သတင်းကြီးသည့်မင်းသ္မီး (ဝါ) မြန်မာသတင်းသမားတချို့၏ ယဉ်ကျေးမှုစံ

ဘိုဘိုလန်းစင်ဇာတ်မင်းသားစံပယ်တင့်နဲ့လိုက်ပြေးခဲ့တဲ့သီပေါမဟာဒေဝီ၊      ၊ခုတလော မင်းသမီးနဲ့ သတင်းသမားတသိုက် သစ္စာနှံလိုက်တာ အတော်ပွက်သွားတယ်။ သတင်းဘိုးအေ လက်ဟောင်းများကလဲ မဆီမဆိုင် လျှောမွေး ဗာရာဏသီချဲ့ပီး စတုမဓူ မဏ္ဍပ်ကြီး ကယ်ဆယ်ရေးလုပ်ကြရာမှာ အတော်ပဲ သရုပ်ပျက်လှတယ်။ ဖြစ်စဉ်မှာ ၂ဖက်လုံးမှားတာကို အင်တာဗျူးခံဘက်ကို တဖက်သတ်ပုံချပီး မီဒီယာဂုဏော လာလုပ်တယ်။

တပ်မတော်သာအမိ တပ်မတော်သာအဖပီးရင် ဗမာပြည်မှာ ကျေးဇူးရင်တွေ ကိုယ့်ထမင်းကိုယ်ရှာစားပီး ဦးချစရာတွေ ပေါလှချည်လား မှတ်ရတယ်။ ဦးပုညတေးထပ်ထဲကလို ၂ပြည်ထောင်ကျောင်းဆောင် အလယ်က ဝင်ပါတဲ့ မန္တလေးက ငချဉ်သယ်တွေ ဆိုသလို သူများအရေးမှာ ကြားကနေ ပဏာယူတဲ့ အခွင့်ထူးခံဂျာနယ်နဲ့ အခါပေး ကေးဝဋ်ပုဏ္ဏားကြီးများ လုပ်ပေါက်ကလဲ ၂၀၁၀ရွေးကောက်ပွဲလို အနုပညာမဲ့လွန်းလှတယ်။ နောက် မင်းသမီးကြောင့်လား ဒီစာသိမ်စာဖျင်းတွေ ပြန်ပြုတ်သွားတာ စိတ်ချမ်းသာတယ်။ ဒီလို ဝန်ကြီးဌာနတိုင်လို့ ပြုတ်တာကို လက်ညှိုးထိုးပီး မင်းသမီးဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးတယ်ပြောမရဘူး။ ဘာလို့ဆိုတော့ သတင်းရေးသား သုံးသပ်ချက်က အင်မတန်အဂတိကြီးတယ်။ မိန်းမတယောက်ကို ယောက်ျားကြီးများက ဝိုင်းဝန်းပီး ခါးထောက်ရန်ထောင်နေသလားမှတ်ရတယ်။ ဘယ်အနုပညာသမား၊ နောက် ကာယကံရှင်များ၊ သက်သေများကို မေးမြန်းထားတာ မဟုတ်ဘဲ အစိုးရ သတင်းစာရှင်းသလို ထင်ရာမြင်ရာ ယုတ်တမ်းရမ်းတုတ်တာက လွန်အားကြီးနေတယ်။ ပီးတော့ ပြောသူ ဝါရင့်ဆိုသူများက အားကိုးလောက်တဲ့ သတင်းအတတ်စာအုပ် ၂အုပ်ကို ရေးသားထားသူတွေ၊ နိုင်ငံရေးအစဉ်အလာကြီးသူတွေ။ ဒီလို အရှိန်အဝါတွေနဲ့ သူ့အပေါ် ရန်သတ္တရုပြုလာတာကို ကာယကံရှင်တယောက်အနေနဲ့ မြန်မာပြည်လို ပုလိပ်နိုင်ငံကြီးမှာ အားကြီးသူဆီ အကူတောင်းတာ လွန်တယ်ပြောမရဘူး။ စကထဲက တမျိုးပီးတမျိုးဖွတဲ့ ၁၁မီးအုပ်စုမှာသာ တာဝန်ရှိတယ်။

