၂၀၁၀ အမေရိကန် ပြည်ထောင်စုမှာ နယ်လှည့် ဖျော်ဖြေပွဲ

ရီတာအောင် (အောက်တိုဘာလ ထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ)
မြန်မာပြည်မှ နာမည်ကျော် အဆိုတော် များကို တစ်နှစ်တစ်ခါ အမေရိကန် ပြည်ထောင်စုမှ ဂီတ ၀ါသနာရှင်များက ဖိတ်ကြား ခေါ်ယူကြပါတယ်။

သူတို့ ကျေးဇူးကြောင့်လည်း စာရေးသူတို့ ပြည်ပရောက် မြန်မာတွေ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း ခွဲနေကြရပေမယ့် အဆက်မပြတ် ကြည့်ရှု အားပေးခွင့် ရနေကြတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေက နွေရာသီ စစ်စစ် အခါသမယတွေ ဖြစ်ပါတယ်။ နွေဦးအစမှာကတည်းက အဆိုတော် ရဲလေး ရုပ်ရှင် သရုပ်ဆောင် အဆိုတော် မင်းမော်ကွန်း၊ Lဆိုင်းဇီရေဗက္က၀င်းနဲ့ အဆိုတော် မင်းသမီးလေး ၀ိုင်းစုခိုင်သိန်းတို့ကို ဖိတ်ခေါ်ထားပြီလို့ LAမြို့မှ မသီတာက ပြောပြပါတယ်။ အနုပညာရှင် ငါးဦးနဲ့အတူOvation တေးဂီတ အဖွဲ့ဝိုင်းတော်သား ပက်ထရစ်၊ လီယိုနာ့ဒ်မောင်မောင်လွင်၊ တွတ်ကီ၊ ရဲဘုန်းနဲ့ မန်နေဂျာ စိုးမိုး(မေ)တို့လည်း အတူတူ သြဂုတ်လ ၄ ရက်နေ့တွင် မြန်မာပြည်မှ ထွက်ခွာ လာကြတယ်။ သူတို့အားလုံး နယူးယောက်မြို့ Queen ရပ်ကွက်ရှိ John F. Kennedy လေဆိပ်သို့ ရောက်ရှိလာကြတယ်။ ၂၀၁၀ နယ်လှည့်ဖျော်ဖြေပွဲရဲ့ ပထမဆုံး ပွဲဦးထွက် အဖြစ် နယူးယောက်ပြည်နယ် အထက်ပိုင်း Buffalo မြို့မှာ ကျင်းပ ခဲ့ကြတယ်။ စာရေးသူတို့ ကြည့်ခွင့်ရတာက ဒုတိယပွဲစဉ်ပါ။

နယူးယောက်မြို့La Guardia Performing Art Center မှာ သြဂုတ်လ ၁၄ ရက်နေ့၌ ကျင်းပသွားပါတယ်။ အဲဒီ ခန်းမက ပရိသတ် ၇၄၀ ခန့်ဆံ့ပြီး ပွဲလက်မှတ် များကို ဒေါ်လာ ၃၀၊ ၄၅ ဒေါ်လာ၊ ဒေါ်လာ ၆၀ နဲ့ ၇၅ ဒေါ်လာလို့ သတ်မှတ် ထားပါတယ်။ လက်မှတ်ရောင်းတဲ့ ဌာနများမှ ပြန်ကြား ရသလောက်တော့ ဒေါ်လာ ၃၀ တန်း လက်မှတ်တွေ အစောကြီး ရောင်းကုန်တယ်လို့ ဆိုပါတယ်။ အစီအစဉ်အရ ညနေ ၆ နာရီမှာ ပွဲစတင်မယ်ဆိုလို့ ၅ နာရီခွဲလောက် အရောက် သွားခဲ့ပေမယ့် တကယ်တမ်း ပွဲစတော့ ၆ နာရီ ၃၅ မိနစ်တောင် ရှိနေပါပြီ။ ဒေါ်လာ ၃၀ တန်းနဲ့ ၇၅ ဒေါ်လာတန်းမှာ လူအပြည့် ရှိပေမယ့် ၄၅ ဒေါ်လာနဲ့ ၆၀ တန်းရဲ့ ထောင့်ခုံတွေ ကျန်နေတာ တွေ့ရပါတယ်။

