တူးပို့ တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)

စနေ ငချွတ်
သင်္ကြန်ရောက်တော့မည်ဆိုတိုင်း ကျွန်တော် ရင်ခုန်လာစမြဲဖြစ်သည်..။ ရန်ကုန်သား သိပ်စစ်သွားလို့လား
မသိ ရန်ကုန်သင်္ကြန်မှာပဲပျော်သည်.. မန္တလေးသင်္ကြန် ဘယ်လိုစည်တယ် ပြောပြော.. စိတ်ကိုမ၀င်စား
ကလေးဘ၀က ကားနှင့်အမြဲလည်ခဲ့သည်..။ နည်းနည်းလေး မြီးကောင်ပေါက်ချင် လာတော့
မဏ္ဍပ်ပေါ်တက်ကဲသည်..။ သင်္ကြန်ပါးဝလာတော့ မဏ္ဍပ်တွေဘာတွေမှာ Organizer ၀င်လုပ်သည်။
အဆင်ပြေ သလို နည်းအမျိုးမျိုးနဲ့ ကဲဖြစ်ခဲ့သည်။


မလုပ်ဖြစ်သည့်နှစ်က မနှစ်က …။ မဏ္ဍပ်မှာ တစ်ရက်သွားကဲလိုက်သည်..။ နောက်နေ့ သူငယ်ချင်း
ဂျစ်ကားကို ညီတွေညီမတွေလည် ပါစေတော့ ဆိုပြီး တစ်ရက်ယူလည်လိုက်သည်..။   ကိုယ့်ကား က
ရပ်ထားတဲ့သူများကားကို နောက်က၀င်တိုက်လိုက်သည်..။ ကားပေါ်ပါသမျှထဲ ကျွန်တော့်ညီအရင်း
ခြေထောက်ကျိုးသွားခဲ့သည်..။ ဖြစ်တာ အကျနေ့ကြီး ။ ဆေးရုံနှင့် အိမ်အကြား တစ်မိသားစုလုံး ယောက်
ယတ်ခတ်သွားကြတော့ကျန်တဲ့ သင်္ကြန်ရက်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်..။ပြည်သူ့ဆေးရုံကြီးက
ဝင်ပေါက်စောင့်တွေ အခြားဝန်ထမ်းတွေကို လ္ဘက်ရည်ဖိုး
သုံးပတ်လောက် မနက်ညနေပေးပြီးမှ ကျွန်တော်ညီဆေးရုံက ပြန်ဆင်းဖြစ်ခဲ့သည်..။ ဘာတွေဘယ်လောက်ပဲ
မောခဲ့မောခဲ့ သင်္ကြန်နားနီးတော့
သင်္ကြန်ပိုးက ထချင်လာသည်.။

ဒီနှစ်ဘယ်သူတွေ ဘာလုပ်ကြလည်းလို့ စနည်းနာမိသည်..။ တစ်ကောင်က ရုပ်တည်နဲ့ပြောသည် ရိပ်သာပဲသွားမယ်တဲ့..။ ကိုယ့်မှာတားရ
လည်းအခက်။အဖော်ကမရှိဘူးကိုး..။ နောက်မှ ဆဲမိသည်။ တက္ကသိုလ်ရိပ်သာလမ်း..လေ… တဲ့..။ ဘာပဲပြောပြော ကြိုရင်ခုန် နေမိပါသည်။
ဘယ်မဏ္ဍပ်တွေသွားမလည်း..။ မနှစ်က မဏ္ဍပ်က အိန္ဒြာကျော်ဇင်နဲ့ ဇင်ဇင်ဇော်မြင့်ထိုင်တဲ့ မဏ္ဍပ်..။ သူတို့ရှိလို့လားမသိ.. စုတ်ချာလိုက်တဲ့မဏ္ဍပ်…။
ဘာ ဆားဗစ်မှမရှိ..။ Customer လို့လည်းမမြင်ကြ ပါလား..ဘာညာ..ဟိုပြောဒီပြောနဲ့ပြော။

