ကမ္ဘာ့ဖလားနှင့် တောင်အာဖရိက အမျိုးသမီးများ

တောင်အာဖရိက လက်ရွေးစဉ် အမျိုးသမီး ဘောလုံးအသင်း (Photo by Lefty Shivambu/Gallo Images/Getty Images)

ဂျူးလီယက် တိုရိုမီ( ရဲမြင့်ကျော် ဘာသာပြန်သည်)

လွန်ခဲ့တဲ့ ၂၅နှစ် ကျမကို မွေးတဲ့ အချိန်လောက်မှာ အာဖရိကက အမျိုးသမီးတွေ ဘောလုံးပွဲအကြောင်း ပြောခဲလှပါတယ်။ လူမှုရေး တားမြစ်ချက် တစ်ခုလိုကို ဖြစ်နေခဲ့တာ။ အခုတော့ ဘာရမလဲ၊ ကျမနဲ့ ကျမ သူငယ်ချင်း အာဖရိကသူတွေ ထမင်းမေ့ ဟင်းမေ့ပေါ့။

ကင်ညာ နိုင်ငံမှာ ကျမ ကြီးပြင်းခဲ့ပါတယ်။ ကျမတို့ ကင်ညာ နိုင်ငံဟာ အင်္ဂလိပ် ပရီမီးယားလိဂ် အရူးအမူး ရောဂါ စွဲကပ်နေတဲ့ နိုင်ငံပါ။ အင်္ဂလန်ရဲ့ ကိုလိုနီ ဖြစ်ခဲ့ဖူးတာနဲ့ ဆိုင်မလား မသိဘူး။ ကင်ညာသားတွေ ပရိမီယားလဂ် အရူးအမူး ဖြစ်ပုံက သူများ နိုင်ငံက ဟာတွေထက် ပိုကဲ ပိုသည်းလွန်းတယ်။

ပြီးသွားတဲ့ ဘောပွဲရာသီမှာပေါ့။ အာဆင်နယ် ပရိတ်သတ် ဆူလီမန် အိုမွန်ဒီ ဆိုတဲ့ အကောင်၊ သူ့ အသင်း မန်ချက်စတာ ယူနိုက်တက်ကို ရှုံးလို့ ကြိုးဆွဲချ သေလေရဲ့။ နောက် လာမူး ကမ်းရိုးတမ်းမြို့က အာဆင်နယ် ပရိတ်သတ် တစ်ကောင်၊ မန်ချက်စတာ ပရိတ်သတ် တစ်ယောက်ကို ဓါးနဲ့ ထိုးချလိုက်တာ ပွဲချင်းပြီး။

အခု ကင်ညာက အမျိုးသမီးတွေ ဘောပွဲတွေလည်း အရမ်းချစ်လာကြတယ်။ ကျမက ချဲဆီး ပရိတ်သတ်။ ကျမ လူက လမ်းပတ်။ ကျမ သူငယ်ချင်း မိန်းကလေး အများစုလည်း ချဲဆီး ပဲ။ ချဲဆီး ရှုံးရင် ကျမတို့ချင်း အားပေး နှစ်သိမ့်ရတယ်။ ဒီနှစ် ကျမတို့ ချစ်တဲ့ ချဲဆီး ဖလားရသွားတော့ ကျမတို့ ဘ၀မှာ လူဖြစ်ကျိုးနပ်သွားသလို ပီတိ ဖြစ်ကြရတယ်။ ချဲဆီးက ကျမတို့ဘ၀ကို ယုံကြည်စိတ် အပြည့်ရှိအောင် အောင်ပွဲဆင်ပေးခဲ့တယ်လေ။ ဒီတော့ စာသင်ခန်းတွင်းမှာ လုပ်ငန်းခွင်ထဲမှာ ရင်ကော့ပြီး အလုပ်လုပ်နိုင်ခဲ့ကြတာပေါ့။

