ရဲမြင့်ကျော်၊ ၊ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အ ရှေ့အလယ်ပိုင်းမှာ ဆက်တိုက် နိုင်ငံ ရေး ငလျှင်ကြီးနှစ်ခု ၀င်ဆောင့်သွား သည်။ နှစ်ခုစလုံးက အဲဒီဒေသ အမေရိကန် နိုင်ငံရေး ပေါ်လစီကိုပါ လှုပ်ခါရမ်းပစ်လိုက်သည်။တစ်ခုက အယ်လ်ဂျာဇီးယား ရုပ်သံမှ အစ္စရေး ပါလက်စတိုင်း ဆွေးနွေးခဲ့သမျှနဲ့ဆိုင်တဲ့ အငြင်းပွားဖွယ် လျှို့ဝှက် ‘ပါလက်စတိုင်း မှတ်တမ်း’ (Palestinian Papers) ၁၆၈၄ ဖိုင်ကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်။ နောက်တစ်ခုက အီဂျစ်တစ်နိုင်ငံလုံး လမ်းပေါ်ထွက်ပြီး သမ္မတဟို့စ်နီမူ ဘာရခ် ရဲ့ နှစ် ၃၀ ကျော် အာဏာချုပ်ကိုင်မှု အဆုံးသတ်ရေး တောင်းဆိုမှုများ ဖြစ်သည်။
အချိန်ကိုက်ပေါ်ထွက်လာတဲ့ ဒီဖြစ်ရပ်နှစ်ခုစလုံးမှာ ဆက်စပ်မှုတွေ ရှိနေသည်။ ‘ပါလက်စတိုင်း ပေပါတွေ’ ထဲမှာ အီဂျစ်နဲ့ ပတ်သက်တာတွေ ဖြေချထားတာ ပါဝင်နေသည်။ အာရပ်-အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ အရှေ့အလယ်ပိုင်း ဒီမိုကရေစီ အပြောင်းအလဲအပေါ် အမေရိကန်အစိုးရဲ့ မရိုးမသား ပြောဆိုလုပ်ကိုင်မှုတွေကို အထောက်အထားနဲ့ မိလိုက်ခြင်း ဖြစ်သည်။
‘ပါလက်စတိုင်း ပေပါတွေ’ ထဲမှာ အစ္စရေးရဲ့ နယ်မြေတိုးချဲ့မှု အဆုံးသပ်ပေးဖို့ ပါလက်စတိုင်းတွေက အမျိုးမျိုးအသနားခံ အထပ်ထပ်တောင်းပန်မှုတွေရှိပေမဲ့၊ အမေရိကန် သံတမန်တွေက အဲဒီ့ကိစ္စ စကားဝိုင်းထဲကနေ ဖယ်ထားဖို့ ပြောထားတာ တွေ့ရသည်။ ပါလက်စတိုင်းတွေရဲ့ လိုအပ်ချက်ကို စောင်းငဲ့မကြည့်ဘဲ အစ္စရေးနဲ့ နှစ်ပေါက်တစ်ပေါက် ရိုက်ဖို့ အကွက် ဆင် ပြောဆိုချက်တွေ ပါရှိနေသည်။
အယ်လ်ဂျာဇီးယားက နေ့စဉ်ရက်ဆက် ဖောက်ချတဲ့ လျှို့ဝှက်မှတ်တမ်း ၁၆၈၄ ခုထဲတွင် အရှေ့အလယ်ပိုင်း အစည်းအဝေး တွေ့ဆုံမှု မှတ်တမ်း ၂၇၅ ခု၊ လျှို့ဝှက်အီးမေးလ် ၆၉၀၊ ရီပို့ ၁၅၃ ခု၊ စကားပြောမှတ်စု ၁၃၄၊ စာချုပ် ၆၄ ခု၊ မြေပုံ ဂရပ် ၅၄ နဲ့ စက္ကူမဟုတ်တဲ့ မှတ်တမ်း ၅၁ ခု ပါဝင်သည်။ အမေရိကန် သံတမန်ရေးအတွက် ၀ီကီလိခ် အပြီး၊ ဒုတိယအကြိမ် အရှက်လုံး ထပ်ကွဲသွားရခြင်း ဖြစ်သည်။
