ဖေဖေနှင့် … ကျွန်မ မှတ်မိသမျှ ၁ မိုးတိမ်တို့ အလှမာယာ

ဒေါက်တာခင်လက်ျာ

ဒီနှစ်နွေကတော့ တော်တော်ပူတယ်လို့ ပြောရမှာပါပဲ။ နွေဆိုတော့ ပူမှာပါလို့ပြောစရာရှိပေမယ့် အခါ တိုင်းနှစ်တွေမှာ သင်္ကြန်မိုးတော့ ရွာစမြဲပါ။ ပူလောင်နေတဲ့ နွေမှာ ဒီလို သင်္ကြန်မိုးကလေး ရွာလိုက်တော့ အပူလျော့သွားပြီး နေရထိုင်ရတာ သက်သာပါတယ်။

ကျွန်မတို့ မြန်မာတွေ သင်္ကြန်မိုးကို ကြိုက်တာက အပူလဲ ပေါ့သွားတဲ့အပြင် ပိတောက်တွေ လှိုင်လှိုင်ပွင့်လို့ပါပဲ။ ကားလမ်းတစ်လျှောက် ခြံတွေထဲမှာ ပိတောက်တွေက မိုးရေလေး ထိလိုက်တာနဲ့ ထိန်နေအောင် ပင်လုံးကျွတ် ပွင့်တော့တာပါပဲလေ။ ဒီနှစ်ခြံထဲက ပိတောက်ပင်ကြီးလဲ တစ်ပင် လုံးဖူးပါသေးတယ်။ နောက်ဆုံးမိုး မရွာတာကြောင့် အဖူးတွေကြွေသွား ခဲ့ပါပြီ။

ကျွန်မတို့ငယ်ငယ်က သင်္ကြန် မိုးရွာတာ ကြိုက်ပေမယ့် ကိုကိုတစ် ယောက်မှာတော့ သင်္ကြန်တွင်းမိုးရွာ ရင် ပွစိပွစိ နဲ့

”ရေကစားရက်က သုံးရက်ပဲ ရှိတာ”

”မိုးရွာတော့ ရေကစားပျက်တယ်”

”ဒီမိုးက သင်္ကြန်ပွဲကိုဖျက်တာပဲ”လို့ ပြောတာကို ပြန်ကြားနေမိ ပါသေးတယ်။

သင်္ကြန်မိုးကို ကြိုက်သူရှိသလို မကြိုက်သူရှိကြပေမယ့်လဲ၊ ဘာပဲဖြစ်ဖြစ် နွေတော်တော်ပူတဲ့ သင်္ကြန် အချိန်မှာတော့ မိုးနည်းနည်းလောက် ရွာလိုက်တယ်ဆိုရင်ပဲ သစ်ပင်ပန်းပင် တွေပေါ်မှာတင်နေတဲ့ ဖုန်အညစ် အကြေးတွေ စင်သွားပြီး စိမ်းစိမ်းစိုစိုနဲ့ လန်းလန်းဆန်းဆန်း ဖြစ်လာတာပါ။ မြက်တွေလဲ စိမ်းသင့်သလောက် စိမ်း ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် လန်းလန်းဆန်းဆန်း စိမ်းစိုနေတာ တွေ့ရတာကြောင့် လူလဲနေရတာ နွေပေမယ့် လန်းဆန်းတာပေါ့။

ဒီနှစ် သင်္ကြန်မိုးမရွာဘူးဆိုလဲ ထားပါတော့။ ကဆုန်ညောင်ရေသွန်း ပွဲကျင်းပတဲ့ ကဆုန်လပြည့်နေ့မှာလဲ မိုးမရွာပြန်ပါဘူး။ ကျွန်မမှတ်မိသ လောက် ကဆုန်ညောင်ရေသွန်းပွဲကို အိမ်က မနက်ဘက်ပဲ သွားတတ်ကြပါတယ်။ ညနေဆိုရင် ရေသွန်းပွဲကို မိုးဖျက်တတ်တယ်လို့ လူကြီးတွေ ပြောလေ့ရှိတာကို ပြန်ကြားမိပါ တယ်။

