အာရပ်တော်လှန်ရေးနဲ့ ရေနံ အကျပ်အတည်း

ရဲမြင့်ကျော်၊             ၊အီဂျစ်သမ္မတ မူဘာရခ် ပြုတ်မကျခင် ဇန်န၀ါရီလ အစောပိုင်း ရေနံစိမ်း တစ်စည် ဈေးနှုန်းမှာ ၉၆ ဒေါ်လာ ဖြစ်သည်။ မူဘာရ်ခ် ပြုတ်ကျသွားပြီး နောက် ယခု အရှေ့အလယ်ပိုင်းနဲ့ မြောက် အာဖရိက အာဏာရှင် ထိုင်ခုံတွေ လှုပ်ရမ်းနေချိန်

ရေနံစိမ်း တစ်စည်ရဲ့ ဈေးနှုန်းက ၁၁၁ ဒေါ်လာ အထိ တက်သွားခဲ့သည်။

သိပ်အံဩစရာတော့ မရှိ။  ကမ္ဘာ့ ရေနံ ၃၅ ရာခိုင်နှုန်း နေ့စဉ် ထုတ်ပေးတဲ့ အာရပ်ကမ္ဘာ ၀ုန်းဒိုင်းကြဲနေချိန်မို့ ဈေးတက်ရခြင်း ဖြစ်သည်။ လစ်ဗျားဆိုရင် အခုရက်သတ္တပတ်အတွင်း ရေနံ မထုတ်အားသေးဘဲ လူသတ်နေရလို့ ဖြစ်သည်။ နေ့စဉ် ကမ္ဘာ့ ရေနံထုတ်လုပ်တဲ့ စည်ပေါင်း ၈၈ သန်း ရှိတဲ့အနက် လစ်ဗျားက တစ်နေ့ကို ၁.၇ သန်း ထုတ်လုပ်ပေးနေကြ ဖြစ်သည်။  ယခု လစ်ဗျားရှိ နိုင်ငံခြား ရေနံကုမ္ပဏီတွေ ထုတ်လုပ်မှုရပ်ထားပြီး ဆိပ်ကမ်းတွေ ယာယီ ပိတ်ထားကြရသည်။

အာရပ်တော်လှန်ရေးများက ကမ္ဘာ့ ရေနံဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်နေသည်။ မူဘာရခ် ပြုတ်ကျမှုနဲ့ လစ်ဗျား၊ ဘာရိန်း၊ ယီမင်၊ အီရန်၊ အယ်လ်ဂျီးရီးယား မငြိမ်သက်မှုတွေက ကမ္ဘာ့ရေနံဈေးနှုန်း ၁၆ ရာခိုင်နှုန်း မြင့်တက်သွားစေခဲ့သည်။ လက်ရှိ ဖြစ်ရပ်က ၁၉၇၃ ခှုနှစ် အာရပ်နိုင်ငံတွေ စုပေါင်းပြီး အမေရိကန်ကို ရေနံဖြတ်မှု၊ ၁၉၇၉ ရှားဘုရင် ဖြုတ်ချတဲ့ အီရန်တော်လှန်ရေး၊ ၁၉၉၀ အီရတ် က ကူဝိတ် ၀င်သိမ်းမှု ကာလတွေတုန်းက ရေနံဈေး ရှော့ဖြစ်ခဲ့ရတဲ့ အခြေအနေမျိုးကို ပြန်ဆိုက်ဦးမှာလား။

ဂလိုဘယ် ထုတ်လုပ်မှုကြောင့် ချက်ချင်း ဈေးကွက်မပျက်

တကယ်တော့ ရေနံထုတ်လုပ်မှုက ဟိုးအရင်ကထက် ဂလိုဘယ် ပိုဖြစ်လာနေသည်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရေနံ ၀ယ်ယူဖို့ ပါရှန်ပင်လယ်ကွေ့ တိုင်းပြည်တွေကိုပဲ လုံးဝ အမှီပြုထားခဲ့ရတာ ဖြစ်သည်။ အခုနောက်ပိုင်း ရေနံ ထုတ်တာက အရှေ့အလယ်ပိုင်းမှ OPEC တိုင်းပြည်တွေချည်း မဟုတ်တော့။ လာတင် အမေရိက၊ အနောက် အာဖရိက၊ ရုရှား တို့ကပါ ရေနံဈေးကွက်ကို ကိုင်လာကြသည်။ ရုရှားဆိုရင် ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ရေနံ အများဆုံး ထုပ်လုပ်တဲ့ ဆော်ဒီ အာရေဘီယ ထက် ကျော်လွန်သွားပြီး ထိပ်ဆုံးနေရာ သိမ်းယူ သွားသည်။ အပြိုင်အဆိုင် ထုတ်ရောင်းသူ များလာတာ ကြောင့် OPEC ရဲ့ ရေနံထုတ်လုပ်မှုက ၁၉၇၀ ပြည့်နှစ်တွေမှာ ၅၄ ရာခိုင်နှုန်း ထုတ်လုပ်ခဲ့ရာကနေ အခု ၄၀ ရာခိုင်နှုန်း အထိ ကျသွားခဲ့သည်။