စကထဲက ဒီလိုပြဿနာရှိတဲ့ မေးခွန်းမျိုးကို သေချာပြင်ဆင်မေးရင် ဒီလိုစက်ဆုပ်စရာတွေ မြင်ရမှာ မဟုတ်။ နောက်ပီး ဘာလို့ မင်းသမီးတယောက်လင်များတာကို စာဖွဲ့ချင် ထောက်ပြချင်ရတာလဲ။ မြန်မာပြည်မှာ မိန်းမတွေ အိမ်ထောင်ရေးမှာ ယောကျာ်းနဲ့ တန်းတူရှိသေးရဲ့လားဆိုတာ ဆင်ခြင်စရာပါ။ မွတ်ဆလင်သတင်းသမားတယောက်နဲ့ ဗုဒ္ဓဘာသာမိန်းကလေးယူတုန်းက ထိုဆရာသမား ဘာသာပြောင်းရတယ်ဆိုတာမျိုးလို ဒီထက်စိတ်ဝင်စားစရာ ကောင်းတာမျိုး ဘာလို့ သတင်းမလုပ်ခဲ့လဲ။ ခုပဲ နိုင်ငံခြားသားနဲ့ လက်ထပ်ခွင့်တွေ ပိတ်နေပြန်ပီ။ ဒီလိုလုပ်လို့ လူကုန် လင်ကုန်ကူးတာတွေ မလျော့ပါဘူး။ ခုလို အဆင့်မရှိတဲ့ အတွင်းရေးနှိုက် သတင်းအင်တာဗျူးမျိုး မိန်းမတယောက်ဆီက ရအောင်တောင်းရမှာ မရှက်တာ၊ ဟိုက မခံနိုင်လို့ အဆင်ခြင်မဲ့စွာ လက်ပါလာတော့ အုပ်စုလိုက် လေကြီးမိုးကြီးတွေပြောကြတာဟာ မြန်မာသတင်းသမားဆိုသူများရဲ့ စာရိတ္တမဏ္ဍိုင် ချာတူးလန်တာ ပြနေသလိုပါပဲ။ မဟုတ်တဲ့နေရာမှာ ကမ္ဘာ့အဆင့်မီချင်ပီး ဖြစ်လာတဲ့ နောက်ဆက်တွဲကို ရှင်းကြရာမှာတော့ ကျောင်းသားလေးများ ကျောင်းမှာရန်ဖြစ်တော့ အဖေခေါ်လာပီး ရှင်းခိုင်းတာလိုဖြစ်နေတယ်။

သတင်းအချက်အလက်သိပိုင်ခွင့်ဆိုရာမှာ ဇာတ်ရုံနောက် ထရံဖြဲပီး မင်းသမီး ထမီလဲတာချောင်းကြည့်ခွင့်မျိုးထိ ဆွဲမထဲ့သင့်ဘူး။ သတင်းသမားအမှားကို ကာပေးရာမှာ ကောင်းဘွိုင်ဝင်ရမ်းသလို မရမ်းသင့်ဘူး။ သတင်းသမားဟာ ကျိုးကြောင်းတကျ ဆင်ခြင်နည်းကို အခြေခံအားဖြင့်တော့ သိနားလည်ရမယ်။ အထူးသဖြင့် တိုင်းပြည်အရေးမှာ ရှေ့က မတွန့်မရွံ့ ပြောနေကျ ဦးစိန်ဝင်းလိုလူက ပိုပီး သမ္ဘာပါအောင်ပြောရမယ်၊ သဘင်သည်လိုမပြောရဘူး။ လေးကင်းနဲ့ ဗိန်းဗောင်းမတိုက်ရဘူး။ နောက် သူတို့ပြောတဲ့အထဲက လင်ယူများတာ မြန်မာ့ထုံးစံတွေ ပျက်တယ်ဆိုရင် ရှင်ဘို့မယ်က စပျက်တယ် ပြောရမယ်။ ဘို့မယ်ဟာ အဝနန်းကို စိတ်တိုင်းကျ စီမံသွားတဲ့ တကယ့်ဗမာမဖြစ်တယ်။ နောက်ပီး ဗမာမှာ အိမ်ထာင်ရေးစည်းအဲ့လောက် မကျပ်ဘူး။ မိဖုရားများတောင် ဘုရင်နဲ့ကွာပီး ရည်းစားဟောင်းပြန်ယူတာမျိုး ရတနာပုံခေတ်မှာ ရှိခဲ့တယ်။ ဒီဘက်ခေတ်မှာလဲ အိမ်ထောင်ဆက်များတဲ့ ဒဂုန်ခင်ခင်လေးလို နာမည်ကြီးမိန်းမတွေ ရှိပါတယ်။ လင်မှုပွေတဲ့သူတွေလဲ ရှိတာပဲ။ သူတို့အိမ်တွင်းရေးသတင်းတွေ ထဲ့တာတွေ ရှိခဲ့တာပဲ။ ဒီလိုအကျယ်အကျယ်ဖြစ်တာမျိုးတော့ မကြားဖူးဘူး။ ဒီခေတ်မှာလဲ အညှီအဟောက်သတင်းတွေ နာမည်ဗြောင်နဲ့တမျိုး သွယ်ဝိုက်တဖုံထဲ့ကြတာ ဒီလောက်ထိ ဟိုးဟိုးမကျော်ဖူးဘူး။ ဒီလိုဖြစ်ရာမယ် အဓိကကတော့ အင်တာဗျူးမေး သတင်းထောက်နဲ့ သတင်းဌာနရဲ့ အရည်အသွေးညံ့လွန်းမှု၊ ဝင်ဖွသြဇာထူချင်တဲ့ သတင်းဌာနနဲ့ လူကြီးများရဲ့ မီဒီယာပါးမဝ လူပါးဝမှုတွေကြောင့် မီဒီယာဘက်က အများကြီးနစ်နာခဲ့တယ်လို့ပဲ မှတ်တယ်။ ရှေ့လာမယ့် နိုင်ငံရေး အပြောင်းအလဲတွေကြား ဒီလိုအ တက်အလက်မျိုးနဲ့ ဝင်ခွပ်ရင် မီဒီယာကြက်တွေ ဟင်းအိုးထဲ ရောက်ဖို့ပဲရှိတယ်။ ပြည်သူကို ပညာပေးဆရာကြီးလုပ် ပဲ့ပြင်ချင်တဲ့ စစ်တပ်အရိပ်အငွေ့ မြန်မာသတင်းလောကမှာ ဘယ်လောက်ဖုံးနေလဲ ကြည့်ပါတော့။ အမျိုးသမီးချင်း ဖြစ်တဲ့ကိစ္စအတွက် ထင်မြင်ချက်တောင်းခံရာမှာ အမျိုးသမီး သတင်းသမားတွေဆီက မတောင်းတာကလဲ အင်မတိအင်မတန်မှ အသိဥာဏ်ခေါင်းပါး ခေတ်နောက်ကျလှတယ်။ ပီးတော့ မြန်မာပြည်ဟာ တလင်တမယားစံနစ်စစ်မှန်စွာ ကျင့်သုံးတယ်ပြောချင်ရင်လဲ ဥပဒေသမားများက မြန်မာဗုဒ္ဓဘာသာ လက်ထပ်ရေး ဥပဒေကို ထောက်ပြပါမယ်။