ပွဲစီစဉ်တဲ့ သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုပီတာက မိတ်ဆက်စကား၊ ကျေးဇူးတင်စကား ပြောကြားရာ ယခုပွဲသို့ New Jersey ပြည်နယ်၊ Virginia ပြည်နယ်၊Maryland ပြည်နယ်တို့မှသာမက Canada နိုင်ငံမှပင် လာရောက် အားပေးသူများ ရှိတယ်လို့ ဆိုပါတယ်။ ဂီတပွဲကို ရုပ်ရှင် သရုပ်ဆောင် အဆိုတော် မင်းမော်ကွန်းရဲ့ ဖျော်ဖြေမှုဖြင့် စတင်ပါတယ်။ စာရေးသူတို့ နယူးယောက်မှာ ရုပ်ရှင်၊ ဗွီဒီယိုခွေ အငှားဆိုင်တွေ လေးငါးဆိုင်လောက် ရှိလေတော့ မင်းမော်ကွန်းကို ရုပ်ရှင် သရုပ်ဆောင် အဖြစ် ရင်းနှီး ကျွမ်းဝင်ပြီး ဖြစ်ကြတယ်။

သူက I Love New York စာတန်းပါ အဖြူရောင်တီရှပ် အပေါ် အနက်ရောင် Vest လေး ထပ်ဝတ်ထားပါ တယ်။ ဂျင်းဘောင်းဘီအပြာ၊ ဦးထုပ် အမည်းလေး ၀တ်ဆင်ထားခဲ့တယ်။ သူက “ကျွန်တော်က အိမ်နဲ့ အကြာကြီး တစ်ခါမှ မခွဲဖူးပါဘူး။ ဒီ နယူးယောက် ကိုရောက်တော့ တချို့ဆို ဒီမှာနေတာ သုံး၊ လေးနှစ်ရှိပြီတဲ့။ တချို့ကတော့ ၁၀ နှစ်၊ ၁၅ နှစ်ရှိကြပြီတဲ့လေ။ ကျွန်တော်က အခု ရက်ပိုင်းလေးပဲ ရှိသေးပေ မယ့် အိမ်ကို လွမ်းလှပြီ။ ဒါကြောင့် အမေ့အိမ် ကို ဆိုချင်ပါတယ်” တဲ့။