လက်ရှိ ဆန္ဒပြမှုတွေကြောင့် အာရပ်နိုင်ငံအချို့ ရေနံထုတ်လုပ် မှု ရပ်ဆိုင်းနေပေမဲ့ ဂလိုဘယ်ရေနံ အပြိုင် ထုတ်လုပ်မှု ကတော့ ကျဆင်းသွားမယ့်ပုံမပေါ်။ ဈေးကွက် ယာယီ ကမောက် ကမ ဖြစ်နေတာပဲ ရှိသေးသည်ဟု ရေနံပွဲစားတို့က သုံးသပ်ကြသည်။ အာရှနိုင်ငံတွေမှာ ရေနံတွင်း အသစ်တွေ ပေါ်နေပြီး ၂၀၁၀ ခုနှစ်မှာကို တစ်နေ့ ရေနံစည် ၂.၇ သန်း ထပ်တိုး ထုတ်ခဲ့ကြသည်။ ဒီနှစ်မှာ စည် ၁.၇ သန်း ထပ်တိုး ထုတ်ဦးမည်။ ဆော်ဒီ အာရေဘီယ အပါအ၀င် OPEC နိုင်ငံတွေမှာလည်း မရောင်းသေးဘဲ အရန်သိုမှီးထားတဲ့ ရေနံတွေက အလျှံအပယ် ရှိနေသည်။ ဒါကြောင့် ဈေးကွက် ချက်ချင်း မပျက်နိုင်ဟု ရေနံပဂေးတွေက သုံးသပ်သည်။ (ဇယားကို ရှုပါ)

လစ်ဗျားရဲ့ ရေနံက ဥရောပကို အဓိက တင်ပို့သည်။ အခု လစ်ဗျား ထုတ်လုပ်မှုရပ်သွားတော့ ဆော်ဒီ အာရေဘီယ က လစ်ဗျားဈေးကွက်ယူဖို့ ချောင်းနေသည်။ တစ်နေ့ ရေနံစည် ၄ သန်းနဲ့ ၅ သန်းကြား ပို့သွားမည်ဟု ဆိုလာသည်။ OPEC  အဖွဲ့ကလည်း တစ်နေ့ ရေနံစည် ၆ သန်း ပိုတိုးထုတ်မည်။

ရေနံတောကြောင်များ

သို့သော် ရေနံဈေးက တစ်စည် ဒေါ်လာ ၁၀၀ လည်း ဖြစ်နိုင်သလို၊ ဒေါ်လာ ၂၂၀ အထိလည်း ဖြစ်နိုင်သည်ဟုလည်း ကုမ္ပဏီအချို့က ဆိုပြန်သည်။ အာရပ် ဆန္ဒပြပွဲတွေကို အကြောင်းပြပြီး ရေနံ တောကြောင်တွေက လက်ခမောင်းခတ်ဖို့ ပြင်နေသည်။ OPEC ဆိုရင် အရေးပေါ် အစည်းအဝေးခေါ်ပြီး ဈေးတက်ရင် ကောင်းမလား၊ လစ်ဗျား၊ အယ်လ်ဂျီးယား၊ ဘာရိန်းတို့ အစား တိုးထုတ်ရောင်းရင် ကောင်းမလား ချိန်ဆနေကြသည်။