သတင်းသမားဆိုသူများ မှတ်ဖို့တချက်က လူတယောက်ကို အထင်သေးအမြင်သေးနဲ့ အပေါ်စီးက ဝင်ဖို့မကြိုးစားသင့်တဲ့အချက်ပဲ။ လင်များတဲ့မင်းသမီးကို စပ်စပ်လေး ဆော်လိုက်မယ်ဆိုတဲ့ ရွာထဲက အကျင့်အကြံမျိုးကို စာမျက်နှာတွေပေါ် သယ်မလာသင့်ဘူး။ လူတိုင်းမှာ လူ့အခွင့်အရေးရှိတယ်။ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်လိုချင်ရင် ယဉ်ကျေးမှုလေးစားမှုတွေနဲ့ ပြည်သူကိုဆက်ဆံရမယ်။ ပြည်သူထဲမှာ နိုင်ငံတော်အကြီးအကဲကနေ ကြံ့ဖွံ့လူမိုက်ထိပါတယ်။ သတင်းစာဆရာကြီးဆိုတဲ့ အရှိန်တွေနဲ့ စာဖတ်သူများပေါ် မောက်မာမယ် လုပ်စားမယ်လဲ မကြံပါနဲ့။ ခုခေတ်ဟာ ဦးနေဝင်းအောက် တိုင်းပြည်ကို ပိတ်ဆို့ထားချိန်မျိုး မဟုတ်တော့ပါဘူး။ ပီးတော့ ဦးစိန်ဝင်းပြောနေကျ မြန်မာတွေက အကင်းပါးကြပါတယ်။ စကားတခွန်းဟလိုက်တာနဲ့ ဘယ်လိုစေတနာနဲ့ပြောနေတယ်ဆိုတာ တန်းသိတယ်။ ပြည်သူပေါ် မရိုးမသားပညာပြ အညွန့်တင်ချင်ရင် တင်တဲ့သူတွေပဲ ဟပ်ထိုးလဲကျမယ်။