ထို အမေ့အိမ် အပါအ၀င် သီချင်း လေးပုဒ်ကို ကိုယ်တိုင်ဂစ်တာ လွယ်၍ သီဆိုဖျော်ဖြေ ပေးသွားခဲ့တယ်။ မျက်မှန်မည်းကြီး တပ်ဆင်ထားတဲ့ သူ့ကို ပရိသတ်က “မျက် မှန်ကြီး ချွတ်လိုက်ပါဗျို့”လို့ ၀ိုင်း တောင်းဆိုလေရဲ့။ မြေပဲယို ဆိုဖို့လည်း တိုက်တွန်း ကြပါသေးတယ်။ ဒုတိယ ဖျော်ဖြေမယ့်သူ ဘယ်သူများ ဖြစ်မလဲလို့ မျှော်နေတုန်း၊ ရုတ်တရက် စင်ရှေ့ထွက်လာတာ ရဲလေးပါ။ ရဲလေးကို မြန်မာပြည်မှာ ပရိသတ်တွေ ဘယ်လောက် အားပေးကြတယ်ဆိုတာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကြောင့် သိ ထားပြီးဖြစ်ပေမယ့် နယူးယောက်ပရိ သတ်ရဲ့ အားပေးမှုကို တအံ့တသြတွေ့ ကြရပြန်တယ်။ ရဲလေးအလှည့် ဖျော်ဖြေ တော့မယ် ဆိုတာနဲ့ လူငယ် ပရိသတ်တွေ အော်ဟစ် အားပေးကြတဲ့ နှစ်ထောင်း အားရ၊ ပီတိဖြစ်သံတွေဟာ ဆူညံသွား တာပါပဲ။ အမှန်စကား ပြောရရင် နယူး ယောက်မြို့သား အချင်းချင်း ဒီပွဲ အကြောင်း မေးကြရင် “ရဲလေးရှိုး သွား ကြည့်ဖြစ်လား၊ ရဲလေး ရှိုးလက်မှတ် ၀ယ်ပြီးပြီလား” စသဖြင့် ရဲလေးရှိုးလို့ကို ခေါင်းစဉ် တပ်ထားကြတာပါ။ ပြုံးပြုံး ပြုံးပြုံးနဲ့ ရဲလေးက ပရိသတ်ကြီးကို “ဘယ်သူ့ကို ခေါ်မှာလဲလို့ ကျွန်တော်က မေးလိုက်ရင် ပရိသတ်ကြီးကလည်း အဲဒီအတိုင်း ဘယ်သူ့ကို ခေါ်မှာလဲလို့ ပြန်ဆိုပေးနော်”လို့ ကြိုတင် ပြောပါတယ်။

ရဲလေး လက်တန်း ကောက်စပ်တဲ့ သီချင်းထဲမှာ ဒေါ်လာ ၃၀ တန်းက ပရိသတ်တွေကို အထူးပြုထားလေရဲ့။ မိန်းကလေး အဆိုတော်တွေထဲမှာ စင်ပေါ် အရင်ဆုံး တက်လာတာ ရေဗက္က၀င်း ဖြစ်ပါတယ်။ အရပ်ရှည်တဲ့ ရေဗက္က၀င်းက အနက်ရောက်ကိုယ် ကျပ်ဘောင်းဘီနဲ့ အနီရောင်အင်္ကျီလက်ပြတ်ကို ၀တ်ဆင် ထားပါတယ်။ အင်္ကျီ ရင်ဘတ်ပေါ်မှာ အနက်ရောက် ဖဲကြိုးစများ တလွင့်လွင့်ဖြစ်အောင် ဒီဇိုင်း ဆင်ထားပြီး အနီရဲရဲ ဟိုက်ဟီးလေးနဲ့ ရေဗက္ကက Honey အပါအ၀င် သီချင်းငါးပုဒ် ဖျော်ဖြေခဲ့တယ်။ သူမရဲ့သီချင်းတွေက နယူးယောက် ပရိသတ်နားနဲ့ သိပ်ရင်းနှီးပုံ မရပါဘူး။ ဒါပေမယ့် ပရိသတ်က ချစ်စရာကောင်းတဲ့ သူမကို ဆုတော်ငွေများစွာ ချီးမြှင့်ကြပါတယ်။