နောက် အီဂျစ်က အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးနိုင်ငံ။ အရှေ့အလယ်ပိုင်း တခွင်တပြင်လုံး အပြောင်းအလဲအတွက် အရေးပါတဲ့ နေရာမှာ အီဂျစ် ရှိနေသည်။ အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေးပွဲတွေမှာ အဓိက ကီးပလေယာက အီဂျစ် ဖြစ်သည်။ အခု အီဂျစ်လူထုရဲ့ ဆန္ဒပြမှုတွေက အရှေ့အလယ်ပိုင်းရော၊ အာရှ အာဖရိက ဒီမိုကရက်တစ် စိတ်ဓါတ် နိုးကြားမှု အထုံကူးဖို့ ပင်မစုံချက်တစ်ခုလို ဖြစ်လာနေသည်။
၂၀၀၉ ဇွန်လ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ချွေခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ နာမည်ကျော် ‘ကိုင်ရိုမိန့်ခွန်း’ ကို အားလုံး အမှတ်ရနေကြဦးမည်။ လူထုဆန္ဒကို ရောင်ပြန်ဟပ်တဲ့ အစိုးရကိုသာ ထောက်ခံကြဖို့၊ အာရပ်-အစ္စရေး ငြိမ်းချမ်းရေး ဖက်တွယ်ကြဖို့ ဆော်ဩသွားတာတွေ။ အရှေ့အလယ်ပိုင်း မူဆလင်တွေတင်မက တစ်ကမ္ဘာလုံးက လူထုတွေအတွက်ပါ အားတက်စရာတွေ တစ်ဝကြီး ပြောသွားသည်။
ဒါပေမဲ့ အိုဘားမား အစိုးရ နှစ်နှစ်သက်တမ်းအတွင်းမှာ ကိုင်ရို မိန့်ခွန်းအပါအ၀င် သူလေလုံးထွား ချွေခဲ့တဲ့ ဩ၀ါဒတွေနဲ့ လက်တွေ့ လုပ်ဆောင်ပြမှုက ပြဒါးတလမ်းသံတလမ်း ဖြစ်နေသည်။ အခု အီဂျစ် ဆန္ဒပြပွဲမှာ အရှက်မရှိတဲ့ ရုပ်လုံးက ပေါ်လာသည်။ တူနီရှား တော်လှန်ရေးဘီးကနေ စလိမ့်လာတဲ့ အီဂျစ်ရဲ့ မကြုံစဖူး သိန်းသန်းချီ ဆန္ဒပြပွဲအပေါ် လူထုဘက်က မနေဘဲ၊ မူဘာရခ် ဘက်က ရပ်ပေးနေသည်။ အိုဘားမား အစိုးရက အီဂျစ်ရဲ့ လတ်တလော ဖြစ်ရပ်တွေအပေါ် စိုးရိမ်မိကြောင်းသာ မပြောမကောင်းလို့ ပြောသည်။ လူထုအတွက် စိုးရိမ်တာလား၊ အမေရိကန် ကျားကန်ပေးထားတဲ့ အီဂျစ်နဲ့ တူနီရှား အာဏာရှင်တွေ ပြုတ်ကျကုန်မှာ စိုးရိမ်တာလား မေးစရာ ဖြစ်နေသည်။ တကယ်လည်း သူတို့မွေးထားတဲ့ သက်တမ်းရင့် အရိုးရင့် အာဏာရှင်များပင် ဖြစ်သည်။
ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ စိတ်ဓါတ်ကို ဆန္ဒပြနေတဲ့ အာရပ်လူထုက နောကြေထားပြီးသား။ ယခု အီဂျစ် ဆန္ဒပြပွဲကို ထောက်ခံမှုနဲ့ ၂၀၀၉ အီရန်လူထုရဲ့ ဆန္ဒပြပွဲအပေါ် အမေရိကန် ထောက်ခံမှု ကွာခြားချက်ရှိတာ မြင်နေကြသည်။ အီရန် သမ္မတ မိုဟာမဒ် အမာဒီနီဂျဒ် ဖြုတ်ချရေး ဆန္ဒပြကြတော့ အမေရိကန် အစိုးရမှာ အူလှိုက်အသဲလှိုက် ဖြစ်နေသည်။ တော်လှန်ရေးမအောင်မြင်တာကိုပဲ တသသ စုတ်သတ်နေသည်။ သူ မလိုချင်သူကျ တစ်မျိုး၊ လိုချင်သူကျ တစ်မျိုး။