တကယ်တန်း…ပြန်စဉ်းစားမိ တော့ သြော်………ငါတို့တုန်းကလည်း ဒီလိုပါပဲလား..။ မဏ္ဍပ် ကို အကောင်ကြီးသားသမီးတွေဆီက
သိန်းနှစ်ဆယ်လောက်နဲ့ဝယ်..။ (အကောင်သေးသေးလေး တစ်ကောင် လောက် Organizer ထဲပါရင်လည်း ကောင်းသားပေါ့)..။
အဲ့… အဲ့ဒီမှာတင် အသားတင် သိန်းနှစ်ဆယ်..။ မဏ္ဍပ်ဆောက်တဲ့ စရိတ်က သုံးဆယ်ဝန်းကျင် ။ ဒါတောင် မသိမသာခိုသေးတယ်..။
မပြိုကျရင်ပြီးရောသာ လုပ်..။
လည်ပင်းညှစ်ပြီး စပွန်ဆာ တောင်းလို့ရတဲ့ ကုမ္ပဏီရှိရင်တော့ နည်းနည်းလေး ခံသာမယ်..။ ဒါက လည်း အကောင်းကြီး၊လတ်၊ငယ်တွေ
စားပြီးကျန်တဲ့ မသထာရေစာလေးတွေပါ..။ ရေစက်ဖိုးသိန်း ဆယ်ဂဏန်း၊ စပီကာဖိုးတွေ သိန်းဆယ်ဂဏန်း..။ ဘာတွေညာတွေပြီးသွားတော့ ရင်တွေစပြီးခုန်ကြရပြီပေါ့..။ ကဲ ..လာသမျှလူတွေနဲ့ ရောင်းပြီးသမျှလက်မှတ်ဖိုးတွေ ကျေဖို့ကတော့ ၇ ရက်သားသမီးတွေမျက်နှာကို
ဘယ်ကြည့်နိုင်တော့မလည်း..။ ကျွန်တော်တို့လည်း လောကီသားပဲမဟုတ်လား..။
ရန်ကုန်သင်္ကြန်အင်းယားလမ်း မဏ္ဍပ်တွေ ရှုံးနေကြတာ သုံးလေးနှစ်ရှိပြီ..။ လက်မှတ်တစ်စောင် လေးသောင်းခွဲ အော်ရောင်းနေပေမဲ့…
အနားနီးတော့ နှစ်သောင်းခွဲနဲ့ လက်သိပ်ထိုးရောင်းတစ်ချို့ဆိုနှစ်သောင်းနဲ့ရောင်း..လူတိုင်းကို ရှူးတိုးတိုးမပြောနဲ့နော်…မင်းမို့ရောင်းတာ ဘာညာပေါ့..။ ဘယ်ကိုက်မလည်း သုံးသောင်းခွဲလောက်နဲ့ လူတစ်ရာ၊ တစ်ရာ့ငါးဆယ်ရောင်းနိုင်တဲ့ မဏ္ဍပ်က လူတော်တွေ မဏ္ဍပ်ပေါ့…။
Question Mark လည်း စပွန်ဆာမယူဘူး ဘာညာနဲ့ နောက်ပိုင်းရှုံးတာ တာတေကိုလန်..။
မိတ်ဆွေ သနားစိတ်ဝင်သွားလား…။ မြတ်တဲ့ မဏ္ဍပ်တွေ မြတ်ပါ့ဗျာ..။ အကောင်ကြီးလေ ဒင်းတို့က ကျန်လေပဲ..။ မဏ္ဍပ်အတွက် တိုင်းစစ်ရုံးနဲ့ စည်ပင်ကခွင့်ပြုချက်ကို ဖေဖေ့ PSO က အပ်ချလောင်း လုပ်။
ဖေဖေ့အောက်က ဌာနတွေကို ဆယ်စောင်စီလိုက်ပေး..။ (မ၀ယ်မနေရတော့ မပြောဘူးနော်..။ ငှဲငှဲ.. ဦးတောင်မှ ဒီဌာနမှာ နေတာကြာပြီပဲနော်…၊ သားတို့သင်္ကြန်လက်မှတ်လေး ယူထားလိုက်ပါဦး..ဒါမျိုးပါ) .။ နောက်.. မင်းသားမင်းသမီးတွေကို Pressure လေးနဲ့ခေါ်..။ (Pleasure မဟုတ်ဘူးနော်… သေသေချာချာ ဖတ်။  Pleasure ကိစ္စက သူတို့ဘာသာသူတို့..ကျွန်တော်မသိဘူး) ဆောက်လုပ်ရေးကိစ္စလား ဖေဖေ့ဌာနမှာ ဘာလုပ်နေတဲ့ ဘယ်သူတွေ ဘာလေးလာကူညီပါဦး။ စက်တွေလား…သြော် ဘယ်ဌာနမှာ သုံးမှမသုံးပဲ..။ တလက်စတည်း လာပို့တဲ့အခါကျရင် ဟိုရုံးရှေ့က E2000 လေးနဲ့ လာပို့လိုက်ပါနော်..ဒီမှာကားတွေမအားလို့)
သြော်..ဇာတ်သံနဲ့ ပြောရရင် …အမယ်မင်း…ဆိုပြီး ငိုချင်းချလိုက်ချင်ရဲ့….။ မမြတ်ပဲနေမလား.. ဘုန်းရှင်ကံရှင်
တွေကိုး..။