Lဆိုင်းဇီကတော့ သူ့ရဲ့ လူသိများ၊ အောင်မြင်လှတဲ့ မိုးရာသီထဲ သီချင်းလေးနဲ့ စတင်ပါတယ်။ ဆိုင်းဇီက အနက်ရောင် ကိုယ်ကျပ်ဝတ်စုံလေး ၀တ်ဆင်ထားတယ်။ ဆိုင်းဇီအဖို့ မကြာသေးခင်ကမှ ဝေခွဲ မရပါလား တစ်ကိုယ်တော် တေးစီးရီး အသစ် ထွက်ခဲ့ပေမယ့် အတွဲခွေများစွာမှာ အောင်မြင်ပြီးသား ဖြစ်နေသူပါ။ ဒါကြောင့်လည်း နယူးယောက် ပရိသတ်က သူမရဲ့တေးသီချင်းတွေကို ဆိုင်းဇီနဲ့ အတူ လိုက်ဆိုနိုင်ကြတယ်။ ဆိုင်းဇီကလည်း ၀ိုင်းဆိုကြပါဦး၊ ဒါမှ အားရှိမှာလို့ တောင်းဆိုတော့ ပရိသတ်ကလည်း နှစ်ခါ မပြောရပါဘူး။ ပရိသတ်ထဲကို သူမက ဆင်းချလာပြီး နောက်ဆုံး တန်းအထိ အရေးတယူ သွားနှုတ်ပါတယ်။ ဆိုင်းဇီနဲ့ ဓာတ်ပုံ တွဲရိုက်လိုတဲ့ ပရိသတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့ လုံခြုံရေး တာဝန် ယူထားသူတွေလည်း အလုပ်ရှုပ် သွားပါတယ်။ စာရေးသူ သတိထား မိသလောက် ဒီပွဲစဉ်မှာ အခြား ပွဲတွေထက် လုံခြုံရေး တင်းကျပ် နေပါတယ်။ လာဂွာဒီယာ ကောလိပ်မှ လုံခြုံရေး ကပ္ပလီတွေ အများကြီး ဖြစ်နေတဲ့ အပြင် လက်နက်အပြည့်အစုံနဲ့ ရဲအရာရှိ လူဖြူတွေလည်း တွေ့ရပါတယ်။

မီးခိုးရောင် ကိုယ်ကျပ်အင်္ကျီ၊ လည်သာ ဘောင်းဘီကို ၀တ်ဆင်ထားတဲ့ ၀ိုင်းစု ခိုင်သိန်း အလှည့်မှာ ရုပ်ရှင် ဗွီဒီယို အများအပြားမှာ သရုပ်ဆောင် ထားသူမို့ ပရိသတ်က မင်းမော်ကွန်းလိုပဲ တရင်းတနှီး ဖြစ်နေကြပြန်တယ်။ မီးခိုးရောင် အင်္ကျီရဲ့ အနား သတ်ကို အနက်ရောင် ဇာစကလေးတွေ၊ ငွေရောင်တလက်လက် ချိန်းကြိုးလေးတွေနဲ့ အလှ ဆင်ထားတာမို့ ထူးထူးခြားခြား တစ်မျိုးလေး ကြည့်ကောင်းနေပါတယ်။ ၀ိုင်းစုက မက်လောက်စရာ၊ ကမ်းခြေ၊ လမ်းမကြီးရဲ့ဘေး စတဲ့ သီချင်းများနဲ့ ဖျော်ဖြေ သွားပါတယ်။ ပြုံးချိုနေတဲ့ ၀ိုင်းစုက စင်ပေါ်ကနေ “၀ိုင်းစုတစ်ယောက်တည်း မေမေ မပါဘဲ တစ်ခါမှ ခရီးမထွက်ဖူးပါဘူး။ ဒါပေမယ့် အခု ပရိသတ်ကြီးက အခုလိုအား ပေးတော့ အရမ်း အားရှိသွားတယ်။ အရမ်းလည်းဝမ်းသာမိတယ်။ ကျေးဇူးတင်လွန်းလို့ ပရိသတ်ကြီးကို အာဘွားနော်။ ၀ိုင်းစု နောက်တစ်ခါ ထွက်လာဦးမှာ။ အားပေးပါ ဦးနော်” လို့ ပြောသွားပါတယ်။

