Burmese Man Killed in Thai – Burma Border Refugee Camp
Updates : ဘန်ကောက် အခြေစိုက် အမေရိကန် ဒုက္ခသည် ကော်မတီ မှ
ထိုသေဆုံးမှု ကို စတင်စစ်ဆေးရန် အုံးဖျန် စခန်း ဥက္ကဌ ကိုမဲဆောက်သို့ လာရောက်ရန် ဆင့်ခေါ်ထားသည် ဟု ထပ်မံသတင်းရရှိသည်။

ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ရှိ အုန်းပြန့်ဒုက္ခသည်စခန်းအတွင်း ဖေဖော်ဝါရီလ ၁၂ရက်နေ့၌ အရိုက်လွန်သွား၍ အသက်ဆုံးရှုံးမှု တစ်ခုဖြစ်ပွားခဲ့သည်။ အုန်းပြန့်စခန်းအတွင်း အသက်(၆၅)ရှိ ဦးထွန်းကြိုင်သည် ဇနီးဖြစ်သူ ဒေါ်ဝက်နှင့် စကားများပြီး အိမ်တံစက်မြိတ်ကိုမီးရှို့သဖြင့်၊ (၃)ရပ်ကွက်မှ ဒုရပ်ကွက်မှုး ဦးမျိုးလွင်နှင့် လုံခြုံရေးအဖွဲ့ဝင်များက ဦးထွန်းကြိုင်ကို လာခေါ်သွားသည်။
ကော့်မူရာအထက်တန်းကျောင်းရှေ့ရောက်သောအခါ ဦးထွန်းကြိုင်က ငါမှာသိက္ခာရှိကြောင်း၊ လက်ထိပ်မခတ်ရန်ပြောသည့်အခါ ဦးမျိုးလွင်က ထိုးကြိတ်ကန်ကျောက်ရာ လမ်းပေါ်သို့ လဲကျသွားသည်။ အချိန်မှာ နေ့လည်၁၂း၃၀ခန့်ရှိပြီး၊ ဦးထွန်းကြိုင်ကို ပုဆိုးဖြင့်လိမ်ဆွဲကာ လမ်းတစ်လျှောက် ဒရွတ်တိုက်ဆွဲ ခေါ်သွားပါသည်။
၎င်းအဖြစ်ကို အနီးရှိ အအေးဆိုင်ထိုင်နေသော (၁၆)ရပ်ကွက်နေ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသီဟ၊ ဆိုင်ပိုင်ရှင်နှင့် အခြားလမ်းသွားလမ်းလာ မြောက်များစွာ တွေ့မြင်ခဲ့ကြသည်။ ဦးထွန်းကြိုင်ကို စခန်းအချုပ်ခန်းတွင်းရှိ ခြောက်ပေါက်ထိပ်တုံးတွင်ထည့်ပြီး တမံတလင်းပေါ်တွင်ထားကာ လုံခြုံရေးများမှ အရက်မူးပြီး တစ်ညလုံး ထိုးကြိတ်ပစ်ထား၍ သတိမေ့မျောသွားခဲ့သည်။
နောက်နေ့မနက် ဇနီးဒေါ်ဝက်ကိုလာခေါ်စေကာ ပြန်လွှတ်ပေးလိုက်သည်။ အချုပ်ကထုတ်ဖို့ အရက်ဖိုး ဘတ်ငွေ၆၀၀ ပေးခဲ့ရသည်။ အိမ်ပြန်ရောက်သောအခါ ဒဏ်ရာပြင်းထန်လွန်း၍ ဦးထွန်းကြိုင်ခမျာ အခြေအနေ ပိုဆိုးလာပြီး၊ ငါတော့ ဒီဒဏ်ရာတွေကြောင့် သေတော့မယ်ဟု ဇနီးကို ပြောပါသည်။
သူ့ကို နေ့လည်တွင် စခန်းတွင်းဆေးရုံ၌ တင်ထားရာ၊ ထိုးကြိတ်ကန်ကျောက်ထားသော ဒဏ်ရာများကြောင့် ဆီးမှာ သွေးများအဖြစ်ထွက်ကျလာပါသည်။ ၄င်းသည် အညိုမဲစွဲနေသော ဒဏ်ရာများနှင့်ပင် ၁၃ရက်နေ့ ညနေ ၃နာရီခန့်တွင် သေဆုံးသွားပါသည်။
ဆေးရုံတွင် ဒေါက်တာဘိုဘိုဆိုသူနှင့် မျက်နှာဖြူဆရာဝန်တို့ လာကြည့်ပါသည်။ ဘာလုပ်ချင်သလဲဟု ဒေါ်ဝက်ကို မေးရာ၊ ဒေါ်ဝက်မှ ဘာမှမပြောရဲဘဲ ငိုပြီးနှုတ်ဆိတ်နေခဲ့သည်။ ထို့နောက် နေအိမ်ကို အလောင်းပြန်ပို့ပြီး ၁၄.၂.၂၀၁၀ ရက်နေ့တွင် အုန်းပြန်ဒုက္ခသည်စခန်း သင်္ချိုင်း၌ မြေမြှုပ်ခဲ့ပါသည်။
သေဆုံးသူ ဦးထွန်းကြိုင်မှာ UNHCRမှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံထားရသည့် UMPလက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်သည်။ အုန်းပြန့်စခန်းတွင် ဇနီးသည်နှင့်အတူ ၁၀နှစ်ကျော် နေထိုင်ရင်း၊ အခက်ခဲပေါင်းစုံရင်ဆိုင်လျက် နိုင်ငံခြားထွက်ရနိုးနိုး စောင့်ဆိုင်းနေသူဖြစ်သည်။
ဦးထွန်းကြိုင်သေဆုံးမှုအပေါ် UNHCR နှင့် အုန်းပြန့်ကရင်ဒုက္ခသည်စခန်းကော်မတီဥက္ကဌ တို့မှ တစ်စုံတရာ တာဝန်ယူလုပ်ဆောင်ခြင်းမရှိကြောင်းသိရသည်။
အုံးပြန့် ဒုက္ခသည် စခန်း လိုပင် အခြား ဒုက္ခသည် စခန်းများ ဖြစ်သည့် နို့ ဘိုး နှင့် မဲလ (ဘဲကလော့)ဒုက္ခသည် စခန်းများတွင် လည်း ထိုကဲ့ သို့ အဖြစ်
အပျက်များရှိသော် လည်း ကာယကာ ရှင် ဒုက္ခသည် များ က ထုတ်ဖော် မပြောကြားရဲကျ ဟု သိရသည်။

လူ့အခွင့်အရေးဆိုတာလိုချင်ရုံ၊ သိရုံနဲ့မဖြစ်ပါဘူး။လေးစားမှု၊ လိုက်နာမှုရှိမှအကောင်းဘက်ကိုဦးတည်ကြမှာပါ။
သိသိချည်းနဲ့ချိုးဖောက်ကြတာပိုဆိုးပါတယ်။ဒီလိုအဖြစ်မျိုးတွေ ပပျောက်ဖို့အမှန်တရားရဲ့ ဘက်တော်သားတွေ
လိုအပ်ပါတယ်။အခုလို အဖြစ်မှန်တွေဖော်ပြပေးတာဟာ လူ့အခွင့်အရေးကို မီးမောင်းထိုးပြပေးခြင်းပါပဲ။
ကျေးဇူးတင်ပါတယ်ရှင်….။