အခု ကမ္ဘာ့ဖလားက ကွာတားပြီးကာနီး ဆီမီး အထိ ရောက်လာပြီ။ ကမ္ဘာ့ အကြီးအကျယ်ဆုံး အားကစား ပြိုင်ပွဲကြီး ကျမတို့ တိုက်မှာ ကျင်းပနေတယ်။ ကျမတို့ မိန်းကလေးတွေ ငြင်းခုန်ကြ လောင်းကြတာ ဆူညံနေတာပဲ။ အမျိုးသားတွေလိုတော့ ဟိုဟာကြီးတွေ သိပ်မမှုတ်ပါဘူး။ ဘယ်အသင်းကို အားပေးမလဲ။ အယ်လ်ဂျီးယား၊ ကင်မရွန်း၊ အိုင်ဗရီကိုစ့်၊ ဂါနာ၊ နိုက်ဂျီရီးယားနဲ့ တောင်အာဖရိက။ ဒီနိုင်ငံတွေ အားလုံး တောင်အာဖရိကကို ကိုယ်စားပြုထားတာ မဟုတ်လား။

အမှန်အတိုင်း ဘွင်းဘွင်းပြောရရင် ကျမတို့ အကိုတွေ လိုပါပဲ။ အာဖရိက အသင်းတွေထက် အာဂျင်တီးနား၊ ဘရာဇီး၊ အီတလီ၊ ဂျာမဏီနဲ့ ကိုရွှေ အင်္ဂလန်တို့ကို ပို ဖေးဘရိတ် ဖြစ်ကြတာပေါ့နော်။ ပြိုင်ပွဲစတော့ ကျမက ပြင်သစ်ကို အားပေးပါတယ်။ ကျမချစ်တဲ့ ချယ်ဆီးက နီကိုးလပ်စ် အနလ်ကာ ရှိတယ်လေ။ ဒါပေမဲ့ တောင်အာဖရိက အသင်း ပြင်သစ်ကို နိုင်တော့ ကျမ မပျော်ဘဲ မနေနိုင်ဘူး။ သွေးက စကားပြောသလား မသိဘူး။

၂၀၁၀ ကမ္ဘာ့ ဖလားဟာ အာဖရိက အမျိုးသမီးတွေကို အားပေးတာ၊ ငြင်းခုန်တာ အတင်းတုတ်တာထက် ပိုစေခဲ့တာတော့ အမှန်ပါပဲ။ အရင် အမေရိကမှာ ကျင်းပခဲ့တဲ့ ၁၉၉၄ ကမ္ဘာ့ဖလားက အမေရိကန်တွေ ဘောပွဲ ကြိုက်လာအောင် အများကြီး လုပ်ပေးနိုင်ခဲ့တယ်။ ၁၉၉၆ ခုနှစ် အမေရိကန် ပြည်ထောင်စုမှာ “မေဂျာလိဂ်” ပွဲတွေ ပေါ်ထွန်းအောင် တွန်းပေးနိုင်ခဲ့တယ်။ ၁၉၉၉ ခုနှစ်ကျတော့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲ အမေရိကမှာ အိမ်ရှင်လုပ်၊ ဒုတိယ အကြိမ် ဗိုလ်စွဲပြီး အမေရိကန် အမျိုးသမီး ဘောလုံးတော်လှန်ရေး တစ်ခေတ် ထူထောင် လိုက်တယ်။ နောက် အမေရိကန် အမျိုးသမီးတွေ ကလေးတွေဟာ အခု ဘောကွင်းတွေထဲ လှိမ့်ဆင်း လာကြတယ်။ အလားတူပဲ၊ အခု တောင်အာဖရိက ကမ္ဘာ့ဖလားကလည်း တိုက်တစ်တိုက်လုံးက အမျိုးသမီးတွေရဲ့ ဘောလုံး စိတ်ဝင်စားမှု ပါရာဒိုင်း ရွှေ့မပစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

မကြာခင်က တောင်အာဖရိကရဲ့ ထိပ်တန်း ဘောလုံး အကျော်အမော် အမျိုးသမီး ဒါလုဒါလု အကြောင်း ဖတ်လိုက်ရတော့ ကိုယ့်တိုက်အတွက် ကျမ အတော့်ကို အားတက်မိတယ်။ ဖီဖာက ကမ္ဘာ့ဖလား ဖွင့်ပွဲအတွက် သူ့ကို တရားဝင် ဖိတ်ကြားပြီး အကူအညီ တောင်းခဲ့တယ်လေ။ ဒါလုဒါလု ဟာ အသက်ဆယ်နှစ် သမီးကထဲက ဘောစကန်ခဲ့ပြီး၊ ပရီတိုရီယားမြို့ Tuks FC ကလပ်ရဲ့ အမှတ်တံဆိပ် ဖြစ်နေသူပါ။ ကလပ်အတွက် ဆုဖလား ၃၃ ခု ရအောင် စွမ်းပေးနိုင်တဲ့ အာဃ မိန်းမပေါ့။ လက်ရှိ တက္ကသိုလ်မှာလည်း ပညာသင်နေတယ်။