ခေတ္တ အားလပ်ချိန် အဖြစ် ၈ နာရီ ၁၅ မိနစ်မှာ ၁၅ မိနစ်ခန့် အနားပေးပါ တယ်။ ပရိသတ်ထဲမှာ အဆိုတော်မေဆွိ နဲ့ ခင်ပွန်း Andrew တို့လည်း ပွဲလာ ကြည့်ပါတယ်။ မဆွေက ပရိသတ်တွေနဲ့ အတူ ဆုံတွေ့ခွင့်ရတဲ့ အခါမှာရော၊Facebook မှာပါ အမြဲတစေ ရင်းရင်းနှီး နှီး၊ ပွင့်ပွင့်လင်းလင်း နေတတ်သူ အနု ပညာရှင် တစ်ဦးပါ။ ဒါကြောင့်လည်း သူ့ကို လူချစ်လူခင် ပေါများပြီး ဒီကနေ့ အထိ အောင်မြင်စွာ ရပ်တည်နိုင်တဲ့ သူ ပါ။ အားလပ်ချိန်မှာ မဆွေနဲ့ ဓာတ်ပုံတွဲ ရိုက်ချင်တဲ့ ပရိသတ်တွေ သူ့အနားမှာ ၀ိုင်းဝိုင်း လည်နေပါတယ်။

ဒုတိယပိုင်းမှာ ရဲလေး ပထမဆုံး စင်ပေါ် တက်လာတယ်။ စင်ပေါ်ကနေ ရဲလေးကိုယ်တိုင် သီချင်း စဆိုနေပေမယ့် တချို့က ခုံနေရာတွေဆီ ၀င်မလာကြ သေးပါဘူး။ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာတဲ့ မိတ်ဆွေတွေလည်း ဒီလိုပွဲမျိုးကျမှ ပြန်တွေ့ကြရတာကိုး။ စကားတွေ ပြောမကုန်ဖြစ်နေတော့ ရဲ လေးက သီချင်းဆိုနေရင်းကနေ“ ပြန်ဝင် လာကြပါတော့၊ ၀င်လာကြပါ” လို့ အော်ခေါ်ယူရလေရဲ့။ ရဲလေးက သူ့ရဲ့Hip Hop သီချင်းများစွာနဲ့ ဖျော်ဖြေရင်း ပရိသတ် တစ်ယောက်ဖြစ်တဲ့ မသိင်္ဂီအေး ကို စင်ပေါ်သို့ ဖိတ်ခေါ်ကာ စုံတွဲတေး သီဆိုပြန်တယ်။ စင်ပေါ်ရောက်သွားတဲ့ မသိင်္ဂီအေးကလည်း ရဲလေးနဲ့ အပေး အယူမျှစွာ အပီအပြင် ဆိုပြနိုင်ခဲ့တယ်။ ရဲလေးက သူမအား တီရှပ်တစ်ထည် လက်ဆောင် ပေးပါတယ်။ ဒါ့အပြင် နှစ် ထပ်ဝတ်ထားတဲ့ ရဲလေးက အပေါ်မှတီ ရှပ်ကို ချွတ်၍ ပရိသတ်ထဲ ပစ်ပေးခဲ့ တယ်။ စွပ်ကျယ် လက်ပြတ်ကလေးသာ ကျန်တော့တဲ့ ရဲလေးက သီချင်းအဆုံး မှာ ထိုစွပ်ကျယ်ကိုပါ ရင်ဘတ်မှ ဆွဲဖြဲ လိုက်တော့ စင်ပေါ်မှာ မောင်ရဲလေး တစ်ယောက် ရှိစုမဲ့စု ဗလတွေ ထုတ်ပြ နေတာကို ပရိသတ်က သဘောတွေ ကျနေတာပါပဲ။ ရဲလေး စင်ပေါ်ကထွက် သွားတော့ သူ့အမာခံ ပရိသတ်တွေက တကယ် ထပြန်ကြတာပါ။ စာရေးသူက “ဟဲ့… ပွဲမပြီးသေးဘူးလေ” လို့ ပြောတာကိုတောင် “ရဲလေးကိုပဲ လာကြည့် တာ၊ အခု ရဲလေးပြီးပြီပဲ၊ ပြန်တော့မယ်” လို့ ပြောသွားကြတာပါ။

