အရှက်နဲ့ သိက္ခာ

Written by လူထုစိန်ဝင်း

 သတင်းစာ ကြော်ငြာတွေ ဖတ်ရင်းနဲ့ ရင်းနှီးနေတဲ့ နာမည်တစ်ခု တွေ့လိုက်လို့ ဖတ်ကြည့်မိတယ်။ ဖတ်လိုက်တော့ သိကျွမ်းတဲ့ သူတွေဆိုတာ သေချာသွားပါတယ်။ “စိန်ရတု” မွေးနေ့ ဆုတောင်း ကြော်ငြာပါ။ မွေးနေ့ရှင် အမျိုးသမီးကြီးရဲ့ သားသမီးတွေနဲ့ မြေးတွေ အားလုံးရဲ့ နာမည်တွေလည်း တန်းစီ ထည့်ထားပါတယ်။ သားသမီးငါးယောက်နဲ့ သူတို့ အိမ်ထောက်ဖက်တွေနဲ့ မြေးတွေ စုစုပေါင်း ၁၇ယောက်ဆိုတော့ ကြော်ငြာဖိုးကကို နည်းမှာ မဟုတ်ပါဘူး။

အခြွေအရံပေါတဲ့သူ

မွေးနေ့ရှငိ အမျိုးသမီးကြီးက ကျိကျိတက်ချမ်းသာတဲ့ ရွှေကုန်သည်ကြီး ဖြစ်ပါတယ်။ သားသမီး ငါးယောက် အိမ်ထောက်ကိုယ်စီကျကတည်းက အိမ်တစ်လုံး ကားတစ်စီးစီးနဲ့ အတွင်းပစ္စည်းတွေ ခွဲဝေပေးထားပြီး ဖြစ်ပါတယ်။ သူကတော့ ဘယ်သားသမီးနဲ့မှ အတူမနေဘဲ သူ့လိုပဲ မုဆိုးမ ဖြစ်တဲ့ ညီမ၀မ်းကွဲ တစ်ယောက်ကို ခေါ်ထားပြီး အတူနေပါတယ်။ ဆိုင်မထွက်တော့ပေမယ့် မိတ်ဆွေဟောင်းတွေ အိမ်လာပြီး ရောင်းတာဝယ်တာ လုပ်ရင်တော့ အရောင်းအ၀ယ်လုပ်ပါတယ်။ ရှေးအစဉ်အဆက် မြန်မာရွှေကုန်သည်များ လုပ်ရိုးလုပ်စဉ် အတိုင်း အပေါင်ခံငွေချေးဆိုတာမျိုးလည်း လုပ်ပါသေးတယ်။ ဒီတော့ သားသမီးတွေ ခွဲဝေပေးထားပြီး ဖြစ်ပေမယ့်လည်း လျော့သွားတယ် မရှိဘဲ ချမ်းသာမြဲ ချမ်းသာနေပါတယ်။ သားသမီးတွေ၊ မြေးတွေ လာလိုက်ကြ၊ သွားလိုက်ကြ၊ စားလိုက်ကြ၊ ယူလိုက်ကြနဲ့ သိုက်သိုက်ဝန်းဝန်း ရှိလှပါတယ်။ အလှူအတန်း အပေးအကမ်းမှာ ရက်ရောသူ ဖြစ်လေတော့ အခြွေအရံတွေလည်း ပေါများပါတယ်။ ချမ်းသတော့ ကျန်းမာပြီး အရွယ်တင်ပါတယ်။ သူဌေးရောဂါ သွေးတိုးကလေး မဆိုစလောက် ရှိရုံကလွဲပြီး ဘာရောဂါမှ မရှိတာမို့ သွားသွားလာလာပါပဲ။ သူ့အကြောင်းများ ကြားရရင် မုဒိတာ ပွားစရာချည်း ဖြစ်ပါတယ်။