ဘိုဘိုလန်းစင်

ကောင်းကင် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်

35 thoughts on “သတင်းကြီးသည့်မင်းသ္မီး (ဝါ) မြန်မာသတင်းသမားတချို့၏ ယဉ်ကျေးမှုစံ

  1. ကိုဘိုဘိုလန်းစင်ရေးတာတွေက သေချာဖတ်ကြည့်လိုက်ရင် ရှင်းရှင်းလေးနဲ့ အမှန်တရားတွေချည်းပါပဲ
    ထက်ထက်မိုးဦးဘက်ကို လိုက်ပြီးရေးတယ်လို့ထင်ကြရင် မှားကုန်ကြလိမ့်မယ် … သူအဓိကရေးနေတာက စာနယ်ဇင်းသမားတွေရဲ့ အနေအထားကို ရေးပြလိုက်တာပါပဲ .. စာနယ်ဇင်းသမားတွေလဲ အမြင်ကျယ်သင့်နေပါပြီ .. ထက်ထက်မိုးဦးမှားတယ် မှန်တယ်လို့ သူက ဆုံးဖြတ်ပေးထားတာမဟုတ်ပါဘူး … ရေးထားတဲ့ အကြောင်းအရာတွေရဲ့ အဆီအငေါ်မတည့်တာတွေကို ဝေဖန်ပေးလိုက် တာပါပဲ .. ကိုဘိုဘိုလန်းစင်ရဲ့ ဒီစာကို ကြိုဆိုပါတယ် .. Comment များကောင်းမှုကြောင့် လူထုဦးလှနဲ့လူထုဒေါ်အမာတို့မြေးလို့ သိရတဲ့အတွက် လေးစားပါတယ် .. စာနယ်ဇင်းသမားတွေရဲ့ ရပ်တည်ရတဲ့ အနေအထားကိုလဲ လူတိုင်းက သဘောပေါက်ပြီးသား ပါ ..ပြောရရင်တော့ စာနာပါတယ် .. မစာနာပေးနိုင်တာတခုကတော့ ၀ါရင့်သတင်းသမားကြီးရဲ့ ပြောစကားလေးပါပဲ နိုင်ငံတကာစံနဲ့ယှဉ်ပြောတဲ့ စကားပေါ့ ကိုယ်ရပ်တည်နေရတဲ့ အနေထားကိုသိရင် မင်းသမီးဘက်ကလဲ သူရပ်တည်နေရတဲ့ အနေထားကိုပါ ကိုယ်ချင်းစာသင့်ပါတယ် ..
    နိုင်ငံတကာကိုလှမ်းပြီး မယှဉ်ချင်ပါနဲ့ဦး .. အညီအဟောက်သတင်းကိုတော့ စာနယ်ဇင်းလွတ်လပ်ခွင့်လို့ပြောရဲရင် နိုင်ငံရေးသတင်းတွေ ရွေးကောက်ပွဲတရားမမျှတမှုတွေကို ကျွန်မတို့ မြန်မာတွေ မဖတ်ရတာကြာပေါ့နော် … မိန်းမချင်းဖြစ်တာ ပဲရှင် ယောက်ကျားကြီးတွေပါလာ ဖြဲမယ်ဆိုတာမျိုးတွေပါလာတော့ ဟိုတယောက်လဲ မိန်းမချင်းနပန်းလုံးရာကနေ တိုင်တော့မှာပေါ့ .. ကျွန်မတို့ရပ်ကွက်ထဲမယ် ဒီလိုပဲ သူတပါးအတွင်းရေးဝင်စွက်တဲ့ မိန်းမတွေ ဆံပင်ဆွဲပါးအရိုက်ခံရတာများတာပါပဲ …. (ထက်ကထက်မိုးဦးက အာဏာပိုင်တွေ ခါးပိုက်ထဲထည့်ထားတာမဟုတ်ဘူး .. အာဏာပိုင်တွေက အားလုံးကို စောင့်ကြည့်နေတာ သူတို့က ရွစိရွစိဖြစ်လာတဲ့ အုံကြွမှုကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ကိုင်လိုက်မှာပါပဲ တိုင်လာတော့ အံကိုက်ဖြစ်သွားတာပေါ့) သတင်းတခုဖြစ်လာရင် ပြည်သူကသိချင်တာမှန်ပေမယ့် စာနယ်ဇင်းသမားက ဒီလို အညီသတင်းမျိုးရေးဖို့တော်တော်များများအားသန်လာကြတာ ထက်ထက်မိုးဦးတော့နာတာပဲ .. ဦးဇာဂနာနောက်က လူရွှင်တော်များလဲ နိုင်ငံရေးပျက်လုံးမထည့်ရဲတော့လို့ အောက်ပိုင်းပျက်လုံးတွေ ဘုရားပွဲထိပျက်လိုက်ကြတာ ပွဲလဲပြီးရော အန်ချလိုက်ချင်စိတ်ပေါက်တယ် အခုတော့ ကလေးများပါးစပ်မယ် ကျွန်မတောင်မသိတဲ့ ညစ်ငြမ်းစကားတွေများ မိုးမွှန်အောင်ပြောတတ်နေလိုက်တာ …. အမှန်တရားမပြောရဲတော့လို့ အညီအဟောက်သတင်း ဟာသတွေဘက်များလှည့်သွားလိုက်ကြတာရှင် ..ဒါကစာနယ်ဇင်းတွေကိုယ်တိုင် သိမြင်နေရမယ့် သမိုင်းအဆက်ဆက် နိမ့်ကျလာတဲ့ အနေအထားပါပဲ

  2. Really good post. The journalist and the journals in Burma should appreciate the “human right”. The question analysis of kwno shows who is right or who is wrong. In this case we really upset about myanmar journals.