အခုနှစ်မှာ မြှောက်ပေးတဲ့လူတွေရှိသေး..။ ဖိုးလပြည့်မဏ္ဍပ်သွားပါလား FEC 150 တဲ့..။ ဟုတ်မဟုတ်တော့မသိ..။ ပြန်တော့ပြောလိုက်သည်..။ သူ့သာသူနေ ကိုယ့်ဟာကိုယ်နေတာတောင် ကြက်သရေ မရှိဘူးလို့ အချိန်တိုင်းမြင်နေတာ..။ တကူးတကအနားသွားရမှာလားလို့..။ ပြောရရင် FEC 150 လည်းမပေးနိုင်.။ ပေးနိုင်လည်း မသွားဘူး..။
စည်တဲ့နေရာတွေလည်း သူ့ဘာသာသူစည်ကြဦးမည်..။ မူးတဲ့သူလည်းမူး..တိုက်တဲ့ကားတွေ လည်းတိုက်၊ ရိုက်တဲ့ သူတွေလည်း ရိုက်ကြ.. ပျော်ကြ ဖော်ကြ အော်ကြ ကဲကြ ပြဲကြနဲ့.. ၂၀၀၉ သင်္ကြန်က တော့ သူ့ဆွဲအားနဲ့သူ ရင်ခုန်စရာကောင်းနေပါသည်။ စီးပွားပျက်ကပ်နဲ့ လူတွေ စီးပွားရေးမကောင်းတော့
မစည်လောက်ဘူးလည်း မှန်းလိုမှန်းကြ..။ မရှိရှိတဲ့အရင်းလေးနဲ့ စီးပွားရှာဖို့လည်း တချို့ကစဉ်းစား..။ ဂျာနယ် တစ်ခုကတော့ ရေတွေပက်နေရင်းနဲ့ ဧရာဝတီတိုင်းမှာ လူတွေ သောက်သုံးရေ ရှားပါးတဲ့ ပြဿနာတွေ ဆိုးဆိုး ရွားရွားခံစားနေရကြောင်း ပြန်စဉ်းစားပါတဲ့… အတွေးက ဆန်းသစ်ပေမဲ့…။ ဘာမှမဆီမဆိုင်..။ လူထုကို အကြောင်ရိုက်သည့် စာနယ်ဇင်းတွေကလည်း အများသားကိုး…။
အဲ့ဒီ အယ်ဒီတာကို မေးလိုက်ချင်သည်..။ နာဂစ်အတွက် တကယ်စိတ်သန့်သန့်နဲ့ တစ်ခုခု သွားလုပ်ခဲ့ဖူးပါသလား..။ အခုလိုအပ်နေတဲ့ သောက်သုံးရေကိစ္စကို မီဒီယာအနေနဲ့ ဘာတွေဆောင်ရွက်ထား ပြီးပြီလည်း..။ ထားပါ.. အတွေးတွေဆက်သွားသည့်ကိစ္စ..။
မကြာမီ ..လာတော့မည်… တူးပို့တူးပို့ အသံတွေ..။ စီးပွားပျက်ဂယက်ကြောင့် နိုင်ငံတကာမှ အလုပ်ပြုတ်လာသော ရွှေမြန်မာများလည်း ၀န်ကြီးချုပ်ပြောသလို ဆားကွင်းတွေ၊ ရေနက်ကွင်းတွေမှာ ၀င်အလုပ်လုပ်ကိုင်ရင်းလည်း ပျော်နိုင်ကြမည်။
ပညာရေးဝေးသည်မရှိဆိုပြီး မိုင်နှစ်ဆယ်လောက် အောက်ထစ် ဝေးတဲ့ တက္ကသီလာတွေမှာ သွားတက်ရလို့ မပျော်နိုင်တဲ့ လူငယ်ကျောင်းသားတွေလည်း ပျော်ကြတော့မည်..။ နာဂစ်မုန်တိုင်းသင့်ဒေသမှာ မိဘမောင်ဘွားသားချင်းတွေ ဆုံးရှုံးခဲ့ရတဲ့
သူတွေလည်း အထိုက်အလျောက် ပျော်ကြမည်..။ နာဂစ် ထောက်ပံ့ရေးပစ္စည်းတွေ ကစ်ထားတဲ့ သူတွေကတည်း ရက်လွန်နိုင်တာတွေကို တဖြေးဖြေးထုတ်ရောင်းရင်း ပျော်နေကြသည်.။ ဗိုလ်ချုပ်မှူးကြီးမှ အစ လမ်းဘေးသူတောင်းစား အဆုံး ပျော်နေကြတဲ့ အချိန်ကြီးမှာ
..ကျွန်တော် ငချွတ်လေးကကော ဘာအကြောင်းနဲ့ ဦးဏှောက်စားနေရဦး မည်နည်း..။ တူးပို့ တူးပို့နဲ့ အတူ ကျွန်တော်လည်း
ပျော်လိုက်တော့မည်..။
ပျော်သည်ပျော်သည်.. နှစ်သစ်ကူးမို့ တူးပို့တူးပို့လုပ်ရင်း ကျွန်တော်ပျော်တော့မည်။

စနေငချွတ်

(၂၀၀၉ ခုနှစ် ဧပြီလ တွင် ဖော်ပြခဲ့သည် ကို ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်)