အမှန်တော့ အာရပ်ကမ္ဘာမှာ ဒီမိုကရေစီ ပေါ်ထွန်းဖို့ အာရပ်လူထုက အမေရိကန်ထက် ပိုဆန္ဒပြင်းပြပါသည်။ ဒါကြောင့်မို့ အာရပ်-အစ္စရေး ပဋိပက္ခ ပြေလည်ဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရက်တစ် အပြောင်းအလဲတွေ ဖြစ်လာဖို့ အရှေ့အလယ်ပိုင်း တစ်ခွင်လုံး တောင်းဆိုလာကြတာ ဖြစ်သည်။ တကယ်လို့ အဲဒီနှစ်ခုလုံး မအောင်မမြင် တိမ်းပါးသွားခဲ့ရင် အဲဒီဒေသတွေမှာ အမေရိကန် ဆန့်ကျင်ရေး စိတ်တွေ ပိုအားကောင်းလာမည်။ အာရပ်ကမ္ဘာနဲ့ အဲဒီနယ်နမိတ်ကို ကျော်လွန်ပြီး အစွန်းရောက်ဝါဒတွေ ပိုထောင်ထွက်လာဦးမည်။
မှားမှားမှန်မှန် အာရပ်ဒေသရှိ မူဆလင်နဲ့ ခရစ်ယာန် အားလုံးနီးပါးက သူတို့ဒေသ အပြောင်းအလဲမှာ အဓိက အဟန့် အတားဖြစ်နေတာက အမေရိကန် လို့ မြင်ထားသည်။ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို တစ်ဖက်က တွင်တွင်အော်ရင်း အမေရိကန်ရဲ့ အကျိုးစီးပွားပေါ်လစီတွေက အာရပ်လူထုရဲ့ ဒီမိုကရက်တစ် ၀ိညာဉ်ကို သင်းကွပ်ထားသည်။ အာရပ် လူထုထက် မူဘာရခ် တို့လို အာဏာရှင်တွေကို အမေရိကန်အစိုးရ အဆက်ဆက် သိပ်ချစ်သည်။
ယခု အီဂျစ် ဖြစ်ရပ်တွင် အိုဘားမား အစိုးရရဲ့ အရှေ့အလယ်ပိုင်းအတွက် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကတိက၀တ်တွေ ပျက်ကုန်တာ ထင်ရှားသည်။ မူဘာရခ် နှုတ်ထွက်ပေးဖို့ တစ်ခွန်းမပြော။ အီးယူကလည်း မူဘာရခ်က အာဏာရှင် မဟုတ်ဘူးလို့ သူတို့ အချစ်တော်ကြီးကို ကာကွယ်နေရသည်။
မကြာခင်က Brookings အင်စတီကျူ့ စစ်တမ်းတစ်ခုအရ အာရပ် လူထုက အိုဘားမားအစိုးရရဲ့ အရှေ့အလယ်ပိုင်းအရေး ကိုင်တွယ်မှုအပေါ် ၂၀၀၉ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်း အယုံအကြည် မရှိရာက၊ ၂၀၁၀ မှာ ၆၇ ရာခိုင်နှုန်းအထိ အယုံအကြည်ကင်းမဲ့မှု တက်လာတယ်ဟု ဆိုသည်။ အထူးသဖြင့် အာရပ်အစ္စရေး ပဋိပက္ခဖြေရှင်းမှုအပေါ် လုံးဝ အယုံအကြည်မရှိကြောင်း ခြေလှမ်းတွေမှားနေကြောင်း ဖော်ပြကြသည်။
လတ်တလော ဆန္ဒပြပွဲတွေကြောင့် မူဘာရခ်နဲ့ အခြား အမေရိကန် နောက်ခံပေးထားတဲ့ အာရပ်ခေါင်းဆောင်တွေ အကုန်ပြုတ်ကျနိုင်မလားဆိုတာ အပြောစောနေဦးမည်။ သို့သော် သေချာတာက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး အမေရိကန်အပေါ် လုံးဝလုံးဝ မယုံကြည်မှုကတော့ ပိုမြင့်လာနေသည်။ အိုဘားမားအစိုးရအနေနဲ့ အမေရိကန်အစိုးရ အဆက်ဆက် မှားခဲ့တဲ့ အရှေ့အလယ်ပိုင်း မူဝါဒအမှား၊ သမိုင်းအမှားတွေထဲနေ လမ်းခွဲထွက်ဖို့ လိုနေပြီ။ အမေရိကန်ရဲ့ ရေရှည်အကျိုးစီးပွားက မူဘာရခ် တို့ဘက်မှာ မရှိ။ အာရပ်လူထုရဲ့ ဒီမိုကရေစီ တောင်းဆိုမှုတွေထဲမှာသာ ရှိသည်။