  3. တကယ်ကောင်းတယ် တို့လဲ အဲလို အတင်းမေးတာ မကောင်းဘူးထင်တယ်ျွှန်တယ် ကိုဘိုဘို

  4. တကယ်တော့ အင်တာဗျူးလုပ်သူ သတင်းထောက်မလေးရဲ့ ဖြေဖို့ မကောင်းတဲ့ မေးခွန်းကြောင့် နောက်ဆက်တွဲ အမှားတွေ ဆက်ဖြစ်သွားတာပဲ ၊ ရှေ့က မေးခွန်း နှစ်ခုလောက်ကို မကြိုက်လို့ ၊ မဖြေချင်လို့ ရှောင်လိုက်တာကို ၊ နောက်ထပ်မကြိုက်တဲ့ မေးခွန်းတစ်ခုကို ခေါင်းမာစွာနဲ့ ထပ်မေးတယ် ၊ မေးခွန်းရဲ့ ဒီဂရီ အဆင့်တွေက တက်..တက်လာတယ် ၊ hot ဖြစ်တဲ့မေးခွန်းတွေဆို ရအောင်မေးရမယ်လို့ ဆုံးဖြတ်ထားပုံပဲ ၊ တကယ်လို့ ထက်ထက်မိုးဦးက မောင်းမထုတ်လိုက်ခဲ့ရင် နောက်ထပ် ဘယ်လိုမေးခွန်းများ ထပ်မေးလာမလဲ ဆိုတာ စဉ်းစားစရာပါပဲ ။ မမေးဖြစ်လိုက်တဲ့ နောက်မေးခွန်းက ပိုစိတ်ဝင်စားဖို့ ကောင်းမယ် ။

  5. မဟုတ်သေးဘူးကွ တစ်ကယ်တော့ဒို့မြန်မာတွေရဲ့စိတ်ဓါတ်ကိုကမှားနေတာ… ကိုယ်အခွင့်အရေးရှိရင် ကိုယ့်အခွင့်အရေးထဲက နေ..လုပ်ပိုင်ခွင့်ကို..ကိုင်စွဲပြီးတော့ … ကိုယ်ဘက်ပါအောင် လုပ်နေတာ..ကိုယ်က သာအောင်လုပ်နေတာ …မီဒီယာသမားတွေက ငါ တို့က တော့..ဂျာနယ်ထဲထည့်လိုက်မယ်.. ငါတို့ကရေးပိုင်ခွင့်ရှိတယ်ဆိုတဲ့အစွဲတွေထားနေကြတာ..အမှန်တော့ မီဒီယာသမားတိုင်းတော့..မဟုတ်ဘူး …ဒါပေမဲ့မီဒီယာသမားတော်တော်များမျာ က တော့ တိုင်းပြည်ရဲ့မှန်ကန်တဲ့ သတင်းတွေကို ပေးသင့်တာ..သတိရှိရှိရင်ဆိုင်ပြီးအမှန်တရားကိုရေးသင့်တာ…ဘာမဟုတ်တဲ့ကိစမှာတော့…ရေးချင်သလိုရေးပြိးတော့ တစ်ကယ့်အမှန်တရာကျတော့ ကြောက်လိုက်ကြတာသေတော့မတတ်ပဲ…

  6. စောနောင် :

    ကိုဘိုဘို ဘာလို့ဝင်ရေးသလဲဆိုတာ ခင်ဗျားရဲ့ အထက်က comment တွေက ပြနေပါတယ်။ ဖြစ်တဲ့ကိစ္စ အမှားအမှန် ကို ဆုံးဖြတ်နေကြတာမဟုတ်ပါ။ မီဒီယာ ဆိုသူတွေနဲ့ အုပ်စုဖွဲ့လေသံတွေ ရဲ့ အတ္တနောက်လိုက်မှုကို ရေးကြတာပါ။ ပြည်သူတွေ သိချင်နေတာက ဒီအုပ်စု နဲ့ ဟိုတစ်ယောက် ရဲ့ ဇာတ်လမ်း ဘာဖြစ်မလဲဆိုတဲ့သတင်းပဲဖြစ်ပါလိမ့်မယ်။ မူရင်းဖြစ်ရပ်အမှန်ဟာ သတင်းထောက်မလေးတစ်ယောက်နဲ့ မင်းသမီး ဖြစ်ကြ၊ မင်းသမီး က တောင်းပန်လိုက်ရရင်သော်လည်းကောင်း၊ ဥပဒေ အရ တစ်ခုခု ခံရရင်သော်လည်းကောင်း ခုလို ရေးနေကြစရာမလိုပါ။ ဒီကိစ္စကို အများပြည်သူပိုင်တဲ့လက်နက်နဲ့ အသုံးချနေ၊ နောက်ကြောင်းကစပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်နေကြလို့ ပြန်ရေးနေကြ၊ ဝေဖန်နေကြရခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တော့ ဒီလိုပဲနားလည်ပါတယ်။

