| Written by ဇေ၀င်းနောင် (ယခုတစ်ပတ်ထုတ် Weekly Eleven သတင်းစာမှ) |
|
လွန်ခဲ့သော နှစ် ၂၀ ၁၉၉၀၊ ဖေဖော်ဝါရီလ ၁၁ ရက်…
တောင်အာဖရိကတစ်လွှားမှ လူမည်းများ၊ လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ကြသူများ လမ်းမများတစ်လျှောက် ပြည့်လျံနေသည်။ ဆိုးရွားလှသော လူသားချင်း ရိုင်းစိုင်းစွာ ခွဲခြားဆက်ဆံသော အစိုးရကိုဆန့်ကျင်မှုအတွက် အကျဉ်းကျခံခဲ့ရသည့် သူရဲကောင်းမင်ဒဲလား လွတ်မြောက်လာသည်ကို ကြိုဆိုကြဖို့။ လွတ်မြောက်လျင် လွတ်မြောက်ချင်းပင် မင်ဒဲလားသည် လူဖြူလူမည်းခွဲခြားထားသည့် မူဝါဒများအဆုံးသတ်ရေးအတွက် လူဖြူသမ္မတအက်ဖ်ဒဗလျူဒီကလပ်ခ်နှင့် ညှိနှိုင်းလုပ်ဆောင်ခဲ့သည်။ ထောင်တွင်းမှ လွတ်မြောက်အပြီး သုံးနှစ်အကြာတွင်တော့ နိုဗယ်ငြိမ်းချမ်းရေးဆုကို ဒီကလပ်နှင့် ပူးတွဲပြီးရရှိခဲ့သည်။ ၁၉၆၁ ခုနှစ်ကတည်းက ပိတ်ပင်ခံထားရသော အာဖရိကအမျိုးသားကွန်ဂရက်(အေအင်န်စီ)သည် တရားဝင်အဖွဲ့အစည်းတစ်ရပ် ပြန်ဖြစ်လာအပြီးတွင် မင်ဒဲလားကို ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခဲ့ကြသည်။ ၁၉၉၄ တွင် ရွေးကောက်ပွဲအပြတ်အသတ်အနိုင်ရပြီး နိုင်ငံ၏ ပထမဆုံးလူမည်းသမ္မတ ဖြစ်လာသည်။ ”ကျွန်တော်တို့ လွတ်မြောက်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ အနစ်နာစတေးခံပြီး သူတို့ရဲ့ဘ၀တွေကိုပါ အဆုံးရှုံးခံခဲ့ကြတဲ့ ဒီနိုင်ငံတွင်းနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အမျိုးသား အမျိုးသမီးသူရဲကောင်းတွေ အားလုံးအတွက် ဒီကနေ့ကို ရည်ညွှန်းပါတယ်”ဟု သူ၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ သူ့ကတိအတိုင်း သမ္မတသက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ခဲ့သည်။
၁၉၆၄ ခုနှစ်က ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်းကျခံရစဉ်ကတည်းက မင်ဒဲလားသည် လူဖြူလူမည်းခွဲခြားသည့်စနစ်ကို တိုက်ဖျက်သူများအတွက် အသက်ရှင်နေသော သင်္ကေတတစ်ခု ဖြစ်သည်။ ဒီစနစ်အစပျိုးကတည်းက ဆန့်ကျင်လာခဲ့သူ။
”လူဖြူလွှမ်းမိုးတာကိုလည်း ကျွန်တော်တိုက်ပွဲဝင်ဆန့်ကျင်တယ်။ လူမည်းလွှမ်းမိုးတာကိုလည်း ကျွန်တော်တိုက်ပွဲဝင် ဆန့်ကျင်တယ်။ သာတူညီမျှတဲ့ အခွင့်အရေးတွေနဲ့အတူ လူသားအားလုံး အတူတကွစည်းချက်ညီစွာ အတူတကွနေထိုင်ရမဲ့ ဒီမိုကရေစီနည်းကျပြီး လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဆိုတဲ့စံကို ကျွန်တော်မြတ်နိုးပါတယ်။ ကျွန်တော်အသက်ရှင်နေနေတဲ့ မျှော်လင့်ချက်ဟာ အဲဒီဟာဆိုရင် အဲဒါတကယ်ဖြစ်လာတာ မြင်ချင်ပါတယ်။ ဒါပေမဲ့ လိုအပ်လာမယ်ဆိုရင်လည်း အဲဒီအတွက် ကျွန်တော်သေဖို့ ပြင်ဆင်ထားပါတယ်” ဒီစကားတွေကို သူထောင်ထဲမ၀င်ရမီ နောက်ဆုံးအချိန်လေးမှာ ပြောခဲ့သည်။ ဒါသည်ပင် သူ့အိပ်မက်။
