ရုရှား စန္ဒယားဆရာ ထိုင်းကမ်းခြေတွင် ၁၄နှစ်သားကို အဓမ္မပြုကျင့်

ဗလက်ကာယပြုသူ ရှရုား စန္ဒယားဆရာ

ဆုတံဆိပ်များစွာ ရရှိထားသော ရုရှား နာမည်ကျော် စန္ဒယားဆရာ မစ်ခေးလ် ပလက်နော့ဗ် သည် ထိုင်းနိုင်ငံ ပတ္တရား အပမ်းဖြေ ကမ်းခြေတွင် ၁၄နှစ်အရွယ် ထိုင်းချာတိတ်အား ဗလက်ကာယ ပြုကျင့်မှုကြောင့် အဖမ်းခံရကြောင်း ထိုင်းရဲက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ရုရှား အမျိုးသား သံစုံတီးဝိုင်း၏ ဂီတမှုးနှင့် ဆန္ဒယားဆရာ အသက် ၅၃ နှစ်ရှိ ပလက်နော့ဗ်ကို ဓါတ်ပုံ အထောက်အထားများနှင့်တကွ ဖမ်းဆီးထားခြင်းဖြစ်သည်။ ထိုင်းရဲမှုးကြီး လက်တနင်ကာနယ်လ် အိုဆင် ဆူခန်ခါ က “ကျနော်တို့ ဖမ်းဆီးမိထားတဲ့ ထိုင်းပြည့်တန်ဆာခေါင်း တစ်ယောက်ဆီက သတင်းပေးချက် ရလို့ပါ။ နောက် ကလေး မိဘတွေဆီကလည်း အင်ဖော်မေးရှင်းတွေ ရတယ်။ ကလေးကိုယ်တိုင်နဲ့ အခြား သူ့သူငယ်ချင်းတွေက သက်သေပဲ၊ ဒါပေမယ့် ပလက်နော့ဗ် ကတော့ စွတ်စွဲချက်တွေ ငြင်းနေတုန်းပဲ” ဟု ပြောသည်။

ပလက်နော့ဗ်ကို အာမခံဖြင့် အပြင်ထွက် စားသောက်ဆိုင်များတွင် စားသောက်ခွင့် ပေးထားသည်။  ထိုင်းဘတ်ငွေ ၃၀၀၀၀၀ (  ၅၉၆၅ ပေါင်) ဆောင်ထားသဖြင့် အင်္ဂါနေ့က အပြင်ထွက်ခွင့်ပေးထားပြီး၊ မိမိ တိုင်းပြည်ပြန်ခွင့် တရားရုံးတွင်လျှောက်ထားရမည်။ အကယ်၍ အပြစ်ရှိကြောင်း ထင်ရှားလျှင် ထောင်ဒဏ် အမြင့်ဆုံး နှစ်၂၀ ကျခံရနိုင်သည်။

ရဲက ပြောသည်မှာ ပလက်နော့ဗ်သည် ဘန်ကောက်မှ ကီလိုမီတာ ၁၅၀ (မိုင် ၉၀) ကျော် ဝေးသော တိုးရစ်တို့ အကြိုက်ဆုံး  ပတ္တရား ကမ်းခြေတွင် အိမ်တစ်အိမ်နှင့် စီးပွားရေး လုပ်ငန်းများ ရှိသည်ဟုဆိုသည်။ ပတ္တရား အပမ်းဖြေ ကမ်းခြေမြို့ကလေးမှာ ဗီယနမ် စစ်ပြီးကတည်းက ညဖော်ချွတ်ပွဲများ၊ လိင်ကုန်ကူးမှု လုပ်ငန်းများဖြင့် အနောက်တိုင်းမှ မျက်နှာဖြူတို့ အကြိုက်ဖြစ်နေခဲ့သည်။ အမေရိကန် စစ်အခြေဆိုက်စခန်း ဖွင့်လှစ်ခဲ့ခြင်း ကြောင့်လည်းဖြစ်သည်။

စန္ဒယားဆရာ ပလက်နော့ဗ်သည် ရုရှား သမ္မတ၏ ယဉ်ကျေးမှုဆိုင်ရာ အကြံပေး ဘုတ်အဖွဲ့တွင် ပါဝင်ပြီး၊ ရုရှား အမျိုးသား သံစုံတီးဝိုင်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ၂၀၀၄ နှင့် ၂၀၀၅ တွင် Grammy Award နှစ်ကြိမ်တိုင် ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။

မဲဆောက်ရှိ တိုးရစ် ခရီးသွားလုပ်ငန်းကျွမ်းကျင်သူ တစ်ဦးကလည်း “ ချင်းမိုင်တို့ မဲဆောက်တို့ ပတ္တရား ကမ်းခြေတို့ကို လာကြတဲ့ အဖြူကောင်တွေဟာ ကလေးတွေကို မုန့်ဘိုး  ဘတ်၅၀၊ ၁၀၀ လောက်ပေးပြီး မဟုတ်တာတွေ လုပ်ခိုင်းနေတာ မမြင်ချင် မကြားချင့် အဆုံးပဲ၊ လမ်းပေါ်က ကလေးတွေသာ မေးကြည့်တော့ဗျာ” ဟု သူ့အတွေ့အကြုံကို Freedom News Group သတင်းဌာနကို ပြောပြသည်။

သတင်းကိုးကား၊ Reuters

One thought on “ရုရှား စန္ဒယားဆရာ ထိုင်းကမ်းခြေတွင် ၁၄နှစ်သားကို အဓမ္မပြုကျင့်

  1. မြန်မာပြည်မှာလည်းဒီလိုအဖြစ်မျိုးမရှိဘူးလို့မပြောနိုင်ဘူးနော်၊ တိုးရစ်တွေအသွားများတဲ့နေရာမျိုးမှာ လမ်းပေါ်ကလေလွင့် ကလေးတွေ အသုံးချခံရနိုင်ပါတယ်၊အားလုံးက၀ိုင်းဝန်းပြီးသတိထားစောင့်ကြည့်ပေးကြဘို့လိုပါတယ်၊

Comments are closed.