    ဂျာနယ်တွေက အခုလို ၀ိုင်းရေးနေတာတောင် ရရဲ့လား.. စာပေစိစစ်ရေးကထိပ်ဆုံးက ပိတ်ထားပြီမဟုတ်လား၊ ဘယ်မှာလဲ သတင်းလွတ်လပ်ခွင့်၊
    ခုလို ဂျာနယ်တွေက ၀ိုင်းမရေးဘဲ လွှတ်ထားလိုက်မယ်ဆိုရင် ခုချိန်ဆိုရင် တရားရုံးက ထက်ထက်မိုးဦးမှန်တယ် တောင်းပန်စရာ မလိုဘူး လျော်စရာ မလိုဘူး ဆိုတဲ့ အမိန့်တောင် ထွက်ပြီးလောက်ပြီလို့ထင်တယ်၊ ခင်ဗျားက ဂျာနယ်တွေ အုပ်စုဖွဲ့တာပဲ ပြောတာကိုး၊ ထက်ထက်မိုးဦးက အာဏာပိုင်တွေကို ခါးပိုက်ထဲထည့်ထားတာကိုလည်း မြင်အောင်ကြည့်ဗျ

    ဘိုဘိုလန်းစင်ရေ ခင်ဗျားတော့ အပြင်ကနေပြီး ထင်ရာတွေ လျှောက်မပြောနေပါနဲ့ဗျာ… လက်တွေ့ဒီက သတင်းသမားတွေရဲ့ လုပ်ကိုင်နေရတဲ့ အခြေအနေကိုလည်း သိအောင်လေ့လာဦး

  7. ဘိုဘိုလန်းစင်ဆိုတဲ့ကောင်က ဦးလှ ဒေါ်အမာ မြေးလုပ်နေပီး ဒါမျိုးတွေ ရေးနေတာ စိတ်ပျက်စရာကောင်းတယ် အဖိုးအဖွားမျက်နှာလဲ ကြည့်ဦး Face Book မှာ ရေးတာတွေ ပိုအောက်တန်းကျသေးတယ်

  8. ဥပဒေကို တကယ် တင်းတင်းကြပ်ကြပ် လိုက်နာရတဲ့ နိုင်ငံတွေမှာ နေတဲ့လူတွေ ပိုသိပါတယ်။ မအေနဲ့ ကိုယ့်ရှေ့လာပြီး ကလော်တုတ်ရင်တောင် လက်ပါလိုက်ရင် ရှင်းရခက်သွားပါပြီ (အဲဒီအစား အဲဒီလူကို တရားပြန်စွဲတာမျိုး စသဖြင့် လုပ်လို့ရပါတယ်) မြန်မာနိုင်ငံမှာ နေတဲ့လူတွေအတွက်လည်း သိရမှာက ကိုယ်က ထက်ထက်မိုးဦး မဟုတ်ပါဘူး။ ကိုယ်သာ သူ့လို တုန့်ပြန်ရင် ခုချိန်ဆို လက်ရောက်မှုနဲ့ အချုပ်ထဲရောက်နေမှာပါ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ဥပဒေကိုတော့ နားလည်းရပါမယ်။ ဒါမှ သူများ အသုံးချတာ မခံရမှာပါ။

  9. ကောင်းလိုက်တဲ့ ပြောကြားချက်…အမှန်ဘဲ

  10. ဘိုဘိုခင်ဗျား
    ခင်ဗျားရေးထားတဲ့ဆောင်းပါးကိုသေသေချာချာဖတ်ခဲ့ပါတယ်။ ဒီကိစ္စဟ ဖြစ်ချင်လို့ဖြစ်ကြရတဲ့ကိစ္စ တစ်ခုမဟုတ်ပါ။ ဒါပေမယ့်ဗျာ…သတင်းထောက်တွေ ၊ သရုပ်ဆောင်တွေ ဘေးဖယ်စဉ်းစားမယ်ဆိုရင်တောင်မှ ရိုက်တဲ့သူနဲ့. .အရိုက်ခံရတဲ့သူ ဘယ်သူကမှားလဲဆိုတာသိသာပါတယ်။ သတင်းအဖြစ်ဖေါ်ပြတယ်ဆိုတာကလည်း .. ပြည်သူတွေသိပ်သိချင် နေတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုနာမယ်ကြီးတစ်ယောက်က …ဒီလိုအမှားတွေကျူးလွန်ခဲ့တာကို မှားတယ်လို့ မပြောကြဘူးဆိုရင်..နောက်ထပ်လူတွေလဲထပ်မှားကြတော့မှာပါဗျာ။ ဒါဟာလုပ်ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။။လူဆိုတာ မှားတတ်ကြပါတယ်။မှားသွားရင်တောင်းပန်ရမှာမဟုတ်ပါလားဗျာ။တစ်ဆိတ်တစ်အိတ်ဖွဲ့လွန်း တာမဟုတ်ဘူးလို့ထင်ပါတယ်။ အခုကိစ္စကို..ဘယ်သူကမှားတယ်။။ဘယ်သူကမှန်တယ်ဆိုတာ…ပြည်သူတွေသိရုံလောက်ပါဗျာ။ (ရေးရတဲ့အတိုင်းအတာအထိမြန်မာမီဒီယာတွေရေးနေကြပါတယ်)။။အဘိုးလူထုဦးလှနဲ့အဖွားလူထုဒေါ်အမာ..ရဲ့မြေးတစ်ယောက်က ဒီလိုဆောင်းပါးမျိုးရေးလိုက်တာ …ကျွန်တော်ဘယ်လိုမှ နားမလည်တတ်အောင်ပါပဲဗျာ….၊ ။။

