နရသိန် ပညာရေး

သက်နိုင်

ကျနော်က ပဲခူးမှာ ကျောင်းဆရာ လုပ်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ကျနော်  နိုင်ငံရေး ပုဒ်မနဲ့ အဖမ်းခံရတော့ ထောင်ကျရင် ငါဘာလုပ်မလဲ ဆိုတာကို ကြို စဉ်းစား ရတယ်။ အဖြေ က လေ့လာရေးကို ဇောက်ချ လုပ်မယ်လို့ ပဲဆုံးဖြတ် ခဲ့တယ်။ တဖက်က ကိုယ်တိုင် လေ့လာရေး လုပ်သလို ကျောင်းသားတွေကို လည်း အင်္ဂလိပ်စာ သဒ္ဒါ သင်ပေးတယ်။ ပဲခူးထောင်မှာက စာအုပ် သွင်းရတာ လွယ်ကူပေမယ့် အင်းစိန် ထောင်မကြီးအ ပြောင်းခံရ တဲ့အချိန် မှာတော့ ဘာစာအုပ်မှ ဖတ်ခွင့် မရတော့ဘူး။ ဒီတော့ ဆေးလိပ် အစီခံမှာ ပါတဲ့ စာနဲ့ ကိုယ့်ထက် တတ်သိတဲ့ လူကြီး တွေဆီက အင်္ဂလိပ် ဝေါဟာရတွေကို ပလတ် စတစ် အိတ်ပေါ်နဲ့ ရွက်လှ ပန်းပင်က အရွက်တွေပေါ် ကူးယူပြီး တနေ့ အလုံး ၂၀ ကျက်မှတ် ခဲ့ရတယ်။

ခေတ်စမ်း စာပေ သဘော တရားတွေကို ကဗျာ ဆရာကြီး ဦးတင်မိုး ဆီမှာ ကိုသုတအောင် နဲ့အတူ လေ့လာခဲ့ပြီး ဘာသာရေး သဘောတရားကို အဘိဓမ္မာ ဦးစိုးသိန်းလို့ ခေါ်တဲ့ ရှင်ဥက္ကဌ တပည့်ထံမှ လေ့လာခဲ့တယ်။ သူတို့ ဆီက ရရှိတဲ့ ပညာကတော့ ကူးတို့ဆိပ်မှာ မှိုအိတ်ဖွင့် သလိုမျိုး ဟိုတပိုင်း ဒီတစနဲ့ ပျံ့ကျဲနေတဲ့ လေ့လာရေးကနေ စည်းစနစ်ကျတဲ့ လေ့လာ ရေးပုံစံကို ရရှိခဲ့တယ် ဆိုရမှာပေါ့။

၁၉၉၂ ခုနှစ်မှာ သီးသန့်ထောင်ကို ထပ်အရွှေ့ခံရတော့ 10 (D) ကျောင်းသား တွေနဲ့အတူ ပညာရေးကို တစိုက်မတ်မတ် လေ့လာ ဖြစ်ခဲ့တယ်။ ကိုရန်နိုင်ထွန်းတို့ အဖေက အင်္ဂလိပ်စာ စာအုပ်တွေ သွင်းပေးတယ်။ စာရေးဆရာ ကိုသာမညက နိုင်ငံရေး စာအုပ်တွေကို အင်္ဂလိပ်၊ ဗမာ နှစ်မျိုးစလုံးသွင်းပေး ပါတယ်။