ရေဗက္က၀င်းက ဒုတိယပိုင်းမှာ ၀တ်ဆင် လာတာက အသားရောင် အင်္ကျီလေးနဲ့ အညိုရင့်ရောင် ကိုယ်ကျပ်ဘောင်း ဘီလေးဖြစ်တယ်။ သူမ သီဆိုသွားတဲ့ အထဲမှာ အချစ်ဆုံးမို့ ပြောပြချင်ပါတယ်နဲ့ ပွမ်ပွမ်မြည်တဲ့ ကားလေး သီချင်းတွေ ကိုတော့ နယူးယောက် ပရိသတ်က လိုက်ဆိုနိုင်ကြတယ်။ သီချင်းဆိုရင်း ပရိသတ်ထဲကို ဆင်းလာတဲ့ သူမနဲ့ ဓာတ်ပုံ ရိုက်ချင်တဲ့ ပရိသတ် အတွက် ရေဗက္ကက လိုလိုလားလား ခွင့်ပြုပါတယ်။ ဒါပေမယ့် ပခုံးပေါ် လက်တင်တဲ့ အနေအထားမျိုး၊ လက်ကို ကိုင်တာမျိုးကတော့ လုံးဝ လက်မခံပါဘူး။

Lဆိုင်းဇီက ဒီတစ်ခါ နက်ပြာရောင် အင်္ကျီ လက်ပြတ်လေးနဲ့ ဘောင်းဘီရှည် တွဲဖက် ၀တ်ဆင်ထားတယ်။ အင်္ကျီ အနားမှာရော၊ ဘောင်းဘီအနားမှာပါ ကချင်ရိုးရာ မနောတိုင်အဆင်လေး ထိုး ထားတာမို့ အမြင်ဆန်းသစ်ပါတယ်။ မလွမ်းရဲသေးဘူး၊ သူမအဒေါ်ရဲ့ နာမည်ကြီး တေးတစ်ပုဒ်ဖြစ်တဲ့ ပင်စင် ယူပါဦး စတဲ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့တယ်။ ဆိုင်းဇီက “ပရိသတ်တွေ ဒီလောက် အများကြီး လာအားပေးမယ်လို့ ထင်မထားဘူး။ အခုလို အများကြီးလာအား ပေးတာ တွေ့ရတော့ အရမ်း ပျော်တာပဲ” လို့ ပြောခဲ့ပါတယ်။

ခရမ်းရင့်ရောင် ချိတ်အဆင်ကို လက်ပြတ်ဂါဝန်လေး ချုပ်ဝတ်ထားတဲ့ ၀ိုင်းစုတစ်ယောက် စင်ပေါ်ကို ဒုတိယ အကြိမ်တက်လာတော့ ချစ်ခဲ့တာလား၊ ရူးခဲ့တာလား၊ သန့်ရှင်းတဲ့အချစ်၊ အပြစ် မမြင် စတဲ့သီချင်းတွေနဲ့ ဖျော်ဖြေပါ တယ်။ နောက်ဆုံးသီချင်း တစ်ပုဒ်ကို တော့ မင်းမော်ကွန်းပါ ထွက်လာပြီး စုံတွဲ သီဆိုပေးလေရဲ့။ ၀ိုင်းစုက စင်ပေါ်မှ ထွက်မသွားခင် “အားပေးတဲ့ နယူးယောက် ပရိသတ်ကြီးကို အရမ်း ကျေးဇူးတင်ပါ တယ်။ ဒါကြောင့် ၀ိုင်းစုက ပရိသတ်ကြီးကို တစ်ယောက် မကျန် အာဘွား”လို့ နှုတ်ဆက်ရာ အားလုံးက အလွန် သဘောကျကြတယ်။