ရေနံဈေးကွက် ဖရိုဖရဲ ဖြစ်ချေရှိတာ တစ်ခုကတော့ ဆော်ဒီအာရေဘီယရဲ့ သိုလှောင်ထားတဲ့ ရေနံတွေ ထုတ်မရောင်းနိုင်မှာ ဖြစ်သည်။ ပြဿနာက ဆော်ဒီရဲ့ အိမ်နီးချင်း ဘာရိန်း ရဲ့ မငြိမ်မသက်မှုကြောင့်ြ့ဖစ်သည်။ ဘာရိန်း ကျွန်းနိုင်ငံလေးက ရေနံ ပေါပေါထွက်တာတော့ မဟုတ်၊ သို့သော် ပါရှန်ပင်လယ်ကွေ့ရဲ့ မဟာဗျူဟာ အရေးပါတဲ့ နေရာမှာရှိသည်။ ဆော်ဒီ အပါအ၀င် ကမ္ဘာ့ရေနံ ၁၈ ရာခိုင်နှုန်းကို နေ့စဉ် သယ်ယူနေတဲ့ ပင်လယ် ထွက်ပေါက် နိုင်ငံ ဖြစ်သည်။ အီရန်ကလည်း အဲဒီ့ ဘာရိန်း လမ်းကြောင်းကို ဒုက္ခပေးဖို့ ချောင်းနေသည်။ ဒါကြောင့် အမေရိကန် အမှတ် (၅) ရေတပ်က လှုပ်လှုပ်ရှားရှား လုပ်ပြနေရသည်။

နောက်ပြီး ဆော်ဒီတွေက ဘာရိန်းမှာ ဆန္ဒပြနေတဲ့ ရှိယား မူဆလင် လူထုတွေ သူ့နိုင်ငံနယ်စပ် ပြေးထွက်လာမှာ လန့်နေသည်။ ဘာရိန်းနဲ့ ကပ်နေတဲ့ ဆော်ဒီ အာရေဘီယ အရှေ့ဘက်ခြမ်းမှာ ရေနံစက်ရုံတွေ ရှိနေသည် မဟုတ်လား။ ၀ရုန်းသုန်းကားနဲ့ ထွက်ပြေးလာတဲ့ ရှိယား လူအုပ်တွေက ဆော်ဒီ အုပ်ချုပ်သူ ဆွန်နီ မူဆလင်တွေရဲ့ ရေနံသိုက်တွေကို ဒုက္ခပေးလိုက်မှဖြင့်။ သို့သော် တွေးပူနေတာလည်း ဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် ရေနံစက်ရုံတွေကို လူတွေ မတိုက်ခိုက် နိုင်အောင် ဝေးဝေးမှာ  ထားတတ်ကြခြင်း ဖြစ်သည်။

ဒီတော့ လစ်ဗျားတို့ အယ်လ်ဂျီးယားတို့ကြောင့်တော့ ရေနံဈေးကွက် မပျက်။ ဂလိုဘယ် ရေနံထုတ်လုပ်မှုတွေ ရှိနေသလို၊ ဆော်ဒီမှာ ရေနံ သိုလှောင်ထားတွေရှိနေသည်။ ဈေးတက်စရာရှိ မငြိမ်မသက်မှု အကြောင်းပြပြီး ရေနံကုမ္ပဏီတွေ ပွဲစားတွေ၊ အီရန်နဲ့ အကြမ်းဖက်တွေ မွှေမှာပဲ စိုးရိမ်ရသည်။

အရန် ရေနံသိုလှောင်ထားမှု

အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက တော်လှန်ရေးတွေကြောင့် အဆုံးစွန် ရေနံ အကျပ်အတည်း ဖြစ်မလား။ ၁၉၇၀ ပြည့်နှစ်တွေမှာ ရေနံရှော့ ဖြစ်ခဲ့တဲ့ အတွေ့အကြုံကြောင့်ပဲ နိုင်ငံကြီးတွေက အရန်ရေနံသိုလှောင်မှု အစီအစဉ်တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ထားကြသည်။ အရှေ့အလယ်ပိုင်း ရေနံနိုင်ငံတွေ သပိတ်မှောက်တာကို အမေရိကန်က ခံထားဖူးသည်။

ဒါကြောင့် အမေရိကန် ပြည်ထောင်စုမှာ အရန် ရေနံစိမ်း စည် ၇၅၀ သန်း ကို အရေးပေါ် အစီအစဉ်အတွက် သိမ်းထား သည်။ တရုတ်ကလည်း သူ့အစီစဉ်နဲ့သူ အရန် ရေနံ သိုလှောင်ထားသည်။ ရေနံဈေးတက်လို့ လူတွေ လမ်းပေါ်ထွက် လာတာမျိုး မဖြစ်ဖို့ အစိုးရများအတွက် အရေးကြီးသည်။ နောက် အမေရိကန် စွမ်းအင်ဌာနက လက်ရှိ တစ်ကမ္ဘာလုံး သုံးစွဲနေတဲ့ နှုန်းအတိုင်း ရက် ၅၀ စာ ရေနံစည် ၄.၃ ဘီလီယံ ကို အစိုးရအသီးသီး လက်ထဲ ထုတ်ရောင်းချပေးနိုင် စွမ်းရှိသည်။

