ဥဇဘက် ဒုက္ခသည် စခန်းမှ အမျိုးသမီးများနှင့် ကလေးများ

ကီရ်ဂျစ်စတန် မှ ဒုက္ခသည် များ ဥဇဘက္ကစတန် ထဲပြေးဝင်းခိုလှုံစဉ် Photograph: D Dalton Bennett/AP

ရဲမြင့်ကျော် ၊                 ၊ဥဇဘက်ကစ်စတန် ဒုက္ခသည်စခန်းကို ရောက်ရှိနေသည့် ကာဂျစ် အမျိုးသမီး
မမာဒလီယာဗာ က မကြာခင်က နယူးယော့ခ် တိုင်းမ် သတင်းထောက် တစ်ယောက်ကို ပြောပြသည်။

“ကျမမှာ ၉ နှစ်၊ ၇ နှစ်နဲ့ ၄ နှစ် ကလေး သုံးယောက် ရှိတယ်။ ကလေးတွေ အကုန်လုံး ‘ရှော့’ ၀င်ကုန်ပြီ။
အငယ်ဆုံးလေးက ကျမကို ပြောတယ်၊ မေမေ… ကာဂျစ်စတန်ကို ပြန်ရောက်ရင် သားသားကို အော်တိုမစ်တစ်
သေနတ် ၀ယ်ပေးရမယ်နော်” တဲ့။

သူမက သတင်းထောက်ကို ဆက်မေးလိုက်သေးသည်။ “အဲဒါ ရှင်ဘယ်လို ထင်လဲ၊ ကျမ ကလေးတွေ
မူမှန်ကြရဲ့လား၊ ကလေးက လေးနှစ်ပဲ ရှိသေးတာ၊ သူ တကယ့် သေနတ် ပစ်ဖို့ချည်း ပူဆာနေတာပဲ၊
သားလေး ပုံမှန်မှ ဟုတ်ရဲ့လားရှင်၊ ကျမ သားလေးကို သေနတ်ကိုင် ကြီးပြင်းလာမှာမျိုး မလိုချင်ပါဘူး”
ပြောရင်း သူမ မျက်လုံးတွင် မျက်ရည်တွေ အပြည့်နဲ့။

Unicef အဖွဲ့ ပြောပြချက်အရ ဒုက္ခသည် စခန်းထဲတွင် တစ်ဝက်လောက်က ကလေးတွေ…။ ငါးရာခိုင်နှုန်း
က ဗုစုခရုနဲ့ မွေးကင်းစ။ အမျိုးသမီး ၂၀၀၀ လောက်က နို့တိုက် နေကြရသူတွေ။

ယခု ဇွန်လထဲတွင် ကာဂျစ်စတန် နိုင်ငံတွင် လူမျိုးရေး သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့သည်။ ကာဂျစ်စတန်
ထဲတွင် လူနည်းစု အဖြစ် နေထိုင်နေကြသည့် ဥဇဘက် လူမျိုးတွေ ရှိနေသည်။ ယခု အသက် ၃၀ အရွယ်
မမာဒလီယာဗာ ကဲ့သို့ ဥဇဘက် လူမျိုးစု  ၈၀၀၀၀ ကျော် ကာဂျစ်စတန် နယ်စပ်ကိုဖြတ် ဥဇဘက်ကစ်စတန်
ထဲ ၀င်ပြေးလာကြရသည်။ သူတို့ အိမ်တွေ လုယက် မီးရှို့ခံခဲ့ကြရသည်။ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကြောင့် ထိတ်ထိတ်လန့်လန့်နှင့် ရှော့ဖြစ် နေကြသည်။

အခုလို အစုလိုက် အပြုံလိုက် ထွက်ပြေးလာခြင်းက ဒုက္ခသည် ပြဿနာကို အကြီးအကျယ် ဆိုက်သွားစေသည်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ခုက ကွန်မြူနစ် ဆိုဗီယက် ပြိုပြီးနောက် အဆိုးဆုံး ဒုက္ခသည် အကျပ်အတည်းကို ရင်ဆိုင်ကြရခြင်း ဖြစ်သည်။ ဥဇဘက်ကစ်စတန်ရှိ ဒုက္ခသည်စခန်းတွင် အများစုက မိန်းမတွေနဲ့ ကလေးတွေ၊ အဘိုးကြီးတွေ။ အားလုံးမှာ တစ်ဝက်ကျော်က ကလေးတွေ။

စွမ်းစွမ်းသန်သန်ရှိသော ယောင်္ကျားများမှာ ကျန်မိသားစုတွေနဲ့ အိမ်နီးချင်းတွေကို ကာကွယ်ဖို့ ကာဂျစ်စတန်ထဲတွင် ကျန်ခဲ့ ကြရသည်။ သူတို့က ကလေးတွေနဲ့ မိန်းမတွေကို ဥဇဘက်ကစ်စတန်မှာပဲ နေဖို့၊ ပြန်လာရင် သိပ်အန္တရာယ်များတဲ့ အကြောင်း ပြောကြသည်။ ကာဇစ် လုံခြုံရေးတပ်တွေနဲ့ ရင်ဆိုင်ရတိုင်း ထွက်ပြေးသူများ နယ်စပ်ဖြတ်သူများကို သတ်ပစ်နေလို့ ဖြစ်သည်။

