၁၉ ဇန်န၀ါရီ ရန်ကုန် ၊ ၊Freedom Technology Expert Group
Google : New Religion
Google ဟာ ဘာသာရေးဖြစ်ပါတယ်။ ဒီအယူအဆကို ဆရာ့ဆရာကြီးပေါင်းစုံက အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး အင်တာနက်မှာ Google ကျောင်းတော်ရဲ့ website ကိုတောင်ရှာတွေ့နိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က Google ဟာ ဘာသာရေးဖြစ်ကြောင်းကို တရုတ်ပြည်ကတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပက်သတ်ပြီး Google ကိုယုံကြည်သက်ဝင်သူတွေဟာ တရုတ်ပြည်မကြီးကနေ မကောင်းဆိုးဝါးဆာဒံဝါဒကို မောင်းထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က Google ဟာ သူ့ရဲ့ website ကို hack အလုပ်ခံရတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဖြစ်ပုံက Google ရဲ့ အီးမေးလ်ဝန်ဆောင်မှုကို အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ အီးမေးလ်တွေကို အခိုးခံရတာပါ။ ဒီတိုက်ခိုက်သူတွေ ဦးတည်တာကတော့ တရုတ်နိုင်ငံက လူ့အခွင့်ရေးလှုပ်ရှားသူတွေပါ။ ဟက်ကာတွေက လူ့အခွင့်အရေလှုပ်ရှားသူတွေဟာ ဘယ်သူတွေလဲလို့ သိချင်နေပုံရပါတယ်။ ဘာတွေဖြစ်နေတာပါလဲ။
အဖြေကရှင်းပါတယ်။ တရုတ်နိုင်ငံက လူ့အခွင့်အရေးသမားတွေဟာ အင်တာနက်ကို အသုံးပြုပြီး သူတို့ရဲ့ အယူအဆကို ဖော်ထုတ်ပါတယ်။ အထူးသဖြင့် ဘလော့ဂ်တွေကို သုံးပြီး ရေးသားဖော်ပြလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ နာမည်အရင်းကိုသုံးပြီး ဘလော့ရေးတာတော့ မဟုတ်ပါဘူး။ တရုတ်အာဏာပိုင်တွေ မသိအောင်ပေါ့။ ဒီတော့ တရုတ်အာဏာပိုင်တွေက ဒီဘလော့ဂ်တွေကို ဘယ်သူတွေ ရေးနေသလဲဆိုတာကို သိချင်ပါတယ်။ အဲဒါမှ သူတို့မဟုတ်တာလုပ်နေတာကို ဘယ်သူတွေဖော်နေတာလဲလို့ သိနိုင်မယ်၊ ဖမ်းမယ်ဆီးမယ်၊ နှိပ်စက်မယ်၊ သူတို့ကို အတုယူတဲ့သူတွေ ထပ်မပေါ်အောင် တားဆီးနိုင်မယ်ပေါ့။ ဒီလိုလုပ်ဖို့ ဒီလူ့အခွင့်အရေးသမားတွေက ဘယ်သူတွေလဲဆိုတာကို သိမှဖြစ်မယ်လေ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အချက်အလက်တွေက Google ရဲ့ လက်ထဲမှာ လုံလုံချုံချုံရှိနေတော့ ဒီအချက်လက်တွေကို ရယူဖို့ နည်းလမ်းက မသမာတဲ့နည်းနဲ့ ခိုးယူရုံပေါ့။