 မုဆိုးမချင်းတူပေမယ့်

စိန်ရတု မွေးနေ့ကြော်ငြာ ဖတ်ရင်းနဲ့ မကြာမီလေးက လာနှုတ်ဆက်သွားတဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ ဇနီး မုဆိုးမကိုသတိရပြီး အကျိုးပေးချင်း ကွာခြားပုံကို သံဝေဂပွားလိုက်မိပါတယ်။ မိတ်ဆွေ ဇနီးမုဆိုးမမှာလည်း သားသမီးငါးယောက် ရှိပြီး အားလုံး အိမ်ထောင်တွေ ကိုယ်စီနဲ့ပါ။ မိတ်ဆွေရော၊ သူ့ဇနီးပါ အထက်တန်းပြကျောင်းဆရာ၊ ဆရာမတွေ ဖြစ်ကြတော့ သားသမီးတွေရဲ့ ပညာရေးကို ဂရုစိုက်တာကြောင်က အားလုံးဘွဲ့ရခဲ့ကြပါတယ်။ မိဘနှစ်ပါးကတော့ ပင်ပန်းဆင်းရဲတာပေါ့လေ။ ပင်စင်ယူပြီး မကြာမီ မိတ်ဆွေ ကျောင်းဆရာ ကွယ်လွန်သွားတော့ ဇနီးမုဆိုးမက သားသမီးငါးယောက်ရဲ့ အိမ်တွေ တစ်လှည့်စီ လိုက်နေပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက် စပြီး စစ်ကိုင်းတောင်ရိုးက မယ်သီလရှင်ကျောင်းတစ်ကျောင်းမှာ သွားနေပြီး တရားအားထုတ်နေပါတယ်။ တစ်နှစ်တစ်ခေါက် အသက် ၉၀ ရွယ် သီလရှင် ဆရာကြီးကို အထူးကုနဲ့ ဆေးစစ်ဖို့ လိုက်ပို့ရင်း ရန်ကုန်ရောက်ပါတယ်။ ရန်ကုန်ရောက်တိုင်း ၀င်လာ နှုတ်ဆက်ပါတယ်။ တရားပြည့်သူမို့ ဘာမှ မပြောပေမယ့် သားသမီးများဆီက အထောက်အပံ့လုံလုံ လောက်လောက် ရပုံမပေါ်ပါဘူး။ သီလရှင် ဆရာကြီးများရဲ့ မေတ္တာစေတနာကိုပဲ အားကိုး အားထားပြုနေရပုံပေါ်ပါတယ်။

ငွေရှိတဲ့ အမေက ပိုပြီးတန်ဖိုးရှိ

တကယ်လို့ ဒီကျောင်းဆရာမ မုဆိုးမသာ အထုပ်အထည်နဲ့ ရှိနေမယ်ဆိုရင် သားသမီးတွေက အခုလို သီလရှင်ချောင်မှာ သွားနေတာကို သဘောတူကြပါ့မလား။ အမေအမေနဲ့ ၀ိုင်းဝိုင်းလည် မနေကြပေဘူးလား။ လောကကြီးမှာ သားသမီးတွေနဲ့ မြေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း မနေချင်တဲ့ အမေမျိုး၊ အဘွားမျိုး ရှိပါ့မလား။ မုဆိုးမ နှစ်ယောက်ဟာ သက်တူရွယ် တူလောက် ရှိမှာပါ။ ဒါပေမယ့် သီလရှင် ကျောင်းမှာနေတဲ့ မုဆိုးမကျတော့ ကျောနဲ့ ရင်ဘတ် ကပ်ပြီး ပြားချပ်ချပ်နဲ့ အိုစာလှပါတယ်။ ပင်ကိုယ် စိတ်ကောင်းရှိပြီး အခုလည်း တရား ဘာဝနာ ကျင့်ကြံ အားထုတ်နေသူမို့ သားသမီးတွေ အပေါ် ငြိုငြင်စကား တစ်ခွန်းမှ မပြောရှာဘူး။ မပြောပေမယ့် သားသမီးတွေဆီက နွေးနွေးထွေးထွေး သိတတ်သူလေးတွေတော့ လိုချင် ရှာမှာပါပဲ။ မိဘနဲ့ သားသမီး ဆက်ဆံရေးမှာတောင် “ငွေ” ဆိုတဲ့ အရာက ခြားနားအောင် လုပ်နေတာပါလားလို့ သံဝေဂ ရလိုက်တယ်။ အမေချင်း တူပေမယ့် “ငွေ” ရှိတဲ့ အမေက တန်ဖိုးပိုရှိနေသလို ဖြစ်နေတော့တယ်။