    1. ကိုဘိုဘို ဘာလို့ဝင်ရေးသလဲဆိုတာ ခင်ဗျားရဲ့ အထက်က comment တွေက ပြနေပါတယ်။ ဖြစ်တဲ့ကိစ္စ အမှားအမှန် ကို ဆုံးဖြတ်နေကြတာမဟုတ်ပါ။ မီဒီယာ ဆိုသူတွေနဲ့ အုပ်စုဖွဲ့လေသံတွေ ရဲ့ အတ္တနောက်လိုက်မှုကို ရေးကြတာပါ။ ပြည်သူတွေ သိချင်နေတာက ဒီအုပ်စု နဲ့ ဟိုတစ်ယောက် ရဲ့ ဇာတ်လမ်း ဘာဖြစ်မလဲဆိုတဲ့သတင်းပဲဖြစ်ပါလိမ့်မယ်။ မူရင်းဖြစ်ရပ်အမှန်ဟာ သတင်းထောက်မလေးတစ်ယောက်နဲ့ မင်းသမီး ဖြစ်ကြ၊ မင်းသမီး က တောင်းပန်လိုက်ရရင်သော်လည်းကောင်း၊ ဥပဒေ အရ တစ်ခုခု ခံရရင်သော်လည်းကောင်း ခုလို ရေးနေကြစရာမလိုပါ။ ဒီကိစ္စကို အများပြည်သူပိုင်တဲ့လက်နက်နဲ့ အသုံးချနေ၊ နောက်ကြောင်းကစပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်နေကြလို့ ပြန်ရေးနေကြ၊ ဝေဖန်နေကြရခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တော့ ဒီလိုပဲနားလည်ပါတယ်။

  11. What ever Htet Htet Moe Oo did is her personal life, journalist should not write such personal cases. It is very low class moral. Journalist is the one who should be ashamed of herself.

  12. ချာရာဏသီ :

    ကြိုက်လွန်းလို့ ချာရာဏသီမှာ တဆင့်ကူးယူဖော်ပြခွင့်ပြုပါ…။ အဓိကက မင်းသမီးဘက်က နာတဲ့သူတွေထက် မီဒီယာတွေ လူပါးဝတာကို မခံချင်တဲ့သူတွေများတာကို အကင်းမပါးကြတာ တော်တော် ဖျင်းလွန်းပါတယ် ခင်ဗျာ

    ချာရာဏသီ :
    သယ်ရင်း… သယ်ရင်းပြောတာမှန်တယ် အခုဝိုင်းပြောတာက မင်းသမီး ကိုထောက်ခံလို့လဲမဟုတ်ဘူး မီဒီယာတွေ လူပါးဝတာကို မခံချင်လို့ ဇြစ်နေတာ..

  13. ကေငင်းလိုက်တဲ့ Comment ဗျာ. ကိုဘိုဘို ပြောတာ ပိုင်ပိုင်နိုင်နိုင်ချက်ကျလက်ကျဘဲ… ELEVEN ကိုက ဘက်လိုက်ပါတယ်. အေးသူစံ အကြောင်းComment လုပ်ကြည့် Adminstrator က Deleted လုပ်တယ်.. နောက်တစ်ခါထပ်လုပ်ရင် Accont ကိုပါ Block လုပ်တယ်..