ဒီလုပ်ရပ်ကို Google ရဲ့ လုံခြုံရေးပညာရှင်တွေက ရှာဖွေတွေ့ရှိသွားပါတယ်။ Google ရဲ့နေရာမှာ တခြားကုမ္ပဏီတစ်ခုသာဆိုရင် သူ့စီးပွားရေးကိုငဲ့ကွက်ပြီး တိတ်တိတ်လေးနေလိုက်မှာပေါ့။ ဒါပေမယ့် Google ဟာ စီးပွားရေးတစ်ခုပဲ မဟုတ်ပါဘူး။ Google ဟာ ဘာသာတရားဖြစ်ပါတယ်။ ဒီတော့ Google ဟာ ဒီကစ္စနဲ့ ပက်သက်လို့ အော်ကြယ်အော်ကြယ်ထလုပ်ပါတော့တယ်။ Google ရဲ့ကြေညာချက်တွေထဲမှာ အကယ်၍တရုတ်အာဏာပိုင်တွေဟာ လွပ်လပ်စွာပြောဆိုရေးသားပိုင်ခွင့်ကို ဆက်ပြီးပိတ်ပင်နေမယ်ဆိုရင် သူ့ရဲ့ တရုတ်စီးပွားရေးကို ပိတ်ပစ်မယ်လို့ပါရှိပါတယ်။ ပြီးတော့ google.cn website မှာ တရုတ်အစိုးရအလိုကျ ဆင်ဆာလုပ်ပေးနေရတဲ့ အလုပ်ကို အဆုံးသတ်တော့မှာဖြစ်ပြီး အကယ်၍ဒီလိုလုပ်လို့ တရုတ်ပြည်ကနေ ထွက်ခွာရမယ်ဆိုရင်တောင် ဆင်ဆာဆက်လုပ်မပေးတော့ဘူးလို့လည်းဆိုပါတယ်။
ဒီကိစ္စဟာ တရုတ်အစိုးရအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိမလဲလို့ မေးစရာရှိလာပါတယ်။ Google ရဲ့ကြေညာချက်ထွက်လာပြီးနောက် နိုင်ငံတာကမှာဒီကိစ္စပျံ့နှံ့နေချိန်မှာ တရုတ်အာဏာပိုင်တွေဟာ တရုတ်နိုင်ငံမှာ အင်တာနက်နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေတည်ရှိပြီး ဥပဒေအတိုင်းသာ ဆောင်ရွက်တယ်လို့ ပြန်လည်ခြေပခဲ့ပါတယ်။ နောက်ပိုင်းမှာ Google ရဲ့လုပ်ရပ်ဟာ ၀င်ငွေသိပ်မကောင်းတဲ့ တရုတ်စီးပွားရေးကို စွန့်ခွာချင်လို့ အကြောင်းပြတာလို့ စွပ်စွဲခဲ့ပါတယ်။ တရုတ်အစိုးရရဲ့တုန့်ပြန်ပုံကြောင့် တရုတ်ဘက်က ဒီကိစ္စကို အလေးထားဖြေရှင်းရမယ့် ပြဿနာတစ်ခုအဖြစ်ရှုမြင်တယ်လို့ သိနိုင်ပါတယ်။ Google ရဲ့ ကြေညာချက်အပြီးမှာ ကျုပ်တို့လည်း ဒီလိုအခိုးခံရဖူးတယ်ဆိုပြီး ဟိုတစ်စဒီတစ်စ အသံတွေထွက်လာပြီး တရုတ်တွေကို အသိပညာပိုင်ဆိုင်ခွင့် ခိုးသူတွေလို့ နိုင်ငံတကာမှာ ရှုမြင်စေပါတယ်။ Yahoo အပါအ၀င် အင်တာနက် စီးပွားရေးလုပ်ငန်းတွေကလည်း Google ရဲ့ကြေညာချက်ကို ထောက်ခံတယ်ဆိုပြီး ပြောကြားလာတာကလည်း Google ရဲ့ ပြဿနာကို အင်တာနက်ကုမ္ပဏီအားလုံးနဲ့ ဆိုင်တဲ့ ကိစ္စတစ်ခုဖြစ်သွားစေပါတယ်။
Google အပေါ်ရော ဒီကစ္စဟာ ဘယ်လို သက်ရောက်နိုင်ပါသလဲ။ ပထမဆုံးတော့
(ကျန်ရှိနေသည့် အပိုင်းအား နောက်တစ်ပတ်တွင် ဆက်လက်ဖတ်ရှုပါ)