ဝိဓူရ သခင် ချစ်မောင် ပါတီက ဦးတင်မောင်စောက တနေ့ အင်္ဂလိပ်စာ အလုံး ၂၀ ကျက်ခိုင်းပြီး ၀ါကျတွေ တည်ဆောက် ခိုင်းတယ်။ နောက်တော့ အခန်းပြောင်းရပြီး ဘ၀သိ အလုပ်သမားကြီး ဦးထွန်းစိန် နဲ့အတူ နေရတယ်။ သူက ဒေါက်တာ ထင်အောင်ရဲ့ Management ဆောင်းပါး တွေနဲ့၊ မိုးသောက်ပန်းထဲက ဇာတ်တော်တွေကို ဖတ်ခိုင်းပြီး ၀ါကျတွေကို သရုပ်ခွဲ ပြတယ်။ သူကိုယ်တိုင်က ထောင် (၃) ခါ ကျပြီး ဒုတိယ အကြိမ်မှာ ကျွန်း အပို့ခံ ခဲ့ရတယ်။ ဗမာလို (၆) တန်းပဲ တက်ပြီး အင်္ဂလိပ်စာကို ကျွန်းမှာ လေ့လာခဲ့တယ်။ သူ့ရဲ့ သင်ကြားမှုဟာ သိပ်ကို စည်းစနစ်ကျတယ်။ တလလောက် သဒ္ဒါကို သင်ကြား ပေးပြီးတဲ့နောက် ကိုသာမည သွင်းပေးတဲ့ မာတင်လူသာကင်း (ဂျူနီယာ) ရဲ့ အတ္တုပ္ပတ္တိ မူရင်း စာအုပ်ကို အစအဆုံး ဖတ်ခိုင်းပြီး ဘာသာပြန် ရတယ်။

စာကြောင်းတိုင်းကို သရုပ်ခွဲခိုင်းပြီး မသိတဲ့ စကားလုံးကို ဦးသာဘန်း (၀ါရင့်နိုင်ငံရေး သမားကြီး)၊ ဦးအာပီတယ်သောင်း (သံတောင်အမတ်) နဲ့ ဦးတင်မောင်စော တို့ကို မေးရတယ်။ ဒီအချိန်မှာ စာပေကို သဲသဲမဲမဲ လေ့လာနေတဲ့ ကျောင်းသားတွေ ရှိတယ်။ ကိုဇော်အောင် (ယခု ထိုင်းတက္ကသိုလ် တခုမှာ မဟာတန်းတက်နေသူ)၊ ကိုကျော်စွာမိုး (ဧရာဝတီ မဂ္ဂဇင်း)၊ ကိုကျော် မြင့်ဦး (လူ့ဘောင်သစ်)၊ ကိုသက်ထွန်း (လူ့ဘောင်သစ်) နဲ့ ကိုမြတ်လှိုင် (ပိတောက်ပွင့်သစ် မဂ္ဂဇင်း) တို့ပဲ ဖြစ်တယ်။ (၄၈၂၈) ကော်မတီ ၀င်တွေကလည်း လူငယ်တွေရဲ့ လေ့လာရေးကို အားပေး ကူညီခဲ့တယ်။

နောက်ပိုင်း မဂ္ဂဇင်းတွေ ခိုးသွင်းလို့ ရတယ်။ မဂ္ဂဇင်းတွေအနေနဲ့ နွယ်နီ၊ မဟေသီ နဲ့ မိုးဂျာနယ်တွေကို အဓိကထား လေ့လာခဲ့ရတယ်။ ၁၉၉၃ ခုနှစ် ရောက်တော့ ကိုသာမညနဲ့ ကိုမြတ်လှိုင်းတို့ ဦးဆောင်ပြီး “ဇူလိုင် မော်ကွန်း” မဂ္ဂဇင်းကို ၀ိုင်းဝန်း ရေးသား ထုတ်ဝေခဲ့တယ်။ `အဖြည့်ခံဆို´ တဲ့ ၀တ္တုတိုနဲ့ `အများအကျိုးဆောင်ရာဝယ်´ ဆိုတဲ့ ဆောင်းပါး တွေ ကျနော် အထဲမှာ ရေးခဲ့တယ်။

ဒီ ဆောင်းပါး ကြောင့်ပဲ ကိုသာမည ကို (၄၈၂၈) ကော်မတီဝင်တွေ အထင် မှားခဲ့ပါတယ်။ ဒါပေမယ့် အယ်ဒီတာ တွေ ဖြစ်တဲ့ ကိုမြတ်လှိုင်းနဲ့ ကိုသာမညက ရေးတဲ့သူ အမည်ကို ထုတ်မပြော ခဲ့ဘူး။ သူတို့ အယ်ဒီတာ စည်းကမ်းကို လိုက်နာ ခဲ့ကြတယ်လေ။ ဆောင်းပါးက (၁၁.၁၁.၆၂) ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး ပွဲမှာ ရဲဘော်ဌေး တင်ပြခဲ့တဲ့ ပဏာမ ညီလာခံ စာတမ်းရယ်၊ ဂျပန် အတွေးအခေါ် ပညာရှင် နီရှီဒါရဲ့ Thymos ရယ် ဗုဒ္ဓရဲ့ စရိယ (၃) ပါးရယ်ကို အခြေခံပြီး ရေးသားခဲ့တာပါ။