ဒီနှစ်တော့ သင်္ကြန်မိုးလဲမရွာ။ ညောင်ရေသွန်းပွဲလဲ မိုးမဖျက်ဆိုတော့ ရာသီကပူပြီးရင်း ပူနေတော့တာပါပဲ။ ရာသီပြင်းလွန်းလို့ အသက်ကြီး ဦးလေးတစ်ယောက်ကို ကျွန်မတို့ ညီအစ်မ နှစ်ယောက်သွားကြည့်ကြပါ တယ်။

ကျွန်မတို့ရောက်သွားတော့ ဦးလေးနေထိုင် ကောင်းတာကို တွေ့ရပါတယ်။ ပူလွန်းလို့ ရေသောက်များပြီး အစားအသောက် ပျက်တာကလွဲလို့ ဘာမှမဖြစ်ကြောင်းပြောပါတယ်။ အပူလျော့သွားရင်တော့ ပြန်ပြီးအစား အသောက်ကောင်းမှာလို့လဲ ပြောပါ သေးတယ်။

”ဟုတ်တာပေါ့ ဦးလေး”

”မိုး သုံးလေးနာရီလောက်သာ ပြင်းပြင်းရွာလိုက်ရင်ကောင်းမှာ”လို့ ပြောလိုက်တယ်ဆိုရင်ပဲ။

”ဟဲ့- နင်ကသာ မိုးရွာစေချင်တာ”

”ကောင်းကင်ကို မော့ကြည့် စမ်းပါဦး”

”မိုးရွာဖို့ အရိပ်အယောင် မပြောနဲ့။ ဘာတိမ်မှတောင်မရှိပဲ” လို့ ပြောနေပါတော့တယ်။

ဦးလေးပြောမှ ကျွန်မကောင်း ကင်ကိုမော့ကြည့်မိလိုက်ပါတယ်။ ကောင်းကင်က မည်းညစ်ညစ် အရောင်ပါ။ အပြာရောင် မဟုတ်ဘဲ မီးခိုးရောင်လို ခပ်ညစ်ညစ်ပါ။ ဦးလေး ပြောတာဟုတ်သားပဲ။ ကောင်းကင်မှာ တိမ်တောင်မှမရှိတာ မိုးက ဘယ်လို ရွာမှာလဲနော်။

အဲဒီနေ့က ကောင်းကင်ကိုမော့ ကြည့်လိုက်ရင်းရုတ်တရက်ဆိုသလို ကျွန်မ ဖေဖေ့ကို ကောက်ကာငင်ကာ သတိရမိသွားပါတယ်။

ညနေဘက် ကျွန်မတို့တစ်တွေ ခြံထဲမှာ လေညှင်းခံရင်း ထိုင်တတ်ကြပါတယ်။ အဲဒီလို ထိုင်တဲ့အခါ ဖေဖေက ကျွန်မကို ကောင်းကင်ကို မော့ကြည့်ခိုင်းတတ်ပါတယ်။

အဲဒီတုန်းက ကောင်းကင်ရောင်က အသွေးကြွတဲ့ အပြာရောင် စကိုင်းဘလူး တိမ်ပြာရောင်လို့ ခေါ် ရမှာပါ။ ကောင်းကင်ကပြာနေတဲ့ အပြင် တိမ်တွေကလဲ အလိပ်လိုက် အလိပ်လိုက်ရှိတတ်ပါတယ်။ အခုလို နွေအခါမှာလဲ တိမ်တွေတွေ့ရပါ တယ်။

