လိုင်ဇာမြို့ကို တိုက်တော့မယ် ဆိုရင်

ချိုတူးဇော်၊        ၊သတင်းတွေက အမျိုးမျိုးထွက်နေတယ်။ လိုက်ဇာမြို့ကိုတိုက်ဖို့ တရုတ်ပြည်ထဲကို စစ်သားတွေရာချီပြီး ပို့နေတယ်ဆိုတာကော၊ ကချင်ငြိမ်းချမ်းရေးတပ်တွေကို ကေအိုင်အေနဲ့ပြန်တိုက်ခိုင်းမယ်ကော. . .အမျိုးမျိုးပါပဲ။

စစ်သားဆိုတာကတော့ ဟိုဘက်ဒီဘက် ဘယ်စစ်သားမဆို စစ်ပွဲကိုကြုံလာရရင် အနိုင်ရဖို့ တိုက်ကြပါလိမ့်မယ်။
ဒါ ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် အတိုင်းတိုင်းအပြည်ပြည်က စစ်သားတိုင်းရဲ့ ဖြတ်သန်းမှုပါ။ စစ်ပွဲတပွဲဖြစ်လာတိုင်း စစ်သားတွေကတော့ သူတို့စစ်ပွဲမှာ အောင်မြင်ရေး အတွက် တိုက်ခိုက်ကြမှာပါပဲ။ တချိန်တည်းမှာ
သူတို့ရှင်သန်ရေး၊ စစ်ပွဲတွေဆိုတာ ပန်းနဲ့ပေါက်တာမဟုတ်ဘူး။ ကျည်ဆံ၊ ဗုံးဆံတွေနဲ့ ပစ်ကြတာပါ။ ဒီတော့ ကိုယ့်အသက်ရှင်သန်ရေးအတွက် ကိုယ်ဆန့်ကျင်တိုက်ရတဲ့ ရန်သူကို သတ်ကြရတော့မှာပါ။ စစ်ပွဲတွေမှာ တရားမျှတ
မှုဆိုတာ မရှိပါဘူး။ အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံကို အသုံးပြုကြပါလိမ့်မယ်။ ဟိုဘက် ဒီဘက် ဆန့်ကျင်ဘက်
နှစ်ဘက်စလုံးက စစ်ပွဲတွေကို မနိုင်နိုင်အောင် အားထုတ်တိုက်ကြတဲ့အခါ နည်းလမ်းမျိုးစုံသုံးပါတော့မယ်။

စစ် ဆိုတာ ဖြစ်လာရင် စစ်သားတွေအဖို့က နိုင်အောင် တိုက်ဖို့တခုပဲ ရှိပေမယ့် အဲဒီ စစ်ဘာကြောင့်ဖြစ်ရသလဲ၊ အဲဒီ
စစ်ကို မဖြစ်အောင် ကာကွယ်တားဆီးလို့ရနိုင်သလား၊ စစ် ကိုရှောင်ကွင်းမယ့် တခြားနည်းလမ်းရှိနိုင်သလား ဆိုတာတွေကို ရှာဖွေဖို့ကတော့ ခေါင်းဆောင်တွေ၊ အဲဒီ စစ်ပွဲကို ဖန်တီးတဲ့ အာဏာပိုင်တွေ၊ နိုင်ငံရေးသမားတွေ ရဲ့အလုပ်ပါ။

မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ တကမ္ဘာလုံး ရှောင်လို့ ကွင်းလို့မရမယ့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့
ကိုလိုနီနဲ့ ဖက်ဆစ် ရဲ့ အားပြိုင်တဲ့ အဲဒီစစ်ပွဲကြီးမှာ ဘယ်ဘက်အခြမ်းကပါကြမလဲ ဆိုတာ ကျွန်ဘ၀ရောက်နေတဲ့ နိုင်ငံအ
သီးသီးက လွတ်လပ်ရေး လှုပ်ရှားမှုတွေလုပ်နေကြတဲ့ ခေါင်းဆောင်အသီးသီးတွေကြားမှာ ဆွေးနွေးစရာဖြစ်လာပါတယ်။
အင်္ဂလိပ်၊ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများဟာ သူတို့ကို စစ်ရေးအရကူညီတဲ့ ကိုလိုနီနိုင်ငံများကို စစ်ကြီးပြီးရင် လွတ်
လပ်ရေးပေးမယ် လို့ စည်းရုံးခဲ့သလို ဂျပန်လို ဖက်ဆစ် တွေကလည်း အာရှတိုက်သာတူညီမျှရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ စစ်ချီစစ်မောင်းပြုခဲ့ကြတယ်။ အင်္ဂလိပ်ကို စစ်ကူမကူ ဆုံးဖြတ်ကြတဲ့ အခါမှာ လက်ဝဲအင်အားစုတွေ(သခင်စိုးတို့ ကွန်မြူနစ်တွေ)၊ အင်္ဂလိပ်လိုလားတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ(ဦးစောတို့လိုလူမျိုးတွေ)က အင်္ဂလိပ်ကို ပြတ်ပြတ်သားသားကူမယ်၊ ဂျပန်ကို ဖက်ဆစ်အနေနဲ့ ဆန့်ကျင်ရမယ်လို့ ဆုံးဖြတ်ကြပါတယ်။