သမ်ဘူတော်ဝင်မျိုးနွယ်စုမှ မွေးဖွားလာခဲ့သော်လည်း မင်ဒဲလားသည် အရိုက်အရာဆက်ခံရမည့် မျိုးနွယ်လမ်းကြောင်းတွင် ရှိမနေခဲ့။ သို့ပေမဲ့ သူ့မိသားစုတွင် သူသည် ပထမဆုံးကျောင်းတက်ရသူ။ သူ့ဆရာတစ်ယောက်က သူ့ကို ဘိုနာမည် နယ်လ်ဆင်ဟု ပေးခဲ့သည်။ ကောလိပ်တက်ခဲ့သော်လည်း ပထမနှစ်တွင်ပင် ကျောင်းမူဝါဒများကို ကန့်ကွက်ဝေဖန်ပြီး ကျောင်းထွက်ခဲ့ရသည်။ မိရိုးဖလာအရ မိဘများကစီစဉ်သော မင်္ဂလာပွဲကို ရှောင်လွှဲလိုသည့် မင်ဒဲလားသည် ဂျိုဟန်နာစဘတ်သို့ ထွက်ပြေးခဲ့သည်။ ဂျိုဟန်နာစဘတ်တွင်ပင် ကောလိပ်ပညာရေးဆုံးခန်း တိုင်ခဲ့သည်။
မင်ဒဲလားကို လူဖြူလူမည်းခွဲခြားမှုတိုက်ဖျက်နိုင်ခဲ့သည် တစ်ယောက်အဖြစ်သာ ကမ္ဘာကြီးက အမှတ်ရသည်တော့မဟုတ်။ တောင်အာဖရိကလူဖြူတိုင်းကို ရန်သူတစ်ဖွယ်မြင်ခဲ့သူမဟုတ်ဘဲ ရှည်လျားသော တစ်ခါတစ်ရံခါးသီးဖွယ်ကောင်းသော အခြေအနေတို့မှ ပြန်လည်ရင်ကြားစေ့ရေးကို အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့ခြင်းအတွက်ပါ အမှတ်ရနေကြခြင်း ဖြစ်သည်။ သူ့မိန့်ခွန်းတိုင်းတွင် ဒီအသိသညာက ပါဝင်ခဲ့သည်ချည်း ဖြစ်သည်။ ဖိနှိပ်သူ လူဖြူတို့၏ အားကစားဟု တောင်အာဖရိက လူမည်းတို့ ယူဆကြသော နိုင်ငံ့လက်ရွေးစင်ရပ်ဂ်ဘီအသင်းကို အားပေးဖို့ လူမည်းတို့ကို သူတိုက်တွန်းခဲ့သည်။ ၁၉၉၅ ကမ္ဘာ့ဖလားရပ်ဂ်ဘီပွဲတွင် တောင်အာဖရိကဗိုလ်စွဲခဲ့သည့်အခါတွင်တော့ (လူဖြူဖြစ်သည့်) အသင်းခေါင်းဆောင်ဖရန်ဆွာပီရန်နားကို ဆုဖလားချီးမြှင့်သူက သူကိုယ်တိုင် ဖြစ်သည်။ ထိုစဉ်က သမ္မတကြီး၏ ကိုယ်ပေါ်မှာဝတ်ဆင်ထားသည့်က ပီရန်နား၏ အင်္ကျီနှင့် ပုံစံတူရပ်ဂ်ဘီအင်္ကျီ။ (မင်ဒဲလားနှင့် တောင်အာဖရိကရပ်ဂ်ဘီအသင်းအကြောင်း ရိုက်ထားသည့် Invictus ရုပ်ရှင်ကားသည် ဒီဖြစ်စဉ်ကို ဇာတ်လမ်းဆင်ထားခြင်း ဖြစ်သည်)