အမှန်တော့ ဥဇဘက် ဒုက္ခသည် စခန်းတွင်းရှိ ဒုက္ခသည် အမျိုးသမီးများမှာ သူတို့အိမ် သူတို့ လင်သားတို့ဆီ ပြန်ချင်စိတ်က အရူးအမူး။  ပြန်ရင်တော့ သွေးချောင်းစီးမှာ ကြောက်စရာ။ အဲဒီ မိခင် ဖခင်တို့ အထိတ်တလန့် ခွဲခွါနေရသည့် စိတ်လွန်ဆွဲပွဲအကြား ကလေးတွေက စိတ်ဒဏ်ရာ (trauma) ရသည့် လက္ခဏာ ပြနေကြသည်။

ဒုက္ခသည် စခန်းထဲတွင် မကြာခင်က လူငယ်တွေအတွက် အစီအစဉ်လေးတစ်ခု Unicef က လုပ်ပေးပြီး၊ သူတို့ ဆွဲထားသော ပန်းချီကား ပုံလေးတွေ ချိတ်ဆွဲ ပြသပေးသည်။ ကလေးတစ်ယောက် ဆွဲထားတဲ့ ပုံက ထွက်ပြေးနေတဲ့ လူအုပ်ကြားထဲ စက်အမြှောက်ကြီးဖြင့် လိုက်ပစ်နေသည့် တင့်ကားကြီးပုံ။ လမ်းပေါ်မှာ သွေးကွက်တွေနဲ့ အလောင်းတွေကို ကြောင်ခြစ်သလို ရေးဆွဲ ထားလိုက်သေးသည်။ နောက် ကလေးမလေး တစ်ဦး ကတော့ သူ့တို့အိမ် မီးတဟုန်းဟုန်း တောက်နေပြီး ခပ်လှမ်းလှမ်းမှာ သူငိုနေပုံ ဖြစ်သည်။

အမျိုးသမီး အများစုမှာ ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေ ဆုံးရှုံးခဲ့ ကြရလို့ စကားပြောတိုင်း တအီအီနှင့် ငိုနေကြသည်။ “ကျမသားလေး ၂၃နှစ် ပဲရှိသေးတယ်၊ ပစ်သတ်ခံရတယ်။ ကျမ ပြေးသွားပြီး သူ့ကို ကူဖို့ ကြိုးစားပေမယ့် မရတော့ပါဘူး။ သူ့ကို သူတို့ မြှုပ်ပစ်လိုက်ကြတယ်လေ။ မြေမြှုပ်တဲ့ နေရာကို ကျမ မမြင်လိုက်ရဘူး” လို့ အသက် ၄၈ နှစ်ရှိ အမျိုးသမီး ဇူခါရာ က ပြောပြသည်။

တကယ်က ဥဇဘက် ကစ္စတန် ဒုက္ခသည် ဦးရေမှာ ကာဂျစ်စတန် နိုင်ငံသား အားလုံး လူဦးရေနှင့် အတူတူလောက်ပင် ရှိသည်။ လက်ရှိ အားပျော့ချိနည့်လှသည့် ကာဂျစ် ကြားဖြတ် အစိုးရကလည်း ဥဇဘက် ဒုက္ခသည်တွေ ပြန်လာဖို့ တစုံတရာ မဆောင်ရွက်ဘဲ နှုတ်ဆိတ်နေသည်။ အစိုးရ အနေနှင့် ကာဂျစ် လူမျိုးကြီးနှင့် ဥဇဘက် လူနည်းစုအကြား အကြမ်းဖက် သတ်ဖြတ်ပွဲတွေ ဖြစ်နေသည့် ကာဂျစ်စတန် တောင်ပိုင်းကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ဖို့ပင် အာရုံ ရောက်နေသည်။ ကာဂျစ် စစ်တပ်က ဥဇဘက် ရာထောင်ပေါင်းများစွာကို သတ်ဖြတ်နေသည်။

ဒုက္ခသည်စခန်းတွင်းရှိ ကလေးနှစ်ယောက်အဖွား အသက် ၄၈ နှစ်ရှိ နစ်ဇမိုဗာ က ပြောပြသည်။ “လူတိုင်း သေးထွက်မတတ် ကြောက်နေ ကြတယ်။ မနေ့က မက်ဆေ့ခ်ျ ထပ်ရောက်လာတယ်လေ။ လုံးဝ ပြန်မလာကြနဲ့တဲ့။ သူတို့ မြင်မြင်သမျှ အကုန် ပစ်သတ်ကုန်ပြီ” တဲ့။