ကျွန်မကောင်းကင်ပေါ်က တိမ်တွေကြည့်ရတာကိုက အရုပ်လေး တွေကြည့်ရသလိုဖြစ်လာခဲ့ပါတယ်။ ကိုယ်ရဲ့စိတ်အထင်မှာ ရေခရားလေး ဖြစ်သွားလိုက်၊ ခွက်လေးဖြစ်လိုက်၊ ရေလှိုင်းတွေလို အလိပ်လိုက်တက် လာလိုက် ကျသွားလိုက်နဲ့ ပုံသဏ္ဌာန် အမျိုးမျိုးဖြစ်နေတယ်လို့ ထင်မိပါတယ်။

ဖေဖေက ပန်းချီဆွဲရာမှာ တိမ် ဆွဲရတာဟာ အခက်ဆုံးလို့ပြောဖူးပါတယ်။ ဒါကြောင့် တိမ်ကို သူ့သဘာဝအတိုင်း ဆွဲနိုင်ဖို့ တိမ်တွေကို လေ့လာရတယ်။ မိုးအကုန် ဆောင်း ဝင်ချိန်မှာ သေသေချာချာကြည့် တိမ် တွေက အလှဆုံးပဲလို့ ကျွန်မတို့ခြံ ထဲထိုင်ကြရင်း တိမ်တွေရဲ့အလှကို ခံစားနိုင်ဖို့ ဖေဖေက သင်ပေးခဲ့ပါ တယ်။

တကယ်တော့ ဖေဖေပြောပြခဲ့စဉ်က တိမ်တွေရဲ့ သဘာဝအလှဆိုတာ သေသေချာချာ မခံစားမိခဲ့ပါဘူး။ ငယ်ကလဲ ငယ်သေး၊ အတွေ့အကြုံ ကလဲနုသေးဆိုတော့ တိမ်အလှကို အပြည့်ခံစားမှုမရှိခဲ့ပါဘူး။

တိမ်အကြောင်းနဲ့ဆက်ပြီး အိမ် မှာ ဖေဖေပန်းချီ ဆွဲတာကို ပြန်မြင်နေမိပါတယ်။ ဖေဖေက

”ပန်းချီဆွဲတတ် မတတ်ဆိုတာမှာ တိမ်ကအရေးကြီးတယ်။ တိမ်ကလေးတွေ အလိပ်လိုက် အလိပ်လိုက် ဖြစ်အောင်ဆွဲနိုင်ဖို့က အရေးကြီးတာ၊ အဲဒါ ပညာခန်းပဲ”လို့ ပြောလေ့ရှိပါ တယ်။

အဲဒါကို ညီမ ယုက ဘေးက ကြည့်ပြီး မကျေနပ်ပါဘူး။

”ဖေဖေကြီးက ချဲ့တာပဲ၊ တိမ်ဆွဲတာ အခက်ဆုံးမဟုတ်ဘူး၊ အလွယ်ဆုံးပဲ၊ လက်ကလေးကို ဟိုယမ်း၊ ဒီယမ်းနဲ့ ဖြစ်သွားတာပါ၊ မခဲယဉ်းပါဘူး”လို့ ပြောတတ်ပါတယ်။

တစ်နေ့ ဖေဖေက ယုကို

”ဖေဖေ အိမ်လေးဆွဲထားတယ်၊ သမီးက တိမ်တွေထည့်ပေး ပေါ့”လို့ပြောရင်း တိမ်ပုံဆွဲခိုင်းတာ ကိုတွေ့ရတယ်။

ယုလဲ ဆေးရောင်စပ်ပြီး ပန်းချီ ကားပေါ် လက်ဟိုယမ်း ဒီယမ်းနဲ့ တိမ်ပုံဆွဲနေပါတော့တယ်။ ခေါင်း လေးခါလိုက်၊ ဆေးစပ်လိုက်၊ တိမ်ဆွဲလိုက်နဲ့ အလုပ်ရှုပ်နေတော့တာပါပဲ။ နောက်ဆုံး လက်လျှော့လိုက်ပြီး…

”ဖေဖေကြီးပြောတာ မှန်တယ်။ တိမ်ဆွဲတာ ပညာခန်းသိပ်ပါတာပဲ။ လက်ကလေး တောင်လှုပ် မြောက်လှုပ် လုပ်ပေမယ့် ဖေဖေ့တိမ်လို ဖြစ်မလာဘူး”လို့ပြောနေပါတော့တယ်။