ကမ္ဘာကြီးကို လက်ကိုင်ဖုန်းထဲထည့်

စက်မှုနည်းပညာတွေ ထွန်းကား တိုးတက်ခြင်းနဲ့ အတူ လူသားတွေရဲ့ ဘ၀တွေလည်း ခေတ်နဲ့ အညီ တိုးတက် လာကြတယ်။ အထူးသဖြင့် ပညာခေတ်ကြီးမှာ လူသားတွေရဲ့ အသိ ဥာဏ်ပညာတွေ တစ်ဟုန်ထိုး တိုးတက် မြင့်မားလာတယ်လို့ ဆိုကြတယ်။ အမှတ်တမဲ့နဲ့ အပေါ်ယံ လျှပ်ပြီး ကြည့်လိုက်ရင်တော့ ငြင်းစရာ မရှိပါဘူး။ ဘယ်နေရာ ကြည့်လိုက် ကြည့်လိုက် တိုးတက်မှုတွေချည်းပါပဲ။ လက်ကိုင်ဖုန်း တစ်လုံးထဲမှာ ကမ္ဘာကြီး တစ်ခုလုံးကို ထည့်ထားလို့ ရတဲ့ ခေတ်ကြီးဖြစ်နေပါပြီ။ ဒါပေမယ့်လို့ တစ်ဖက်က လှည့်ပြီး ကြည့်မယ် ဆိုရင်တော့ လူသားများရဲ့ စိတ်ယဉ်ကျေးမှု အဆင့်အတန်းဟာ ကြောက်စရာ ကောင်းလောက် အောင်ကို ဆုတ်ယုတ် ကျဆင်း နေတယ်လို့ ပြောရလိမ့်မယ် ထင်ပါတယ်။ စိတ်ယဉ်ကျေးမှု အဆင့်အတန်း ကျဆင်းတာကြောင့် လူ သားများရဲ့ တန်ဖိုးထားမှုတွေလည်း ပျက်စီးတဲ့ ဘက်ကို ပြောင်းလဲနေတာ ဖြစ်ပါတယ်။

လူစိတ်၊ တိရစ္ဆာန်စိတ်

စက်မှုနည်းပညာတွေနဲ့ စီးပွားရေးတွေ ဒါလောက် မထွန်းကားသေးတဲ့ နှစ်ဆယ်ရာစု အစပိုင်း ကာလလောက်အထိ အရှေ့တိုင်း၊ အနောက်တိုင်းမရွေး လူသားအားလုံးဟာ “လူစိတ်” လို့ ဆိုရမယ့် လူသား အချင်းချင်း မေတ္တာ စေတနာထားခြင်း၊ ကြင်နာ သနားခြင်း၊ ထောက်ထားစာနာခြင်း၊ ကူညီယိုင်းပင်းခြင်း ဆိုတဲ့ စိတ်မျိုးတွေကို တန်ဖိုးကြီးစွာ ထားခဲ့ကြတယ်။ ဒီစိတ်ဓာတ်မျိုးရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကိုယ့်အတွက်သာ ကြည့်ခြင်း၊ ရက်စက် ကြမ်းကြုတ်ခြင်း၊ စာနာစိတ် မရှိခြင်း၊ ကူညီယိုင်းပင်း စိတ်မရှိခြင်း စတဲ့ စိတ်မျိုးတွေကို“တိရစ္ဆာန်” စိတ်လို့ သတ်မှတ်ပြီး စက်ဆုပ် ရွံ့ရှာခဲ့ကြတယ်။ ရှုတ်ချခဲ့ကြတယ်။ ရှောင်ကြဉ်ခဲ့ကြတယ်။ ဟီရိသြ တပ္ပတရားကိုလည်း စောင့်ထိန်းခဲ့ကြတယ်။ အရှက်ကို အသက်နဲ့ လဲပြီး ကာကွယ် စောင့်ရှောက်ကြတယ်။ အနောက် နိုင်ငံကြီးတွေမှာလည်း မိန်းမသားတွေဟာ ခြေမျက်စိဖုံးတဲ့ ဂါဝန်ရှည်ကြီးတွေ ၀တ်ပြီး လုံလုံခြုံခြုံ နေခဲ့ကြတာပါ။အိမ်ထောင် မပြုဘဲနဲ့ မိန်းကလေး တစ်ယောက် ကိုယ်လေးလက်ဝန် ရှိလာတယ်ဆိုရင် မိဘမောင် ဖွားတွေက ရှက်ကြလွန်းလို့ ဓားဆွဲ သေနတ်ဆွဲ ဖြစ်ကုန်ကြတာပါ။