သို့ပေမဲ့ ဒီမိုကရေစီ ၁၅ နှစ်သား တောင်အာဖရိကကတော့ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ပြဿနာ၊ ရာဇ၀တ်မှုများကို ရင်ဆိုင်နေရဆဲ။ လုပ်စရာတွေက အများကြီးကျန်ရစ်နေဆဲ။ ပြည်သူတို့၏ ကျေနပ်ပျော်ရွှင်မှုတို့က အကန့်အသတ်ရှိနေဆဲ။ တကယ်တမ်းတွင်တော့ ဒီပြဿနာတွေအပေါ် ရိုဟီလာလာနယ်လ်ဆင်မင်ဒဲလား (သူတို့တောင်အာဖရိကသားတွေအခေါ် မာဒီဘာ(မျိုးရိုးအမည်)လောက် နားလည်ကြလိမ့်မည်မထင်။ ဒါတွေကို ၁၉၉၄ ခုနှစ်က ထုတ်ခဲ့သော သူ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ”လွတ်မြောက်ရေးသို့ ခရီးရှည်ချီတက်ပွဲ”(Long Walk to Freedom)တွင် သူရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးသည်။ ”လွတ်မြောက်မှုဆီရောက်ဖို့ ကျွန်တော်ခရီးရှည်ကြီး ချီတက်ခဲ့ရတယ်။ ကျွန်တော်စိတ်ပျက်အားလျော့မသွားခဲ့ဖူးလို့လည်း ကျွန်တော်ယုံကြည်တယ်။ လမ်းတစ်လျောက်မှာ ကျွန်တော်အမှားတွေ လုပ်ခဲ့မိတာလည်း ရှိခဲ့တယ်။ ဒါပေမဲ့ မဟာတောင်ကုန်းတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့အပြီးမှာ လျို့ဝှက်ချက်တစ်ခုကို တွေ့ခဲ့ရတယ်။ တစ်ခုတည်းသော အဲဒီတွေ့ရှိခဲ့မှုက နောက်ထပ်ဖြတ်သန်းကျော်ဖြတ်ရမဲ့ တောင်ကုန်းတွေအများကြီး ရှိသေးတယ်ဆိုတာပါပဲ”ဟု ။ လွန်ခဲ့သော နှစ် နှစ်ဆယ်ကတော့ မင်ဒဲလားအတွက်လည်း လွတ်မြောက်မှုဟူသည်မရှိခဲ့။ တောင်အာဖရိကသားလူမည်းများအတွက်လည်း ထို့အတူ။ ဒီကနေ့အခါမှာတော့ မင်ဒဲလားပြောသလို ဖြတ်ကျော်စရာတောင်ကုန်းတွေ အများကြီးရှိနေသေးသော်လည်း လူမည်းတောင်အာဖရိကသားတွေအတွက် လွတ်မြောက်မှုဟူသည် သူစိမ်းတစ်ယောက်မဟုတ်တော့။ Ref : CNN, AFP |

တောင်အာဖရိကရှိ ဗစ်တာဗာစတာအကျဉ်းထောင်ကို နယ်လ်ဆင်မင်ဒဲလား စွန့်ခွာလာခဲ့ပြီ။ ၂၇ နှစ်ကြာ သံတိုင်နောက်ကွယ်မှဘ၀ကို နိုင်ငံ၏ အထင်ရှားဆုံး လွတ်မြောက်ရေးခေါင်းဆောင် အဆုံးသတ်နိုင်ခဲ့သည့်နေ့။
ရိုလီလာလာမင်ဒဲလားဆိုသော သူ့အမည်အရင်းသည် သူတို့ဘာသာစကားအရတော့ အပင်၏အခက်ကိုချိုးခြင်းဟု အဓိပ္ပာယ်ရပြီး တစ်နည်းအားဖြင့် ပြဿနာရှာသူ(Troublemaker)ဟု အနက်ဖွင့်နိုင်သည်။ သို့ပေမဲ့ သူ့ဘ၀နှင့် သူ့လုပ်ဆောင်ချက်များအရ သူသည် Troublemaker မဟုတ်ဘဲ Peacemaker ဖြစ်သည်ကို ထင်ရှားစေခဲ့ပါသည်။
အခုအချိန်တွင် အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်သည့် မင်ဒဲလားတစ်ယောက် သူ့မိသားစုနှင့်အတူ ဘ၀၏ဆည်းဆာအချိန်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေသည်။ သူသည် သူ့ပြည်သူတို့၏ သူရဲကောင်း၊ ကမ္ဘာသားတို့၏ အသက်ရှင်နေဆဲ သူရဲကောင်း၊ ငြိမ်းချမ်းရေး၏ မီးရှူးတန်ဆောင်အဖြစ် မှတ်ယူခံထားရသည်။