သိပ်ပြီး ကျပ်တည်းတဲ့ အခါတွေမှာ တဦးနဲ့ တဦး စကားပြော ခွင့်မရသလို၊ ရှိသမျှ စာရွက်စာတမ်း တွေကိုလည်း ဖွက်ထားရတယ်။ တခန်းနဲ့ တခန်း စကားပြောချင်ရင် ကျောက်ခဲနဲ့ တဖက်ခန်းကို ခေါက်ပြီး စကားပြောရတာ။ ဥပမာ .. ဘဘ လို့ခေါ်ချင်ရင် နံရံ ကိုကျောက်ခဲနဲ့ ဒေါက်ဒေါက် .. ဒေါက်၊ ဒေါက်ဒေါက်..ဒေါက် ဆို ခေါက်လိုက်တာနဲ့ တဖက်ခန်းက လူက BA BA လို့ ခေါ်တာ သိတယ်။ A ဆိုရင် တချက်၊ G ဆိုရင် ခုနှစ်ချက်ပေါ့။ မှားသွားရင် နံရံကို သုံးချက် ခြစ်လိုက်ရတယ်။ ဒါဆိုရင် ဒီစာလုံးကို ပယ်လိုက် ရုံပဲ။

ဘာသာရေး ကျမ်းတွေကိုတော့ NLD က ဒုတိယ ဗိုလ်မှူးကြီး ကျော်ဆန်းဆီက စာအုပ်တွေ ငှားပြီး လေ့လာခဲ့ရတယ်။ ရှင်သေဋ္ဌိလာဘိဝံသ ကျမ်းတွေဟာ လေ့လာရတာ လွယ်ကူသလောက် တွေးတောရတာ နက်ရှိုင်းလှတယ်။ ထောင်ထဲက လူငယ်တွေ ကြားထဲမှာ အဲဒီ့ အချိန်မှာ ရေပန်းအစားဆုံး ကတော့ “ဖြစ်တည်မှု ပဓါန၀ါဒ” (Existentialism) ပဲ။

၁၉၅၀ ခုနှစ် လွန်လောက်မှာ အလံနီတွေ တင်သွင်းလာတာ ဖြစ်ပြီး နောက်ပိုင်းမှာ `ပြည့်တန်ဆာသား ၀ါဒ´ လို့ သမုဒ် ခံရတယ်။ မာ့ခ်စ် ၀ါဒက လက်နက် ကိုင်တော်လှန်ရေး ဖခင်နဲ့ ရေသောက်မြစ် သုံးသွယ် မိခင်က မွေးဖွားလာတဲ့ ‘ပစ္စည်းမဲ့ အာဏာရှင်’ ဆိုတဲ့ သတို့သားလောင်းကို မွေးဖွားလာပေမဲ့၊ ဖြစ်တည်မှု ပဓါန ၀ါဒကတော့ သဘောတရားသာ ရှိပြီး လက်တွေ့ တော်လှန်ရေးနဲ့ မပေါင်းစပ်နိုင်တာကြောင့် အဖေမပေါ်တဲ့ သားဆိုပြီး သတ်မှတ်ခဲ့ကြတာလေ။