အရှက်ကို  အသက်နဲ့လဲတဲ့ခေတ်

   သူတို့ထဲမှာ ကလင်တန်ရဲ့ ကိစ္စကတော့ အဆိုးဆုံးပါ။ သူ့ သမီးအရွယ် ကျောင်းသူလေးကို သူ့ရုံးခန်းထဲမှာ နေ့ခင်းကြောင် တောင်ကြီး မဖွယ်မရာ ပြုခဲ့တာလေ။ ပုပ်လို့ ပေါ်တော့ သူလည်း နတ်ဆင်တို့ ရေဂန်တို့လို ဗြောင်လိမ်ခဲ့တာပါပဲ။ နောက်ဆုံး ဖုံး မရတော့မှ “ဆောရီး” လိုက်ရတာ ဖြစ်တယ်။ ဒီကိစ္စပြီးသွားတော့သူက ဘာမှ မဖြစ်ခဲ့သလို မျက်နှာ ပြောင်တိုက်ပြီး သမ္မတနေရာ ဆက်ပြီး ယူထားတာပါ။ ၁၉၆၀ ခုနှစ်များ အတွင်းက ဗြိတိန် နိုင်ငံက ကာကွယ်ရေး ၀န်ကြီး “ပရိုဖူမို” ဆိုသူကို ပြည့်တန်ဆာ အမျိုးသမီး “ခရစ္စတင်းကီးလား” ဆိုသူနဲ့ ဆက်ဆံသွားလာ နေတာ သတင်း မီဒီယာတွေက အထောက်အထား အခိုင်အမာနဲ့ ဖော်ထုတ်ဖွင့် ချပြတော့ “ပရိုဖူမို”ဟာ ချက်ချင်းရာထူးကနှုတ်ထွက် သွားခဲ့ပါတယ်။ နောက်တော့ အရှက်ကို သူ့အသက်နဲ့ လဲသွားခဲ့ပါတယ်။ ဒီခေတ် လူတွေကျတော့ “ကလင်တန်” လို မျက်နှာပြောင် တိုက်ပြီး နေလိုက်ကြတော့တာပါပဲ။

