အမေရိကနှင့် ဥရောပတက္ကသိုလ်များ ဝင်ခွင့် စင်ကာပူ SIM တက္ကသိုလ်မှတစ်ဆင့် လျှောက်ထားနိုင်.

Myanmar Trainning
အမေရိကန်ပြည်ထောင်စု သြစတြေးလျနှင့် ဗြိတိန်နိုင်ငံ တက္ကသိုလ်များ၌ စီးပွားရေးနှင့် စီးပွားစီမံ ဘာသာရပ်များဖြင့် ဝင်ခွင့်ရလိုသူ မြန်မာကျောင်းသားများအတွက် စင်ကာပူနိုင်ငံရှိ SIM စီမံခန့်ခွဲမှုတက္ကသိုလ်မှ ပေးအပ်သော Under Graduate Diploma ဖြင့်ဝင်ခွင့်ရယူနိုင်ကြောင်း အဆိုပါတက္ကသိုလ်၏ ဒေသဆိုင်ရာမန်နေဂျာ Ms.Julie Lim က ပြောကြားသည်။ SIM Institute of Management တွင် မြန်မာကျောင်းသား 200 ကျော်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း၊ အဆိုပါ တက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်းအောင်အဆင့် တက်ရောက်နိုင်သော စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာတန်းဖွင့်လှစ်ထားပြီး ယင်းဒီပလိုအောင်မြင်ပါက အမေရိကန် ပြည်ထောင်စု နယူးယောက် Buffalo တက္ကသိုလ်၊ ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်နှင့် ဘာမင်တန်တက္ကသိုလ်၊ သြစတြေးလျ Wollongong တက္ကသိုလ် တို့သို့ ဘွဲ့နှင့် ဘွဲ့လွန်သင်တန်းများ ဆက်လက်တက်ရောက်နိုင်ကြောင်း ရန်ကုန်မြို့ Parkroyal Hotel ၌ RV Centre က စီစဉ်ကျင်းပသော ပညာရေးဟောပြောပွဲတွင် ၎င်းကဆိုသည်။

အဆိုပါဥရောပနှင့် အမေရိက တက္ကသိုလ်များသို့ ပေါင်းကူးပေးသော ဒီပလိုမာအစီအစဉ်သည် အလုပ်အကိုင်ထက် ကျောင်းဆက်လက်တက်ရောက်ရန် ရည်ရွယ်သော ကျောင်းသားများအတွက် ပိုမိုသင့်လျော်ကာ လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မှတ်ဘာသာစုံပျမ်းမျှ ၇ဝ % ရှိရမည်ဟု Ms.Lim က ရှင်းလင်းပြောကြားသည်။ အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် Parkroyal Hotel အခန်း(333) ရှိ RV Center သို့စုံစမ်းနိုင်ကြောင်း သိရသည်။

(16-2-2010)
Source: Voice Journal