ဒီလိုနဲ့ ၁၉၉၃ ခုနှစ် အကုန်မှာ ထောင်က လွတ်ခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ အလုပ်သမား အရေးအခင်းနဲ့ ထောင်ထပ်ကျခဲ့ တယ်။ စစ်ကြောရေး ကာလတလျှောက်လုံး တိုက်နံရံပေါ်က စာအချို့နဲ့ ကိုယ်ဖတ်ပြီးသမျှကို ပြန်တွေးပြီး စိတ်ကူးထဲမှာပဲ စာရေး စာဖတ် လုပ်ခဲ့ရတယ်။ အင်းစိန်ထောင်ကို ရောက်တော့ (၅) တိုက် (၆) ခန်းမှာ နေရတယ်။ အခန်းရှေ့မှာ Sound Box ရှိတော့ ၅ လလောက် တရားခွေတွေပဲ နားထောင်ရတယ်။ ဘာစာအုပ်မှ ဖတ်ခွင့်မရဘူး။

ညီငယ်တွေ ဖြစ်တဲ့ အောင်လတ်၊ ပဏ္ဍိထွန်း၊ ထွန်းထွန်းဝင်း တို့ကို ကိုယ်သိသမျှ ပြန်လည် မျှဝေပေးခဲ့ရတယ်။ ၂၀၀၅ ခုနှစ်မှာ ၈ လေးလုံး မျိုးဆက် ဖွဲ့တော့ သူတို့နဲ့ ပတ်သတ်တဲ့ ထောက်ခံချက်ကို ကိုမာကီ (ခေါ်) ကျော်ကျော်ထွေးက တဆင့် ပေးခဲ့တယ်။ သူတို့နဲ့ အတူနေခဲ့တော့ သူတို့ရဲ့ ဖြူစင်တဲ့ စိတ်ထားလေးတွေကို မြင်ခဲ့ရတယ်။ ထောင်တွင်း ပညာရေးရဲ့ အရေးကြီးပုံကိုလည်း သူတို့ သဘောပေါက်အောင် ရှင်းပြပြီး အချိန်ကို အလဟဿ မဖြုန်းတီးဖို့ ခဏခဏ သတိ ပေးခဲ့တယ်။

သမိုင်းအဆက်ဆက်မှာ ထောင်တွင်း ပညာရေးနဲ့ လေ့လာရေးဟာ သိပ်ကို အရေးပါခဲ့တယ် ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရဘူး။ အခု ဒီဘက်မှာ လုပ်နေတဲ့ ကိုဘိုကြည် (AAPP) ရဲ့ အိမ်မက်တွေဟာ ထောင်ထဲမှာ အစပျိုးခဲ့တယ် ဆိုတာ ဆရာ တယောက်ဆီက သိခဲ့ရတယ်။

ဒီလိုနဲ့ ၁၉၉၈ မှာ မြစ်ကြီးနားထောင်ကို အပြောင်းခံခဲ့ ရပြန်တယ်။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပဲ ဒီထောင်မှာ စာတွေကို ၀က်ဝက်ကွဲ လေ့လာခဲ့ရတယ်။ ထောင်မှူးကြီး တယောက်က စာဂျပိုးဆိုတော့ သူ့ စာအုပ်တွေက ကျနော်တို့ အတွက် ဖြစ်လာရော။ ထင်းရူးသေတ္တာ ၂ လုံးနဲ့ အပြည့် ဘာသာရေး စာအုပ်တွေကို ချဉ်း လေ့လာခဲ့ရတာ။ ICRC လာတော့ ရသ၊ သုတ ရသ နဲ့ နိုင်ငံရေး စာပေတွေ သွင်းပေးခဲ့တယ်။ သိန်းကျော်ဖိုး  စာအုပ်တွေ ၀ယ်ပေးခဲ့တယ်။