မျက်နှာပြောင်တဲ့ခေတ်

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာသတ်ကြ၊ ဖြတ်ကြ၊တိုက်ကြ၊ ချိတ်ကြတွေက လူသားတွေရဲ့ စိတ်တွေလို ရိုင်းစိုင်းကြမ်းကြုတ် ကုန်အောင် ဖန်တီး ပေးလိုက်တာကြောင့် စစ်ကြီးပြီးကတည်းက လူလူချင်း ထောက်ထား စာနာစိတ်တွေ၊ မေတ္တာစေတနာထားမှု တွေ ခေါင်းပါးသွားတော့တယ်။ လူသတ်တာဟာ မမြင်ဝံ့၊ မကြားဝံ့ ကိစ္စ မဟုတ်တော့ဘူး။ ရိုးသွားပြီ။ အရှက်ဆိုတာ ဘာမှန်း မသိတော့ဘူး။ သာမန် လူတွေ မပြောနဲ့ လူတွေရဲ့ ခေါင်းဆောင် နေရာရယူ ထားသူတွေကတောင် “ရှက်စိတ်” လုံးလုံး မရှိကြတော့ဘဲ မျက်နှာ ပြောင်တိုက်ပြီး ထင်ရာစိုင်း နေကြတော့တယ်။ အမေရိကန် သမ္မတ နမ်ဆင်ဆိုတာကြည့်။ ပြိုင်ဖက်ပါတီရဲ့ လျှို့ဝှက်ချက်တွေကို လိုချင်တဲ့ အတွက် ဖောက်ထွင်းရေးသမား “သူခိုး”တွေကို ငှားပြီး ဖောက်ထွင်းခိုးယူ ခိုင်းခဲ့တယ်လေ။ နောက်ပိုင်း ခိုးမှုပေါ်သွားတော့ လွှတ်တော်နဲ့ မဲဆန္ဒရှင်ပြည်သူ ပြည်သား အားလုံးကို သူနဲ့ ဘာမှ မဆိုင်ဘူး။ သူဘာမှ မသိဘူးဆိုပြီး ပြောင်လိမ်ခဲ့ပါတယ်။ နောက်ဆုံး ခိုးထုပ် ခိုးထည်တွေနဲ့ သက်သေတွေ ခိုင်လုံတောမှ “ဆောရီး” လို့ ပြောခဲ့ပါတယ်။ သူ့နောက်က ရေဂန်တို့ ဘုရှ်သားအဖနဲ့ ကလင်တန် တို့လည်း အလားတူပါပဲ။

စီးပွားပျက်အောင်လုပ်လို့ ဆုကြေးရ

၁၉၅၀ နဲ့ ၁၉၆၀ ကာလတွေအထိ လူတွေဟာ “အရှက်”နဲ့“သိက္ခာ”ကို တန်ဖိုး ထားရကောင်းမှန်း သိကြပါသေးတယ်။ လုံးဝ ဆိတ်သုဉ်း မသွားသေးပါဘူး။ ဂျပန်နိုင်ငံမှာဆို ကုမ္ပဏီ တစ်ခု ပြိုလဲကျဆုံး သွားတယ်ဆိုရင် အဲဒီကုမ္ပဏီ ဥက္ကဋ္ဌ လုပ်သူက သူ့ကြောင့် ဖြစ်ရတာဆိုပြီး “ဟာရာကီရိ” လုပ်သွားတာမျိုး တွေ့ရပါသေးတယ်။ တခြား နိုင်ငံတွေမှာလည်း မီးရထား မှောက်မှု၊ တိုက်မှုဖြစ်တာနဲ့ ချက်ချင်း မီးရထားဝန်ကြီးက သူ့တာဝန်ပါလို့ ၀န်ခံပြီး ရာထူးက နှုတ်ထွက် သွားတတ်ကြပါတယ်။ အရှက်နဲ့ သိက္ခာလို တန်ဖိုးထားကြသေး တယ်ဆိုတဲ့ သဘောပေါ။ ခုခေတ်တော့ ကမ္ဘာတစ်ခုလုံး စီးပွားပျက်ကပ် ဆိုက်သလို ဖြစ်သွားစေခဲ့တဲ့ အမေရိကန်ဘဏ်လုပ်ငန်းကြီးတွေ ရုတ်တရက်ပြိုလဲပြီး ဒေ၀ါလီ ခံလိုက်ရ တဲ့အခါ အဲဒီ ဘဏ်လုပ်ငန်းရဲ့ တာဝန်ရှိ ဥက္ကဋ္ဌတွေ စီအီးအိုတွေ ဘာလုပ်ကြတယ် ထင်သလဲ။ ဘဏ်ဒေ၀ါလီခံရလို့ သာမန်အမေရိကန်ပြည်သူများမှာ စုဆောင်းငွေတွေ ဆုံးရှုံးပြီး “ဖြူခါ ပြာခါကျ” ဖြစ်သွားလို့ အရူးမီးဝိုင်း ဖြစ်နေကြချိန်မှာ အဲဒီ စီအီးအိုကြီးတွေ၊ ဥက္ကဋ္ဌကြီးတွေကတော့ တစ်ယောက်တစ်ယောက်ကို ဆုကြေးငွေ၊ ဘောနပ်စ်အဖြစ် ဒေါ်လာသန်း တစ်ရာ့ လေးငါးဆယ် ထုတ်ယူ သွားကြတယ်တဲ့လေ။ လုပ်ငန်းအရှုံးပေါ် ရုံမက ဒေ၀ါလီခံ ရတဲ့ အတွက် ဆုကြေး ဘောနပ်စ် သေးတယ်ဆိုတာ ကမ္ဘာမှာ ဘယ်ခေတ် ဘယ်အခါကမှ မကြားခဲ့ဖူးပါဘူး။ ရှေးခေတ်က ဆိုရင် အဲဒီနေရာက တာဝန်ယူရသူတွေဟာ ကိုယ့်ဟာကိုယ် သတ်သေ သွားကြမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။

