ဆောက်လုပ်ချိန်တွင် သတ်မှတ်စံနှုန်းထက် ပေ(၁၀၀၀)မျှ ပိုမြင့်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ မိုင်ဝက်မျှ မြင့်မားသော အဆောက်အအုံကြီးအား မီးရှူးမီးပန်းများ ဖောက်လုပ်ကာ ဖွင့်လှစ်ခဲ့ကြသည်။ ဒူဘိုင်းသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ငွေကြေးအကြပ်အတည်း ပြဿနာများ ကြုံခဲ့သေးသော်လည်း အဘူဒါဘီ တော်ဝင်မိသားစု၏ အကူအညီဖြင့် အပြီးတိုင် ဆက်လက်ဆောက်လုပ်ခဲ့သည်။ ဒေါင်လိုက်မြို့တော်ကြီးဟု တင်စားခံရသည့် အဆောက်အအုံကြီးအား သဲကန္တာရထဲတွင် ဒေါ်လာ(၁.၅)ဘီလျံ အကုန်အကျခံ ဆောက်လုပ်ထားခြင်းဖြစ်သည်။

Burj DubaiBurj Dubai

Giorgio Armaniမှ ဒီဇိုင်းထုတ် တည်ဆောက်ထားသည့် ဟိုတယ်တစ်ခုအပြင် (၁၅၈)ထပ်၌ ကမ္ဘာ့အမြင့်ဆုံး ဗလီဝတ်ကျောင်း တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ (၇၆)ထပ်တွင်မူ ခေတ်မီရေကူးကန်ကြီးတစ်ခု ပါဝင်ကြောင်း သိရသည်။ ၎င်းအဆောက်အအုံသည် ဒူဘိုင်း၏ iconအသစ်တစ်ခု ဖြစ်လာမည်ဟု မြို့ခံများက မျှော်လင့်နေကြသည်။ ဒူဘိုင်းတွင် စီးပွားရေး အကြပ်အတည်းများ ဆိုက်ရောက်လာစဉ် ရေနံကြောင့် ကြွယ်ဝလှသည့် အဘူဒါဘီ မိသားစုမှ ရှိတ်ကာလီဖာ ဘင်ဇာယက်အယ်လ် နေဟာယန်က ဒေါ်လာဘီလျံပေါင်း ဆယ်ဂဏန်းမျှ ထောက်ပံ့ကာ မျှော်စင်ကြီးအား အရှိန်မပျက် ဆောက်လုပ်စေခဲ့သည်။ ထို့ကြောင့်လည်း မျှော်စင်၏ အမည်ကို အဘူဒါဘီ ဘုရင်မင်းမြတ်အား ဂုဏ်ပြုကာ ဘားဂ်ျဒူဘိုင်းဟု မှည့်ခေါ်စေခဲ့သည်။ အဆောက်အအုံ ဖွင့်လှစ်ချိန်တွင် ထောင်ပေါင်းများစွာသော ပရိသတ်များသည် လက်ခုပ်တီးကာ ဖွင့်ပွဲကို ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ မျှော်စင်အား ထူထောင်ထိန်းသိမ်းမှုအတွက် တာဝန်ယူထားရသည့် ကော်မတီမှ မိုဟာမက် အလာဘက်က မိမိတို့သည် အထပ်(၂၀၀)ကျော်အထိ တည်ဆောက်ရန် ကြံရွယ်ခဲ့သော်လည်း ခံနိုင်ရည် အင်အားအရ အထပ်(၁၆၀)ဖြင့် ကျေနပ်လိုက်ရကြောင်း ပြောကြားသွားသည်။

Burj Dubai

ယခုအဆောက်အအုံသည် သံမဏိ ယက်မများအား အကြီးအကျယ် အားဖြည့်ထားခြင်းကြောင့် (၂၀၀၁)ခုနှစ်က အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်မှု အဆောက်အအုံအား လေယာဉ်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။ “လေယာဉ်တစ်စင်းက ဘားဂ်ျဒူဘိုင်းကို ၀င်တိုက်လိုက်ရင်တောင် သံမဏိ ဒေါင်လိုက်ယက်မတွေကို ပျက်စီးစေမှာ မဟုတ်ပါဘူး”ဟု အလာဘက်က ရှင်းပြခဲ့သည်။ ယခုအဆောက်အအုံအား ချီကာဂို အခြေစိုက် Owings & Merrill ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၎င်းသည် လက်ရှိအမေရိကန်၏ အမြင့်ဆုံး Willisမျှော်စင် အပါအ၀င် မိုးပျံတိုက်ကြီးပေါင်းများစွာကို တာဝန်ယူ ဆောက်လုပ်ပေးထားသည်။ ဘားဂ်ျဒူဘိုင်း ဆောက်လုပ်ရေး စီမံကိန်းတွင် မပါဝင်သော်လည်း လေ့လာမှုများစွာ ပြုလုပ်ခဲ့သည့် လန်ဒန်ကောလိပ်မှ ပါမောက္ခ အာမက်အယ်လ်ဂါဇူလီက မျှော်စင်ကြီးသည် လူသားတို့၏ ဗိသုကာအတတ်ကို အကောင်းဆုံး သက်သေပြနိုင်သည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာကြောင်း ချီးကျူးပြောဆိုသွားသည်။ ဒေသခံများက ပါရှန်းပင်လယ်ကွေ့သို့ နေ၀င်သွားချိန်တွင် ဘားဂ်ျဒူဘိုင်းမှ အရိပ်ထိုးမှုကြောင့် နေအိမ်ပေါင်း အမြောက်အမြားသည် စောစောနေ၀င်သကဲ့သို့ မှောင်မည်းသွားတတ်ကြောင်း ပြောကြားခဲ့ကြသည်။

Source: wpxi
Burj Dubai Tower ပုံများဆက်လက်ကြည့်ရှုရန်…
More photos on PLANET Myanmar…