ဒေါ်လာအတု ပြုလုပ်ပေးမည်ဟု လိမ်လည်သူ နိုင်ငံခြားသား ဘောလုံးသမား နှစ်ဦးအား လမ်းမတော်မြို့နယ်တရားရုံးတွင် တရားစွဲတင်

Myanmar Arrests U.S . Currency  Counterfeiter (ယနေ့ ထုတ် ၀ီကလီ အီလဲဗင်း သတင်းဂျာနယ်မှ)

ဒေါ်လာအတုပြုလုပ်ပေးမည် ဟုဆိုကာ လိမ်လည်သူကင်မရွန်းနိုင်ငံ သားဘောလုံးသမားနှစ်ဦးအား လမ်းမတော်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားကြောင်းသိရသည်။
အဆိုပါ ကင်မရွန်းနိုင်ငံသား ဘောလုံးသမားနှစ်ဦးသည် မြန်မာနိုင်ငံရှိ ဘောလုံးကလပ်များတွင် ကြေးစားကစားရန် ပြည်တွင်းသို့ ၀င်ရောက်လာခဲ့သော်လည်း ပြည်တွင်းတွင် ဘောလုံးကလပ်အသင်းများနှင့် ညှိနှိုင်းမရခဲ့ကြောင်း၊ လမ်းမတော် မြို့နယ် ၀ါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်း အနီး ဟိုတယ်တစ်ခုတွင် တည်းခိုနေခဲ့ကြောင်းသိရသည်။၎င်းတို့နှစ်ဦး တည်းခိုနေစဉ် ၄င်းတို့သည် အမေရိကန်ဒေါ်လာ အတုများပြုလုပ်နိုင်ကြောင်း ပြောဆိုခဲ့၍ ဟိုတယ်မန်နေဂျာက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ ထိုသို့အကြောင်းကြား ခဲ့ရာ သက်ဆိုင်ရာကဘောလုံးသမား နှစ်ဦးနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ က စုံစမ်းစစ်ဆေးရာမှ ကင်မရွန်း ဘောလုံးသမားနှစ်ဦးသည် ဒေါ်လာ ၁၀ တန်၊ ၂၀ တန်၊ ၁၀၀ တန်တို့ကို အတုလုပ်နိုင်သည်ဟုဆိုကာ ဒေါ်လာအစစ်အားနည်းပညာများအသုံးပြုပြီး စက္ကူပြောင်ကဲ့သို့ပြုလုပ်ထားကြောင်း သိရသည်။
စက္ကူပြောင်ကဲ့သို့ ပြုလုပ်ထားသော ဒေါ်လာအစစ်သည်အနီအောက် ရောင်ခြည်ဖြင့်ထိုးကာ အဖြူမှုန့်များ ဖြန်းပါက မူလဒေါ်လာအစစ်ကဲ့သို့ ပြန်ဖြစ်သွားကြောင်း သိရသည်။ ဘောလုံးသမားနှစ်ဦးသည် ဒေါ်လာ အစစ်ကိုပင်အတုဟုပြောကာ ဒေါ်လာအတုလိုချင်သူများထံမှ ငွေများကို လိမ်လည်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား  လမ်းမတော် မြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉(က)ဖြင့် တရားစွဲ တင်ထားကြောင်း သိရသည်။ ၄င်းတို့အား တရားစွဲတင်ထားစဉ် ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့တွင် တရားခံနှစ်ဦး အနက်မှတစ်ဦးသည် တရားရုံးမှ အိမ်သာသွားချင်သည်ဟုဆိုကာ တက္ကစီငှား၍ထွက်ပြေးသွားပြီး ပြင်သစ်သံရုံးအတွင်း ၀င်ရောက်သွားရာ သံရုံးမှတာဝန်ရှိသူများနှင့် သက် ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ တရားခံအားအချိန်တိုအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၈၉ (က)သည် ငွေစက္ကူများကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်များကိုဖြစ်စေ လိမ်လည်အတုပြုမှုဖြစ်ပြီး ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိကြောင်း၊ အာမခံမပေး နိုင်ကြောင်း၊ ကျေအေးခွင့်မရှိကြောင်း၊ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိထောင်ဒဏ် တစ်မျိုးမျိုး အပြင် ငွေဒဏ်ချမှတ်ခံရနိုင်ကြောင်း ပြဋ္ဌာန်းဥပဒေအရ သိရပါသည်။