သိုင်းကားရိုက်လာတဲ့ ဟောလိဝုဒ်

အရှက်နဲ့ သိက္ခာ ဘယ်လောက်ထိ ဆိတ်သုဉ်းသွားသလဲ ဆိုတာကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အနုပညာ မျက်နှာဖုံး စွပ်ထားတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေကို ကြည့်လိုက်ရင် ကောင်းကောင်း သိနိုင်တယ်။ စစ်မဖြစ်မီကနဲ့ စစ်ပြီးစ ဟောလိဝုဒ် ရုပ်ရှင်ကားတွေမှာဆို သရုပ်ဆောင်မှု အတတ်ပညာနဲ့ ပရိသတ်ကို ဖမ်းစားနိုင်အောင် ကြိုးစားကြတာ ဖြစ်တယ်။ အခုခေတ်တော့ သရုပ်ဆောင်မှု အတတ်ပညာကို ဂရု မစိုက်တော့ဘူး။ ဒစ်ဂျစ်တယ် အတတ်ပညာတွေနဲ့ အဆန်းအပြားတွေ လုပ်ပြပြီး ဖမ်းစားဖို့ ကြိုးစားသူက ကြိုးစားတယ်။ စတားဝါး၊ အီးတီနဲ့ ဒိုင်နိုဆောလို အကောင်တွေ၊ တခြားဘာမှန်း မသိရတဲ့ အကောင် ဘလောင် ထူးထူးဆန်းဆန်းတွေ၊ စပိုက်ဒါးမင်းနဲ့ ပါဝါရိန်းဂျားလို ကားမျိုးတွေ ဖြစ်တယ်။ တချို့ကျတော့ လိင်မှုကိစ္စတွေ ပွင့်ပွင့်လင်းလင်းကြီး ရိုက်ပြပြီး ဖမ်းစားကြတယ်။ လူ့သဘာဝကို အမှန်အတိုင်း သစ္စာ ရှိရှိ တင်ပြတာ ဆိုပြီး ဖိုမသံဝါသ ကိစ္စမျိုးတွေကို ဇာတ်ခုံပေါ်မှာ တကယ် လုပ်ပြတဲ့ ပြဇာတ်တွေတောင် ရှိလာခဲ့ကြတယ်။ ရုပ်ရှင်ထဲမှာ နမ်းတာမျိုး ရိုက်ပြလို့ မရတဲ့ အိန္ဒိယ ရုပ်ရှင်တွေမှာလည်း အခုဆိုရင် ဟောလိဝုဒ်နဲ့ နင်လား ငါလားကို ဖော်ချွတ်နေကြတော့တယ်။ ဟောလိဝုဒ်ရဲ့ အဆင့်အတန်း ဘယ်လောက်ထိကျဆင်းသွားသလဲ ဆိုရင် ဟောင်ကောင်က ကလေးကြိုက် သိုင်းကားသရုပ်ဆောင် မင်းသား မင်းသမီးတွေကို ဟောလိဝုဒ် ခေါ်ပြီး ရိုက်တဲ့ အထိတောင် ဖြစ်သွားတာ တွေ့နေရပါတယ်။