စစ်အေးခေတ်မှာ သမ္မတ ဂျွန်ဆင်က အရှေ့အလယ်ပိုင်းက အာဏာရှင်တွေကို မွေးရင်း “သူတို့က ခွေးမသားတော့ ခွေးမသားပဲ၊ ဒါပေမဲ့ ငါတို့ ခွေးမသား” (They may be sons-of-bitches, but our sons-of-bitches) ဟု ပြောပြီး ခွေးမွေးထားခဲ့သည်။ ယခု အရှေ့အလယ်ပိုင်းတွင် ပျော်ပျော်ပါးပါး ခွေးသားဟင်း ချက်စားဖို့ အချိန်တန်ပြီ။
ရဲမြင့်ကျော်
ရည်ညွှန်း။
Is U.S. on the side of Mideast democracy? By Khaled Elgindy
CNN & Al Jazeera News
Related Articles
- Is U.S. on the side of Mideast democracy? (cnn.com)
- Palestinian leaders are the target of al-Jazeera leak (theglobeandmail.com)
- Guardian, Al-Jazeera ‘misquoted’ Palestine Papers (thejc.com)
- The Al Jazeera moment (economist.com)
- Report: Palestinians agreed to give up most of East Jerusalem – CNN International (news.google.com)
- Al-Jazeera leak spurs Abbas supporters (cbc.ca)
- Al Jazeera Launches Wikileaks Spinoff: The Palestine Papers (thenextweb.com)
- Leaks make Mideast situation ‘more difficult’: US (alternet.org)
- Report: Palestinians agreed to give up most of East Jerusalem (cnn.com)
- Thousands Protest In Gaza Over Leaked Papers (huffingtonpost.com)

ဟီး။ ဦးဘောဂ မှန်တာတွေ သိပ်မပြောနဲ့ဗျာ။ အသည်းခိုက်ကုန်အုံးမယ်။
ဆောင်းပါးကောင်းပါတယ်။ ` ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်သည် ´ ဆိုတဲ့စကားကြောင့်သာ အမေရိကန်နဲ့ ဥပရောကို ဆရာတင်နေရပေမယ့် သူတို့ဟာလည်း ကိုယ်ကျိုးစီးပွားအတွက်ကြောင့်သာ အားတက်သရောကူညီနေတာဖြစ်ကြောင်း မြန်မာပြည် အတိုက်အခံတွေအနေနဲ့လည်း သတိမပြတ်ဖို့လိုပါတယ်။ သန်းရွှေနဲ့ နအဖ ရဲ့ မယားပါသားတွေလို့ လက်ညိုးထိုးနေကြတဲ့အထဲမှာ အနောက်ရဲ့ မယားပါသားတွေလည်း ပါနေမှာ အမှန်ပါ။ ဘာပဲပြောပြော တစ်ယူသန် မွတ်စလင်ဗိုလ်ချုပ်တွေကို စည်းရုံးနိုင်ခဲ့တဲ့ အီဂျစ်နိုင်ငံသားတွေကို ချီးကျူးရမှာပါ။ မြန်မာအယူသည်း အတိုက်အခံများ အတုယူသင့်ပါတယ်။
တရုပ်ကြီးကလဲ … They may be sons-of-bitches, but our sons-of-bitches လို့ပြောနေပြီ …