ရေတို ကိစ္စမရှိ၊ ရေရှည် ပြဿနာ

ဒီတော့ ရေနံဈေးကွက် အကျပ်အတည်း ဖြစ်မဖြစ်ဆိုတာက ရေနံထုတ်လုပ်မှု ဘယ်လောက်ကြာကြာ ရပ်နေမလဲ၊ လက်ရှိ ဆန္ဒပြနေတဲ့ နိုင်ငံတွေရဲ့ ကိစ္စက ဘယ်လောက် ရှည်ကြာနေမလဲဆိုတဲ့ အပေါ် မူတည်နေသည်။ ဥပမာ အီရန် နိုင်ငံဆိုရင် အီရန် တော်လှန်ရေး မတိုင်မီက တစ်နေ့ ရေနံစည် ၆ သန်း ထုတ်ခဲ့သည်။ လက်ရှိ အနောက်ကို မုန်းတဲ့ အစိုးရ လက်ထက်ကျတော့ တစ်နေ့ ၃.၇ သန်း ပဲ ရောင်းချနိုင်သည်။ နိုင်ငံမတည်ငြိမ်မှုနဲ့ ကုန်သွယ်မှု အဆင်မပြေမှုက ရေနံထုတ်လုပ်မှုကို ကျဆင်းစေတဲ့ အကြောင်း ဖြစ်သည်။

မြောက်အာဖရိက ရေနံထုတ်လုပ်မှုက နိုင်ငံခြားကုမ္ပဏီတွေ လက်ထဲမှာမို့ ပြဿနာ မရှိ။ အရှေ့အလယ်ပိုင်း တိုင်းပြည် တွေကျတော့ ရေနံလုပ်ငန်းကို အစိုးရတွေက ကိုင်ထားတာ ဖြစ်သည်။ တကယ်လို့ နောက်တက်လာမယ့် အစိုးရသစ် တွေက ပြင်ပနိုင်ငံတွေကို ရန်လိုရင် ရေနံ ထုတ်လုပ်မှု ကျဆင်းသွားပြီး ရေရှည် အကျပ်အတည်း ဖြစ်သွားနိုင်သည်။ ရေရှည် ရေနံဈေးကွက် တည်ငြိမ်ဖို့က အစိုးရကောင်းတွေရှိဖို့ လိုတာကြောင့် နိုင်ငံရေးတွေ ပါလာသည်။

အချုပ်ဆိုရရင် ရေတို ရေနံ အကျပ်အတည်းကို ကမ္ဘာက တောင့်ထားနိုင်မည်။ ဆန္ဒပြမှုတွေကြောင့် ရေရှည် အကျပ်အတည်း ဆက်ဖြစ်နေရင်တော့ အခုမှ စီးပွားရေး ပြန်နာလည်ထဖို့ လုပ်နေကြရတဲ့ အနောက် နိုင်ငံတွေမှာကို ပြဿနာရှိလာမည်။ အရှေ့အလယ်ပိုင်း ဆန္ဒပြပွဲတွေက ချမ်းသာတဲ့ နိုင်ငံတွေကိုပါ ကူးပြီး လောင်စာဆီအတွက် လမ်းပေါ် ထွက်လျှောက်တာတွေ ဖြစ်သွားနိုင်သည်။

ကဲ ဒါဆို အရှေ့အလယ်ပိုင်းက ရေနံကို အားမကိုးတော့ဘူး။ တခြားက အပြိုင် ထုတ်နေကြတဲ့ နိုင်ငံတွေဆီက ၀ယ်မည်။ စိတ်ကူးယဉ်လို့ မရနိုင်ပါ။ အာရှနိုင်ငံတွေ တိုးတက်လာတာကြောင့် ရေနံ ၀ယ်လိုအား ဘယ်လောက် ထုတ်ထုတ် အလျင်မမီ။ အာရပ်ကမ္ဘာရဲ့ ဒုက္ခအ၀၀ မြန်မြန် ငြိမ်းအေးအောင် ၀ိုင်းလုပ်ပြီး  သူတို့ ပုံမှန်ထုတ်နိုင်ဖို့ကိုသာ ဆုတောင်းရမယ့် အခြေအနေ ဖြစ်သည်။

ရဲမြင့်ကျော်

ရည်ညွန်း The Economist