ဒုက္ခသည် စခန်းထဲရှိ ကလေးသုံးယောက် အမေ ဇူလီယာကလည်း လူအားလုံး မျှော်လင့်ချက်မဲ့ နေကြတယ်။ သူတို့ အိမ်တွေ ပိုင်ဆိုင်သမျှတွေ အကုန်ဖျက်ဆီး ခံလိုက်ကြရပြီလေ။ ကိုယ့် အိမ်ပြန်ဖို့ဆိုတာ သတ်ကွင်းထဲ ကလေးတွေ ပြန်ဖို့တာပဲ။ ကျမ အံဩတာက ဘာကြောင့် ကြားဖြတ် အစိုးရသစ်က အိမ်ပြန်လာကြဖို့၊ လုံခြုံမှုရှိဖို့ လေသံတောင် မဟတာလဲ”

ဥဇဘက်ကစ်စတန်ရှိ Unicef ရဲ့ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီး တစ်ဦးက “အခု မြင်တွေ့ရတဲ့ ဒုက္ခသည် အကျပ်အတည်းဟာ အဆိုးတကာ့ အဆိုးဆုံး တစ်ခုပဲ။ အဓိကက မိန်းမတွေနဲ့ ကလေးတွေချည်း ဖြစ်နေကြတယ်၊ ဒီ ပြဿနာကို ကာဂျစ် အစိုးရ အနေနဲ့ ချက်ချင်း အရေးပေါ် ဆုံးဖြတ်ဖို့ လိုမယ်။ နို့်မဟုတ်ရင် ရှေ့ဆက်ဖြစ်လာမယ့် အကျိုးဆက်က ကလေးတွေအတွက် မကောင်းဘူး။ မိသားစုတွေ တကွဲတပြားစီ ဖြစ်နေတာ နည်းနည်းနောနောမှ မဟုတ်ပဲ” ဟု ဆိုသည်။

ဒုက္ခသည် စခန်းထဲမှ အသက် ၁၅ နှစ်အရွယ် ပန်းချီဆွဲတဲ့ ကောင်မလေးကတော့ “ကလေးတွေ အားလုံး မျက်နှာတွေမှာ အမြဲ စိုးရိမ် ထိတ်လန့်နေတယ်။ သူတို့ အဖေတွေ ကာဂျစ်စတန်မှာ ကျန်ခဲ့တာ တတွတ်တွတ် ပြောနေကြတာပဲ။ ကျမလည်း ဒီနေ့ ပြန်လို့ရရင် ပြန်ချင်တယ်၊ ဘယ်လို ဖြစ်နိုင်မှာလဲ။ ကျမ အဖေကိုလည်း ဖုန်းနဲ့ လှမ်းပြောဖြစ်တယ်၊ ဒီ စခန်းကို လိုက်မလာဖို့။ ကျမတို့လည်း ဒီမှာ ငတ်နေကြတာလို့…။ စခန်းတစ်ခုလုံး ကလေးတွေ အော်ငိုသံက ဆူညံနေတာပဲ။ အမေလုပ်သူတွေလည်း သတ်သေချင်စိတ်တွေ ပေါက်နေပြီ ”

ထွက်ပြေးလာတဲ့အထဲ ပါခဲ့တဲ့ အသက် ၄၉နှစ်ရှိ ပန်းချီ ဆရာမကတော့ “ကျမရဲ့ ပန်းချီ သင်တန်းက ဒုက္ခရောက်လေ ပို အသုံးကျလေ ပေါ့ရှင်..။ ကလေးတွေကို ချော့ဖို့ ရုပ်ပုံလေးတွေ ဆွဲခိုင်းရတယ်။ အနုပညာ နည်းမျိုးစုံနဲ့ သူတို့ နုနယ်တဲ့ စိတ်တွေ ဆိုးရွား ခက်ထန်မသွားအောင် ထိန်းပေးနေရတယ်။ မိခင်တွေလည်း ကလေးတွေ ပန်းချီဆွဲနေတာ သူတို့ ပန်းချီကားလေးတွေ အပြိုင်မြင်ရတော့ အဆိုးထဲက အကောင်းပေါ့။”

“ဒါပေမဲ့ ကလေးတွေ ဆွဲတဲ့ ပုံတွေ ကြည့်ရတော့လည်း ရင်ထိတ်စရာတွေ ဖြစ်ကြရပြန်ရော…။ ကလေးတွေ ဒီစခန်း စရောက်ခါစက ဥဇဘက် စစ်သားတွေ မြင်တာနဲ့ ထိန်းမရဘူး ထွက်ပြေးကုန်ကြတာ။ ကာဂျစ်စတန် စစ်သားတွေ မှတ်လို့။ မတူတာ သူတို့မသိဘူး။ ဥဇဘက် စစ်သားတွေကတော့ အမျိုးနွယ်တူချင်းမို့ စောင့်ရှောက်ပါတယ်။ ဒါပေမဲ့ စစ်သားမြင်ရင် ကလေးတွေ ညည အိပ်မပျော်ကြဘူး….။”

ရဲမြင့်ကျော်

ရည်ညွှန်း။ The New York Times