ဒို့ဗမာအစည်းအရုံး အထွေထွေညီလာခံ ကျင်းပတော့ အင်္ဂလိပ်ကို စစ်ရေးအရ ကူမကူ ခေါင်းစဉ် ကို ဆွေးနွေးဖို့လာတဲ့
သခင်လူငယ်အများစု ကို ဖိန့်ဖိန့်တုန်သွားအောင် ဘယ်သူနဲ့မှ မတူတဲ့ အဆိုတရပ်ကို တင်သွင်းခဲ့တဲ့သူကသခင်အောင်ဆန်းပါ။

ဒီစစ်ကြီးကို အခွင့်အရေးတရပ်အနေနဲ့ သဘောထားပြီး အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်မယ် တဲ့။ လက်နက်ဆိုလို့အပ်တိုတချောင်းတောင်မရှိတဲ့ သခင်တွေက အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်မယ်လို့ အဆိုတင်သွင်းလိုက်တာ
ဟာ ဘယ်က လက်နက်ရမှာလဲ လို့ ပြန်မေးစရာဖြစ်ခဲ့ပါတယ်။ ဒီတော့ သခင်အောင်ဆန်းက“သူခိုးဓါးပြတောင် ကိုယ့်လက်နက်ကို ဖန်တီးနိုင်သေးရင် ခင်ဗျားတို့ ကျုပ်တို့ တိုင်းပြည်လွတ်လပ်ရေးအတွက် အလုပ်လုပ်မယ့် သူတွေက ဘာလို့ မရှာနိုင်ရမှာလဲ” လို့ ပြန်ပြောခဲ့တယ်။ အဲဒီ အစည်းအဝေးမှာ အဲဒီ စကားဟာ နောင်တချိန် ဒီနေ့ခေတ် မြန်မာ့တပ်မတော်ရယ်လို့ ဖြစ်လာမယ့် တပ်မတော်သမိုင်းကို စဖွင့်လှစ်ပေးခဲ့တဲ့ စကားတခွန်းပါ။ ခေတ်မြန်မာပြည်မှာ တပ်မတော်ဆိုတာကို ပထမဆုံးပေါ်ပေါက်လာဖို့ ဖန်တီးခဲ့တဲ့ စကားတခွန်းပါ။

တပ်မတော်ရဲ့ သမိုင်းကို ပြန်ပြောရင် ဟိုးပဝေသဏီက ပဒေသရာဇ်တွေရဲ့ သမီးပေးနှမယူပြီး ကိုယ့်အမျိုးသားချင်းတိုက်တဲ့ တပ်မတော်တွေ၊ အိမ်နီးချင်းနိုင်ငံတွေကို အားအားရှိတိုက်ခဲ့တဲ့ တပ်မတော်တွေကို စကားထဲ ထည့်လုပ်ပြီးပြောတယ်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းပါတယ်။ ဒီနေ့မြန်မာ့တပ်မတော်ဆိုတာ အင်မတန်မှ ဥာဏ်အမြော်အမြင်ကြီးမားတဲ့ တိုင်းပြည်အတွက် အသက်ကိုစတေးခဲ့ကြတဲ့ မျိုးချစ်စိတ်ဓါတ်ပြင်းထန်တဲ့ လူငယ်တွေရဲ့ကြိုးပမ်းမှုနဲ့ပေါက်ဖွားခဲ့တဲ့ တပ်မတော်ပါ။ ပဒေသရာဇ်တွေရဲ့ လက်ကိုင်တုတ်တပ် မဟုတ်ဘူး။