ဆရာဝန် မကြီး ဒေါ်မြင့်မြင့်ခင်၊ မောင်ဝံသ၊ မသီတာ (စမ်းချောင်း)နဲ့ ကိုမျိုးမြင့်ညိမ်းတို့က ထောင်ဝင်စာနဲ့အတူ အပြင်က စာအုပ်တွေ အမြဲပို့ပေးတယ်။ အဓိက အင်္ဂလိပ်စာကို ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ ခင်ဇော်ဝင်း၊ ဦးမျိုးညွန့်နဲ့ ဦးစိန်လှဦး တို့ဆီမှာ လေ့လာခဲ့ပြီး၊ နိုင်ငံရေး အကျဉ်းသား အချို့ကို ကျနော်က အင်္ဂလိပ် သဒ္ဒါ သင်ပေးခဲ့ ရပြန်တယ်။ အားအရဆုံးကတော့ NLD ရဲ့ နာမည်ကြီး ဦးဖိုးအေးရဲ့သား ကိုထိန်ဝင်း ပဲ။ သင်ပေးသလောက် ဇွဲကောင်းကောင်းနဲ့ မှတ်ယူတော့ (၆) လလောက်နဲ့ အင်္ဂလိပ် မဂ္ဂဇင်း တွေကို ဖတ်လာနိုင်တယ်။ ဘာသာရေး အဖွဲ့အစည်းတွေကလည်း Daily Bread လို့ ခေါ်တဲ့ သမ္မာကျမ်းစာနဲ့ အင်္ဂလိပ်စာ ပေါင်းထားတဲ့ စာအုပ်မျိုးတွေ လှူဒါန်းတယ်။ ဦးပါပါလေးကို ဟောလီးဝုဒ်က ဆုပေးတော့ အမှတ်တရ ကဗျာစာအုပ် စုပေါင်း ထုတ်ကြတယ်။ အယ်ဒီတာက ကိုမာကီ ဖြစ်ပြီး စာအုပ်တအုပ်လုံး အပြင်အဆင်နဲ့ ပန်းချီက အစတာဝန်ယူတယ်။ သူက ဖင်မြဲပြီး စိတ်ရှည်တော့ ထွက်လာတဲ့ စာအုပ်တိုင်းဟာ သေသပ်လှပတယ်။ နောက် မင်းကိုနိုင်ရဲ့ (၁၅) နှစ်မြောက် ထောင်သက်တမ်း အမှတ်တရနဲ့ မဂ္ဂဇင်း အချို့ ထုတ်ဖြစ်ခဲ့တယ်။

ထွက်သမျှ စာအုပ်တိုင်းမှာ ဆောင်းပါးတွေ ရေးဖြစ်ခဲ့တယ်။ ဒေါက်တာ ခင်ဇော်ဝင်းရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းဟာ လက်ဖျား ခါရလောက်အောင် ကောင်းမွန်ခဲ့တယ်။ တစိုက်မတ်မတ် လေ့လာခဲ့ရတဲ့ မဂ္ဂဇင်းကတော့ သင့်ဘ၀နဲ့ စံပယ်ဖြူပဲ။ အင်္ဂလိပ် မဂ္ဂဇင်းကတော့ Time နဲ့ Newsweek ပဲ။ ဖတ်ပြီးရင် အစနဲ့ အဆုံး ပြန်ဆွေးနွေးကြတယ်။ အဓိက ဆွေးနွေးဖက်က ကျနော်၊ ဆရာ k လို့ခေါ်တဲ့ ဒေါက်တာ ခင်ဇော်ဝင်းနဲ့  ဒေါက်တာ ဇော်မြင့်မောင်ပါပဲ။ သူတို့ ၂ ဦးက တဦးနဲ့ တဦး အမြင် မတူတော့ ကျနော့် အတွက် ရှုဒေါင့် မျိုးစုံ စဉ်းစား ခွင့်ရခဲ့ ပါတယ်။

ကျနော့်ထက် စာဖတ်တဲ့ သူတဦးကတော့ ဦးသောင်းကြည်ပဲ။ ၈၈ တုန်းက မသေသေးတဲ့ လူနာတွေကို စစ်တပ်က ကြံတောမှာ မီးရှို့သတ်ခဲ့တာတွေနဲ့ ထောက်ကြံ့ စစ်သင်္ချိုင်းမှာ မြှုပ်နှံ ခဲ့တာတွေကို စာတမ်းပြုစုပြီး ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင် တာဝန်ရှိသူ ဗမာပြည် လာတော့ ပေးအပ်လိုက်တာနဲ့ ပတ်သကိပြီး ထောင် တသက်တကျွန်းနဲ့ ၂ နှစ် ကျခံခဲ့ရတယ်။ ၂ နှစ်က တရုတ်နီ သံရုံး ဗုံးခွဲမှုနဲ့ ပါတ်သက်တဲ့ ဗိုလ်တိုက်ယဉ်နဲ့ အမှုတွဲ ခဲ့လို့ပဲ။ လက်ဝဲ စာပေနှံ့စပ်ပြီး စာမျိုးစုံ စာဖတ်နိုင်တဲ့ အဘိုးကြီး တယောက်ပဲ။