ကျွန်မ နိုင်ငံရပ်ခြားထွက် အလုပ်လုပ်ကိုင်တော့မှပဲ ရောက်တဲ့ တိုင်းပြည်၊ ရာသီဥတု အနေအထား ကိုလိုက်ပြီး တိမ်တွေရဲ့ ပြောင်းလွှဲမှုကို မြင်တတ်လာပါတယ်။ ရာသီဥတု သာယာရင် တိမ်တွေက လှနေပါတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင် ညစ်ညမ်းလာတာနဲ့ ကောင်းကင် ကလဲ အရောင်ပြောင်းပြီး တိမ်တွေ လဲပျောက်သွားပါတယ်။

မုန်တိုင်းကျမယ့် အခါဆိုရင် တိမ်တွေက အရောင်ရင့်ပြီး တက်လာတာ ပါ။ ကောင်းကင်ကလဲ အနီရောင် သန်းလာပါတယ်။ ကျွန်မအကြိုက် ဆုံးကတော့ ပေ ၃ဝဝဝ ပေ ၄ဝဝဝ အမြင့်ရှိတဲ့ တောင်တွေပေါ်ရောက်တဲ့ အခါ တိမ်တွေကို နီးနီးကပ်ကပ် မြင်ရလို့ပါပဲ။ နေဝင်ခါနီး ထိုင်ကြည့်နေရတာကိုက မငြီးနိုင်ပါဘူး။

အထူးသဖြင့် အင်မတန်လှပတဲ့ တိမ်တောက်ချိန်ကို အမျိုးမျိုးစာဖွဲ့ ကြသလို၊ ပန်းချီဆရာတွေကလဲ အမျိုးမျိုး လက်စွမ်းပြ ရေးဆွဲကြတာပါ။ ဓာတ်ပုံသမားတွေကလဲ ဒီလှပ ချိန်လေးကို အမိအရ မှတ်တမ်းတင် ရိုက်ထားကြတာကို တွေ့ကြရမှာပါ။

ခုလိုခေတ်မီ ဗီဒီယိုခေတ်ရောက် လာတော့ ကမ္ဘာတစ်ဝန်း နေရာအနှံ့၊ သူ့ရေမြေဒေသ ရာသီဥတုကိုလိုက်ပြီး ဖြစ်ပေါ်လာတဲ့ လှပတဲ့ တိမ်လိပ်တွေ တိမ်ပုံသဏ္ဌာန်အမျိုးမျိုး၊ အရောင် အမျိုးမျိုးနဲ့ လှပနေတဲ့ တိမ်ဆိုင်တိမ် ခဲတွေကို ရိုက်ကြပါတယ်။

ဒီလို သဘာဝ ရှုခင်းမှတ်တမ်း ဗီဒီယိုကိုကြည့်ပြီး ကိုယ့်ဟာကိုယ် ပုံဖော်ပြီး ခံစားလို့ရနေပါပြီ။ ဒီဗီဒီယိုကို ကြည့်ပြီး ကိုယ်တိုင်ကိုယ်ကျ အဲဒီနေရာကို ရောက်သွားသလို ဖြစ်တာကြောင့် ဒီသက်မဲ့တိမ်ကလေးတွေကို ကြည့်ရှုခံစားကြရတာနဲ့ အိမ်ပြင်ထွက် ကိုယ်ခြံထဲမှာ ကုလားထိုင်နဲ့ ထိုင်ပြီး တကယ့်သက်ရှိ လှုပ်ရှားနေတဲ့ တိမ်တွေကိုမော့ကြည့်ရင်း ကြည်နူးရတာလဲ အရသာလေး တမျိုးပါပဲလေ။

မြန်မာ ဈေးကွက်ဂျာနယ်မှ တစ်ဆင့် ကူးယူဖော်ပြပါသည်