စင်ပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ မင်းမော်ကွန်းက “ကဲ… ပရိသတ် ကြီးရေ လူတချို့က ကျွန်တော့်ကို သီချင်း ဆက်မဆိုနဲ့တဲ့။ အဲဒီတော့ ကျွန်တော်က ဆက်ဆိုရမှာလား၊ မဆိုရဘူးလား ပရိသတ်ကြီးက ပြောပါ”လို့ မေးပါတယ်။ အဆိုတော်တွေ သီချင်းဆိုတာ နားထောင်ချင်လို့ လာကြတဲ့သူတွေချည်းမို့ ပရိသတ် အားလုံးက “ဆိုပါ ဆိုပါ”လို့ အားပေး ထောက်ခံပါတယ်။ မင်းမော်ကွန်းက မင်းပေး တဲ့ကမ္ဘာ၊ စီးရီးအသစ် အရုပ်ဆိုင် တို့ဆိုပေးရင်း ပရိသတ်ထဲ ဆင်းလာပါတယ်။ ပရိသတ်ကြားထဲမှာ ထိုင်ကြည့်နေတဲ့ မေဆွိဆီကို သွားပြီး ပွေ့ဖက် နှုတ်ဆက်ပါတယ်။ သူ့ ကိုချစ်တဲ့ ပရိသတ်တွေနဲ့ သီချင်းဆိုရင်း တန်းလန်းကနေ ဓာတ်ပုံတွဲ အရိုက်ခံပေး သလို ပရိသတ်တွေ ထိုင်နေတဲ့ ထိုင်ခုံကြားထဲ တိုးဝင်၊ ခုံတစ်လုံးမှာ ၀င်ထိုင်ပြီးတော့ကို သီချင်းတွေ ဆက်တိုက် ဆိုပေးသွားပါတယ်။ မူကြို သီချင်းကို ဆိုတော့ သူငယ်ချင်း ရဲလေးကပါ ပြန်ထွက်လာပြီး နှစ်ယောက်ပေါင်း ဖျော်ဖြေ သွားလေရဲ့။

ယခု နယူးယောက်ပွဲ အပြီးမှာ တတိယပွဲစဉ် အဖြစ် North Carolina ပြည်နယ်မှာ စီစဉ် ထားပါတယ်။LA မြို့ရဲ့ပွဲကို စက်တင်ဘာလ ၁၁ ရက်မှာ ရက်သတ်မှတ် ထားပြီး နောက်ထပ်ပွဲ ပေါင်း ၁၃ ပွဲ လက်ခံထားပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့မှာ နယူးယောက် ပြန်ရောက်မယ်လို့ သတင်း ရထားပြီး မောင်ရဲလေးကို ထမင်းကျွေး ချင်တဲ့ ကောင်မလေးတွေ တစ်ပုံကြီး ဖြစ်နေပါတယ်။ ကလေးနှစ်ယောက် အဖေ မင်းမော်ကွန်းနဲ့ ယှဉ်ရင်တော့ ရဲလေးက လူပျိုလေး ဆိုတော့ ချာတိတ်မလေးတွေ သည်းသည်း လှုပ်နေတာ အမှန်ပါ။ ရဲလေး ကိုင်ဆောင်ထားတဲ့ Cell Phone ကိုလည်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သတင်း ရသွားပြီး တယ်လီဖုန်းတွေ မရပ်မနား ခေါ်ကြလွန်းလို့ ကိုလူပျို ရဲလေးတစ်ယောက် ကမန်းကတန်း ဖုန်းနံပါတ် အသစ်တောင် လဲပစ်လိုက်ရတဲ့ အထိ ပါပဲ။ အဲဒီဖုန်းနံပါတ် အသစ် စာရေးသူ ရထားတယ်။ ပရိသတ်ကြီးကို ပြောပြလို့ မဖြစ်ဘူးနော်။ တော်ကြာ ရဲလေး နောက်ထပ် ဖုန်းနံပါတ် အသစ် ပြောင်းနေရမှာ စိုးလို့ပါ။

ရီတာအောင်(NY)
(ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)