ဒီအချိန်မှာ ခေတ်စားနေတဲ့ စာပေ ကတော့ ဂါစီယာ မားကွစ်ပဲ။ ပဉ္စလက် သရုပ်မှန် ၀ါဒပေါ့။ ကျနော် တသီးပုဂ္ဂလ အမြင် အရတော့ သိပ်မကြိုက်လှပါဘူး။ ဒီအချိန်မှာ ကျနော် စိတ်ဝင်စားတာ လယ်တီဆရာတော် ကျမ်းတွေပဲ။ ဆရာတော် ရေးတဲ့ ရှစ်စောင်တွဲ ဒီပနီ၊ ကမ္မဋ္ဌာန်း ကျမ်းနဲ့ ပဋ္ဌာန်းကျမ်း တွေကို ကျမ်းပေါက် လေ့လာခဲ့တယ်။ ရှစ်စောင်တွဲ ဒီပနီကို စာကြောင်းတိုင်း နားလည်နိုင်ဖို့နဲ့ ဆရာတော့် ဆိုလိုရင်းကို ရိပ်မိနိုင်ဖို့ နှစ် လကျော် ဖတ်ခဲ့ရတယ်။

အချုပ် စာမျက်နှာ (၄၀) ပြန်လည် ရေးသားခဲ့ပေမယ့် ထောင်နဲ့ အိမ်နဲ့ ကြားမှာ ပျောက်ဆုံးခဲ့ရတယ်။ ရသစာပေကို စာအုပ်ကပဲ ဖြစ်ဖြစ်၊ TV ကပဲ ဖြစ်ဖြစ် ကြည့်ပြီး ကိုမာကီရဲ့ သုံးသပ် ဝေဖန်မှုဟာ အနုပညာ ဆန်တယ်။ လူငယ်တွေကို သုတနဲ့ အတင်းမဖိသိပ်ဘဲ၊ ကိုယ်ပေးချင်တဲ့ Message ကို ရသနဲ့ တွဲဖက် ပေးတာ အကောင်းဆုံး ပဲဆိုတဲ့ အယူအဆဟာ မဲဆောက်အထိ လာမှန်နေတယ်။

စကားဖြတ်ပြောရရင် အခု နယ်စပ်မှာ ထုတ်ဝေတဲ့ စာအုပ်တွေက ရသနည်းသလားလို့။ အလုပ်သမားတွေ အနေနဲ့ နိုင်ငံရေးကို သိသင့်တာ မှန်ပေမယ့် ရသ ပါဝင်မှုနည်းပါးတော့ ထိုင်းနိုင်ငံမှာ ထုတ်ဝေတဲ့ နိုင်ငံရေး စာစောင်တွေ အပေါ် စိတ်ဝင်စားမှု နည်းပါးနေတာ တွေ့ရတယ်။ ပြီးစာအုပ်စင်တွေ၊ စာကြည့်တိုက်တွေရဲ့ ချောင်ထဲမှာပဲ ထိုးထားတာကို တွေ့ရတော့ ထုတ်ဝေ စရိတ်တွေ အတွက် နှမျောမိတယ်။ ဒီမှာက ချောင်ထိုးထားရတဲ့ စာအုပ်က များနေပြီး၊ ထောင်ထဲမှာတော့ ရှိသမျှ စာအုပ်တိုင်းကို မလွတ်တမ်းဖတ်ရ မှတ်ရတာ။