ပေါက်လွတ်ပဲစား ယဉ်ကျေးမှု

တေးဂီတ ဖျော်ဖြေရေးနယ်ပယ်မှာလည်း ရုပ်ရှင်လိုပါပဲ။ မထူးတော့ပါဘူး။ ဂီတနဲ့ အဆိုအက အတတ်ပညာတွေနဲ့ ဖမ်းစားနိုင်လောက်တဲ့ အရည်အချင်းချို့တဲ့ လာကြလေတော့ အ၀တ်အစားတွေ၊ ဆလိုက်မီးမောင်းတွေ၊ ဒစ်ဂျစ်တယ်နည်း ပညာ စွမ်းပြကွက်တွေနဲ့ပဲ ဖမ်းစား နေကြရတော့တယ်။ အဲဒီ ဖျော်ဖြေရေး လောကသားများရဲ့ ကလေးကြိုက် လုပ်ရပ်နဲ့ ပေါက်လွှတ်ပဲစား ယဉ်ကျေးမှု (Sub Culture)တွေကို အရပ်ထဲက လူငယ်မြီးကောင်ပေါက်လေးတွေက အဟုတ်ထင်ပြီး တုပကြ လေတော့ သူတို့ နိုင်ငံကြီးတွေမှာ လူငယ်နဲ့ မူးယစ်ဆေး၊ လူငယ်နဲ့ လိင်ကိစ္စတားမရ ဆီးမနိုင်တွေဖြစ်ပြီး ဆယ်ကျော်သက် ကိုယ်ဝန် ဆောင်မှုနှုန်းတွေ ကြောက်ခမန်းလိလိ မြင့်သထက် မြင့်တက် လာနေကြတယ် မဟုတ်လား။ဆယ်ကျော်သက်ကလေး မိခင်တွေ ကျောင်းပျက်မှုနှုန်းနဲ့ အဆမတန် များပြားလာနေတဲ့ အတွက် မိခင်လေးတွေ ကျောင်းဆက်တက်နိုင်အောင် ဆိုပြီး နယူးယောက် အထက်တန်းကျောင်းတစ်ခုက ကျောင်းနဲ့ တွဲပြီး ကလေးထိန်း ဌာနပါ ဖွင့်ပေးတဲ့ စီမံချက် စမ်းသပ်လုပ်ဆောင်ခဲ့လို့ မိဘတွေ ပွက်လော ရိုက်သွားတဲ့ အဖြစ်မျိုးတောင် ဖြစ်ခဲ့ဖူးပါသေးတယ်။

နောက်ပြန်ဆုတ်မှာလား

ဘိုးဘွားမိဘတွေ လက်ထက်က အင်မတန် အရှက်ကြီးပြီး အင်မတန် သိုသိုသိပ်သိပ်၊ သိမ်သိမ်မွေ့မွေ့ နေခဲ့ကြတဲ့ မြန်မာ မိန်းကလေးတွေတောင်၊ အခု နှစ်ဆယ့်တစ်ရာစုထဲ ရောက်လာတော့ ဖျော်ဖြေရေး သမားတွေရဲ့(Sub Culture) မျိုးစုံကို လိုက်ပါ တုပပြီး လူပုံအလယ်မှာ ဘီယာတို့၊ ၀ိုင်တို့ကို အရက်မဟုတ် ဘူးဆိုပြီး ရဲရဲတင်းတင်း သောက်နေကြ၊ လူကွယ်ရာမှာ ဆေးလုံး ဆေးပြားမျိုးစုံ သုံးစွဲနေကြတာတွေ တော်တော် မြင်တွေ့လာရတယ်။ ၀တ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ် လူသားတွေလားလို့ တောင် ထင်ရတဲ့အဖြစ်ကို ရောက်နေကြပါပြီ။ အရှက်နဲ့ သိက္ခာ ဆိုတာလည်း နားမလည်၊ လူ့တန်ဖိုးဆိုတာလည်း ဘာမှန်းမသိ ဖြစ်နေကြပြီ။ စရိုက်တွေက ခပ်ကြမ်းကြမ်း၊ ၀တ်ပုံစားပုံတွေက ခပ်ရမ်းရမ်းဆိုတော့ ကျွန်တော်တို့ ကမ္ဘာကြီး ကျောက်ခေတ် အထိ နောက် ပြန်ဆုတ် သွားမှာကို ပူပန် နေရပါတော့တယ်။