  14. အင်တာ မဗျူးမှီက.. ဘယ်လိုမေးခွန်းမျိုးတွေ မေးမယ် ဆိုတာအကြမ်းဖျင်း ကြိုတင်အကြောင်းကြားထား ရတယ်လို. ကြားဖူးပါတယ်- အင်တာဗျူးပေးမယ့် လူက အဖြေပေးဘို. ငြင်းဆန်တဲ့ မေးခွန်ဆိုရင် ဇွတ်မတိုးသင့်ပါဘူး။ ဒါဟာ သတင်းသမါး ကျင့်ဝတ်ပါ။ သတင်းသမား ဇွတ်တိုး မှားခဲ့သလို…. ကိုယ်ထိလက်ရာက် ကျူးလွန်သူ မင်းသမီးကလဲ မှားပါတယ်၊ မိမိဒေါသ အလျှောက်မလုပ်သင့်ပါ ဟီရိသြတပ္မတရား နဲ့ ဆင်ခြင်ဘို.ကောင်းပါတယ်။ မင်းကွန်းဆရာတော်ကြီး မေတ္ဘာပို. သလို ”အထင်သေးခြင်း အခြင်းခြင်း ကင်းရှင်းကြပါစေ”….နှစ်ဖက်လုံးက တယောက်ကိုတယောက် အထင်သေးစိတ်နဲ့  ကြည့်ကြ မြင်ကြ ပြောကြ ပြုကြ လို. ခုလိုဖြစ်ရတာပါ။

  15. ဟုတ်တယ်… စာနယ်ဇင်းတွေကို ကြည့်မရလို့ အဲလောက် ၀င်ပြောကြတာ…

  16. ဒါမှ တို့ဘိုဘို
    ငါးယောက်မြောက်အလှည့်ကျရင် ဘို့ဘို့ကို ထိပ်ဆုံးက စဉ်းစားပေးမယ် သိလား..အာဘွား…:-*

  17. ကြိုက်လွန်းလို့ ချာရာဏသီမှာ တဆင့်ကူးယူဖော်ပြခွင့်ပြုပါ…။ အဓိကက မင်းသမီးဘက်က နာတဲ့သူတွေထက် မီဒီယာတွေ လူပါးဝတာကို မခံချင်တဲ့သူတွေများတာကို အကင်းမပါးကြတာ တော်တော် ဖျင်းလွန်းပါတယ် ခင်ဗျာ

  18. ဟုတ်တယ်။ သတင်းသမားဆိုတဲ့စင်ပေါ်က အပေါ်စီးရထားတာကို အခွင့်အရေးယူပြီး ငါတို့ မှာလုပ်ပိုင်ခွင့်ရှိတဲ့ ဆိုတဲ့
    တလွဲအတွေးအခေါ်တွေကို မမွေးဘို့ လိုတယ်။ မီဒီယာအတွင်းစည်းထဲက သတင်းသမားတွေကလည်း လူကျွံဘော မဖြစ်အောင် လူ့ ကျင့်ဝတ် သတင်းကျင့်ဝတ်နဲ့အညီ
    ထိမ်းသိမ်းကွပ်ညှပ်ဘို့ လိုမယ်။ နို့ မဟုတ်ရင် သတင်းသမားတွေကိုယ်တိုင်ကိုဘဲ အကျဉ်းချမဲ့ အုပ်ချုပ်သူတွေရဲ့ အမျော်အမြင်မဲ့ပြီး
    အစီအငေါ်မတဲ့ တဲ့ မီဒီယာလောဆိုတဲ့ သံကြိုးကြီးနဲ့ လာချည်တုပ်လိမ့်မယ်။ ကိုယ့်အခွင့်အရေးကိုလည်း စေတနာစိတ်နဲ့ မှန်မှန်ကန်ကန် ထိမ်းသိမ်းပေးဘို့ လိုမယ်။

  19. အင်းဗျ။ အမျုားအကျိုး၊ အမျိုးအကျိုး လုပ်ကြတုန်းက ဘယ်နားနေကြတယ်မသိဘူး။ အခုတော့ ဒီလို ကိုယ်ရေးကိုယ်တာ ပြဿနာမျိုးကျမှ သတင်းသမားတွေစုပြီး ဆန္ဒထုတ်ဖော်မယ်ဆိုလား အသံပြုသေးတယ်ဗျ။ အဲဒီ သတင်းသမား (အမည်ခံ) တွေများ ဆန္ဒပြကြရင် ကျွန်တော်တို့ လူထုဂျာနယ်လစ်တွေက သတင်းယူ အင်တာနက်ပေါ်ဖြန့်ပေးပါ့မယ်ဗျား။

  20. ကောင်းလိုက်တဲ့ ပြောကြားချက်…အမှန်ဘဲ

  21. *** Sometime in 2002, I met with Sein Win at his place in Rangoon. After having a conversation with him for about half an hour, I found out this guy was extremely subjective and opinionated. I was not surprised burmese junta put him in jail for many years for his political opinion but I was surprised he was extremely prejudice and not educated at all. Lots of things he didn’t know, he was just bluffing like “Mr. Know it all”, that’s pretty pathetic.
    Do burmese people think of him as a genius guy? That’s Amazing !!

    ———————

    About this movie actress and the reporter issue:

    From my perspective, I totally agree with you. It’s obvious that this reporter is quite dump.

  22. သ တင်း နဲ နိုင် ငံ ရေး နဲ ရော ကုန် ပြီ

Comments are closed.