ကျမတို့ အာဖရိကရဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးအသင်းကို ၁၉၆၀ ခုနှစ်မှာ အနောက် အာဖရိကမှာ စတင်ခဲ့ပါတယ်။ နို့်ပေမဲ့ တိုက်တစ်တိုက်လုံးရဲ့ ဘောကို ဖိုသတ္တ၀ါ တို့ကပဲ လွှမ်းမိုးထားခဲ့တာ။ ဘောပွဲ ပြီးရင် အိမ်မပြန်သေးဘဲ ဘားဆိုင်တွေမှာ ပြောကြဆိုကြ။ မိန်းမသားတွေက လင်တွေရှိရက်နဲ့ မုဆိုးမ ကျနေတာပဲ။  ဘသားချောတို့က ဘောလုံးနဲ့ ညားနေကြတာများ။

အာဖရိက နိုင်ငံရေးနဲ့ ဘောလုံးပွဲတွေမှာ ဖိုသတ္တ၀ါတို့ကပဲ လွှမ်းထားပါတယ်။ ဒီလို လွှမ်းမိုးထားပေမယ့် အာဖရိက အမျိုးသားအသင်း အများစုဟာ အမြဲရုန်းကန်နေရတတ်ပါတယ်။ ကမ္ဘာ့ဖလား ရဖို့ဆို သိပ်ယုံကြည်ချက် ရှိကြတာမျိုး မဟုတ်ဘူး။ ရွက်ကြမ်းရေကျို ဘောအသင်းမျိုး အဆင့်ပဲ ရှိကြသေးတယ်။ တိုက်တစ်တိုက်လုံးမှာ ဘောလုံး ခြစားမှုတွေကလည်း ပြည့်လို့။ အမျိုးသား အသင်းတွေ အောင်မြင်ဖို့ အတွက် စီမံခန့်ခွဲမှုတွေ ငွေရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြရဦးမှာပါ။

ဒါပေမဲ့ အာဖရိက အမျိုးသမီးတွေက အားကစားတိုင်းမှာ ပိုတိုးတက်လာနေပါတယ်။ ဘောလုံး အပါအ၀င် အားကစားတွေမှာ အမျိုးသားမလိုပဲ အမျိုးသမီးနည်းပြနဲ့ မန်နေဂျာနဲ့ ဖြစ်လာနေတယ်။ အမျိုးသမီးတွေ ပညာ ပိုတတ်လာနေတာကြောင့် ကျမတို့ ဘာသာ ကျမတို့ ရှေ့လာမယ့် ကိစ္စ တော်တော်များများမှာ စီမံနိုင်တော့မယ်။ အိမ်ဦးနတ်နေရာ သိပ်ပေးစရာ မလိုတော့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တောင်အာဖရိက ကမ္ဘာ့ဖလားက ကျမတို့ အမျိုးသမီးများအတွက် အားတက်စရာကြီးပါပဲ။ ဘယ်အာဖရိက အသင်းမှ ဆီမီး အဆင့်အထိ မတက်နိုင်ခဲ့ဘူး။ တောင်အာဖရိကကတော့ ပြင်သစ် အသဲကို ခွဲပစ်လိုက်တယ်။ ဒါဟာ သမိုင်းပဲ။ ကမ္ဘာ့ဖလားမှာ ကျမတို့ ကောင်လေးတွေ ရှုံးသွားကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြီးရင် အသက် ၅၀နဲ့ ၈၄ နှစ်အကြား Vakhegula Vakhegula(The Grannies) အဖွားကြီး ကလပ်အသင်း အမေရိကန် ပြည်ထောင်စုက Vetern’s Cup ကို သွားကစားကြလိမ့်မယ်။

တောင်အာဖရိကမှာ ကျမတို့ အမည်းကောင်လေးတွေ မနိုင်ခဲ့ကြပေမဲ့၊ အာဖရိက အမျိုးသမီးကြီးတို့ အသင်းက ကမ္ဘာကို စွမ်းဆောင်ပြပါဦးမယ်။

ရည်ညွှန်း The World Cup and African Women by Juliet Torome

ရဲမြင့်ကျော် ပေးပို့ပါသည်