လူထုစိန်ဝင်း

3 thoughts on “အရှက်နဲ့ သိက္ခာ

  1. Sometime in 2002, I met with Sein Win at his place in Rangoon. After having a conversation with him for about half an hour, I found out this guy is extremely subjective and opinionated. I was not surprised burmese junta put him in jail for many years for his political opinion but I was surprised he was extremely prejudice and not educated at all. Lots of things he didn’t know, he was just bluffing like “Mr. Know it all”, that’s pretty pathetic.
    Do burmese people really think of him as a genius guy? That’s Amazing !!

  2. Not only as a Guru of the burmese article but also as a person who used to criticized the fault of other modern journalists in myanmar, U Sein Win should had translated the japanese words “harakiri”.Nobody knows that word in myanmar except U Sein Win&the people who r interested in Japanese.Just like “pyay nyar shi tha di phit khae”?

  3. ဆရာဦးစိန်ဝင်းရဲ့ ဆောင်းပါးဟာ ရည်ရွယ်ချက်ကောင်းပေမဲ့ အချို့အချက်အလက်တွေကို တိတိကျကျ မသိတာလား၊ သိလျှက်နဲ့ ပုဂ္ဂလစွဲကြောင့် ရေးသလား သံသယဖြစ်မိပါတယ်။ ဥပမာ ကလင်တန်က သူ့သမီးအရွယ် ကျောင်းသူလေးကို မဖွယ်မရာပြုတယ် ဆိုတာမျိုးပေါ့။ အလားတူ ရေးသားတာမျိုး.. ဦးစိန်ဝင်းရဲ့ အခြားဆောင်ပါးတစ်ခုမှာလည်း ဖတ်ဖူးပါတယ်။ ဘာတဲ့.. “အမေရိကမှာဆိုရင် အိမ်ဖြူတော်လိုနေရာမျိုးမှာတောင် သမီပျိုလေးတွေအတွက် စိတ်မချရဘူး..” ဆိုလား။ ရုတ်တရက် ဖတ်လိုက်ရင် အမေရိကန် သမ္မတကပဲ အိမ်ဖြူတော်မှာ ကောင်မလေးတစ်ယေက်ကို တစ်ဖက်သတ် မုဒိမ်းကျင့်လိုက်သလို၊ အမေရိကလို နိုင်ငံမှာလည်း ရာထူးရှိရင် လုပ်ချင်တာ လုပ်လို့ ရသလို အဓိပ္ပါယ် ထွက်စေပါတယ်။ ကလင်တန်နဲ့ မော်နီကာ လူဝင်းစကီးတို့ ကိစ္စဟာ နှစ်ဦးသဘောတူ ဖောက်ပြန်မှုပါ။ တစ်ဖက်သတ် အနိုင်ကျင့်မှုမျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကလင်တန်ကို စွဲချက်တင်တဲ့နေရာမှာ .. လီဆယ်ကျမ်းကျိမ်မှု၊ ဥပဒေကြောင်းကို တားဆီးရန်ကြိုးစားမှု၊ (မိမိရာထူးနဲ့ နေရာကို မလေးစားပဲ) မဖွယ်မရာပြုမှု စတာတွေနဲ့ စွဲဆိုခဲ့တာပါ။ မုဒိမ်းမှုနဲ့ စွဲချက်တင်ခဲ့တာ မဟုတ်ပါဘူး။ ဦးစိန်ဝင်းရဲ့ ဆောင်းပါးကို ဟောဒီက လင့်ခ် http://www.mizzimaburmese.com/edop/songpa/4299-2009-12-01-07-29-26.html မှာ ဖော်ပြထားတဲ့ “သတင်းမှားများနှင့်လူ့အဖွဲ့အစည်း” ဆိုတဲ့ ဆောင်းပါးကလေးနဲ့ ယှဉ်တွဲဖတ်ရှုကြစေလိုပါတယ်။

Comments are closed.