ထောင်ထဲမှာ စစ်တုရင် လက်ရွေးစင် တယောက်ဖြစ်တဲ့ မဟာသိပ္ပံကျောင်းသား ကိုအောင်နိုင်ဦးရဲ့ စစ်တုရင်ပေါ်ကနေ ဘ၀ဒဿနတွေ ထုတ်ပြတာ သိပ်အဖိုးတန်လှတယ်။ စည်းစနစ် တကျ ကြိုတင် စဉ်းစားခြင်းဟာ အမှားနည်းပြီး မလိုအပ်ဘဲ မစွန့်စားဖို့ အတန်တန် အကြံပေးခဲ့တာတွေဟာ အလုပ်တခုကို လုပ်မယ်ကြံတိုင်း သတိတရား ဖြစ်ခဲ့တယ်။

ထောင်တွင်း လေ့လာရေးဟာ လွယ်ကူတဲ့ အလုပ်တော့လည်း မဟုတ်ဘူး။ တံမြက်စည်းရိုးထဲ ခဲဆံ၊ မှင်ချောင်းလေးတွေ သွင်းပြီး ထောင်ဝန်ထမ်းတွေ မမြင်အောင် ထားရတဲ့ ဒုက္ခ၊ ရေးပြီးသား မှတ်စုတွေ ဖွက်ရတဲ့ ဒုက္ခကလည်း မသေးလှဘူး။ လူရှင်တွေရဲ့ သချိုင်းထောင် တွေထဲမှာ ဦးနှောက်ကို  ရှင်သန်အောင် လုပ်ပြီး ကိုယ့်တိုးတက်မှုကို ရှာရတယ်ဆိုတာ တခါတလေမှာ စွန့်စားခန်း တွေနဲ့လည်း ပြည့်နေတတ်ပါတယ်။

မြစ်ကြီးနားထောင်ဆိုတာ ကျိန်ခရမ် ရေအား လျှပ်စစ်က မီးထုတ်ရတာဖြစ်လို့ နွေနဲ့ ဆောင်းဆိုရင် လျှပ်စစ်မီးက ခရမ်း ချဉ်သီးလောက်တောင် မရဲပါဘူး။ ဒီတော့ အကျဉ်းသားတွေကို ကျွေးတဲ့ သုတေသန ဆီတွေကို လာဘ်ထိုးဝယ်ပြီး စွပ်ကျယ်စုတ် တွေ၊ ဂွမ်းစောင်စတွေနဲ့ မီးဇာလုပ်ပြီး စာကြည့်ရပါတယ်။ ၃ ယောက် တခန်းထဲမှာနေရင် တယောက် တနာရီစီ စာဖတ်ပြီး ကျန် ၂ ယောက်က ကင်းစောင့် ရပါသေးတယ်။ ဒီကြားထဲ သစ္စာဖောက်တွေ ရှိလာရင် ထောင်ထဲမှာ ထောင်နှုတ်ခမ်းပေါ် စွန့်စားပြီး လမ်းလျှောက်ရ ပါသေးတယ်။

လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကနေ ယခုအချိန်ထိ ထောင်တွင်း ပညာရေးက နိုင်ငံရေး ခေါင်းဆောင်ကောင်းတွေ မွေးဖွားပေးနေတာ ခေတ် အဆက်ဆက်ပါပဲ။ ထောင်တွင်းမှာ အပတ်တကုတ် ကြိုးစားခဲ့သူတွေဟာ ဘယ်နားရောက်ရောက် ရပ်တည်လို့ရမယ့် နေရာတခုတော့ ရကြပါတယ်။ ဒါကြောင့်မို့လို့လဲ နရသိန်ကို ဘ၀ကျောင်းလို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

နရသိန် ပညာရေးကြောင့်ပဲ ကျနော့် စိတ်ဓါတ်တွေ ကျမသွားဘဲ၊ ပျက်ပြားမသွားဘဲ မဲဆောက်ကို အကြောင်းကြောင်းကြောင့် ရောက်လာခိုက်မှာ အလုပ်သမားတွေ ရဲဘော်ရဲဘက် မိသားစု သားသမီးတွေ အတွက် ဆက်ပြီး ကျောင်းလေး တစ်ခု ထူထောင် ထားနိုင်ခဲ့ပါတယ်။

မူရင်း….မောက္ခ ပညာရေး အင်တာနက် စာမျက် နှာ