တပ်မတော်ရဲ့ ဖခင် ဆိုတာ အလကားနေရင်း မြှောက်ပင့်ပေးထားတဲ့ စကားမဟုတ်ပါဘူး။ သူစခဲ့တဲ့ စကားအတိုင်း အဲဒီ တပ်မတော်ကြီး ရုပ်လုံးပေါ်လာဖို့ သူကိုယ်တိုင် ပြည်ပကိုထွက် သူကိုယ်တိုင် အဆက်အသွယ်ရှာ သူကိုယ်တိုင် ပါဝင်ဖွဲ့စည်းခဲ့တာ အားလုံး သိပြီးသားပါ။

အဲဒီ အစည်းအဝေးမှာ သခင်အောင်ဆန်းကို ခံစားမှုနဲ့စကားပြောတယ်၊ မဖြစ်နိုင်တာကို ပြောတယ်လို့ ကောက်ချက်ချကြမယ့် လုပ်ဖေါ်ကိုင်ဖက်တွေ ဘယ်လောက်များကြမလဲ ဆိုတာ တွေးကြည့်လို့ရပါတယ်။

ပထ၀ီအနေအထားအရ ဒုတိယကမ္ဘာစစ်မှာ မြန်မာပြည်ဟာ စစ်တလင်း ဖြစ်ကို ဖြစ်ရမယ့်အခြေအနေပါ။ အဲဒီအချိန်မှာ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ အင်္ဂလိပ်ချပေးတဲ့ နိုင်ငံရေးလမ်းကြောင်းကိုပဲ ဈေးအလျှော့အတင်းဆစ်ကြရင်း လွတ်လပ်ရေးအတွက် ပုံဖေါ်ကြတယ်(ဥပမာ အိန္ဒိယက နေရူးတို့လိုပေါ့)။ ဗိုလ်ချုပ်အောင်ဆန်းကတော့ စစ်တလင်းဖြစ်မယ့် တိုင်းပြည်ရဲ့ အခြေအနေကို တိုင်းပြည်အတွက် အကျိုးရှိမယ့်ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချခဲ့တယ်။ ဗိုလ်ချုပ်ဟာ သွေးဆာနေတဲ့ စစ်သွေးကြွမဟုတ်ဘူး။ ဒါပေမယ့် ဒီဒုတိယကမ္ဘာစစ်ကိုပဲ အသုံးချပြီး မြန်မာတွေကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပိုရှိလာမယ့် အမျိုးသားစိတ်ဓါတ်တွေမြင့်မားလာခွင့်ကို ဖန်တီးခဲ့တယ်။ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်ခဲ့ပေမယ့် တချိန်မှာ ဂျပန်ကို ပြန်တော်လှန်ရမယ်ဆိုတာကိုလည်း အမြဲပြင်ဆင်ပြောဆိုခဲ့ပါတယ်။ဖက်ဆစ်နဲ့ပေါင်းခဲ့ပေမယ့် ဖက်ဆစ်မဟုတ်ဘူးဆိုတာကို သူ့ကို အကဲခတ်ခဲ့တဲ့ လော့ဒ်မောင့်ဘက်တန် လို မဟာမိတ်ခေါင်းဆောင်တွေ

ကတောင် ပြတ်ပြတ်သားသား အသိအမှတ်ပြုရတဲ့ အထိ အနေအထိုင်မှန်ခဲ့တယ်။ ဒါကြောင့်ပဲ စစ်ပြီးတဲ့အချိန်မှာ ဖက်ဆစ် စစ်ရာဇ၀တ်ကောင်အနေနဲ့ စစ်ခုံရုံးမတင်ခံရတာပေါ့။ အင်္ဂလိပ်အလိုတော်ရိ နိုင်ငံရေးသမားတချို့(ဦးစောတို့ အုပ်စုလို့ပဲ သိထားပါတယ်)က ဗိုလ်ချုပ်ကို စစ်ခုံရုံးတင်ဖို့ ကြိုးစားခဲ့ကြသေးတယ်။

ဝါဒစွဲနဲ့ လက်ဝဲ အုပ်စုတွေက ဖက်ဆစ်နဲ့ပေါင်း လို့ ဆန့်ကျင်ကြတယ်။ ၀ါဒစွဲနဲ့ပဲ အဲဒီလက်ဝဲတွေက စစ်ပြီးလို့ ကက်ဘိနက်အုပ်ချုပ်ရေးမှာ လွတ်လပ်ရေးကို တိုက်ယူရမယ်လို့ ဆုံးဖြတ်ခဲ့ကြပြန်ပါတယ်။

၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ တနှစ်အတွင်းလွတ်လပ်ရေးပေးပါ့မယ် လို့ အင်္ဂလိပ်အစိုးရက တိတိလင်းလင်း ကတိပြုခဲ့တဲ့ အောင်ဆန်းအက်တလီစာချုပ်ပါ အချက်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့ချုပ်ကို ကွန်မြူနစ်တွေက ဖေါက်ပြန်သွားပြီလို့ စွတ်စွဲ၊ လွတ်လပ်ရေးဟာ အတုပါ လို့သတ်မှတ်ပြီး လက်နက်ကိုင်ခဲ့တယ်။

လွတ်လပ်ရေးရဖို့ လက်နက်ကိုင်လမ်းစဉ်ကိုပဲရွေးချယ်ဖို့ ဆုံးဖြတ်ကြ၊ ဗိုလ်ချုပ်ကိုလည်း တိုက်တွန်းကြတယ်။

အဓိက ပြောချင်တဲ့ သမိုင်းရဲ့ အခန်း၊ အစိတ်အပိုင်းက ဒီမှာပါ။

အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းမှာ ပြည်သူ့ရဲဘော်အပါအ၀င် တပ်မတော်တရပ်လည်းရှိနေပြီ။ အင်္ဂလိပ်နဲ့ ဂျပန်နဲ့တိုက်ခဲ့တဲ့ အထိုက်အလျောက်စစ်ရေးအတွေ့အကြုံလည်း ရှိနေပြီ။ လက်နက်တွေဆိုတာ တနိုင်ငံလုံး အလျှံပယ်ဖြစ်နေတယ်။(နောက်တော့ အဲဒီ လက်နက်တွေနဲ့ပဲ တောခိုကြ၊ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရပါတယ်)။ အဲဒီအချိန်မှာ စစ်သွေးကြွ ဘာမဆိုတိုက်မယ်ဆိုတဲ့ ခေါင်းဆောင်တယောက်သာ ဆိုရင် တိုက်မယ်လို့ ဆုံးဖြတ်မှာပါပဲ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်ဝါဒကိုမှလည်း ရှေ့တန်းမတင်၊ ဘယ်သူ့ကိုမှလည်းမျက်နှာမထောက်၊ ပြည်သူလူထု အကျိုးစီးပွားတခုတည်းကိုသာ ရှေ့ရှုဦးတည်တဲ့ အင်မတန်မှ အမြှော်အမြင်ကြီးမားတဲ့ ခေါင်းဆောင်ကောင်းတယောက်ပါ။ တိုင်းပြည်ဟာ အင်္ဂလိပ်နဲ့ ဂျပန်နဲ့ စစ်တလင်းမှာ ဖွတ်ဖွတ်ညက်ညက်ကျေနေပြီဆိုတာ သူ သဘောပေါက်တယ်။ အတတ်နိုင်ဆုံး စစ်ကိုရှောင်ကွင်းပြီး နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့၊ စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး လွတ်လပ်ရေးကို ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ အိန္ဒိယက နေရူးတို့က ဒိုမီနီယာန်လွတ်လပ်ရေးသာယူပြီး တိုင်းပြည်ဖွံ့ဖြိုးမှုကို အရင်လုပ်ဖို့ အကြံပေးတာတောင် ကွန်မြူနစ်တွေရန်ကြောင့်လက်မခံခဲ့ဘူး။ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ မညီညွတ်မှုကြောင့် ဆုံးရှုံးရတာတွေ အများကြီးပါ။ ကျနော်တို့ရဲ တပ်မတော်ဖခင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ လိုအပ်ရင် တိုက်ဖို့ဝန်မလေးပေမယ့် မလိုအပ်ရင် အသက်တချောင်းတောင်အဆုံးရှုံးမခံတဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ပါတယ်။

တကယ်လို့များ တပ်မတော်မှာ ဗိုလ်ချုပ်လို အမြှော်အမြင်ကြီးမားတဲ့ ခေါင်းဆောင် တယောက်တလေလောက် ရှိမယ်ဆိုရင်ဗျာ . . .။

ခု ကချင်ပြည်နယ် အရေးကိစ္စမှာ လက်ရှိအစိုးရ ဟာ အနိုင်ရအောင်တိုက်မယ့် အလားအလာကိုပဲတွေ့ရတယ်။ ညှိနှိုင်းဖြေရှင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်မယ့် အလားအလာမတွေ့ရဘူး။ အထူးသဖြင့် တရုတ်နဲ့လုပ်ထားတဲ့စီမံကိန်းတွေကို ကာကွယ်ဖို့ လက်ရှိအစိုးရဟာ ဇွတ်တိုးဝင်တော့မယ့် သဘောတွေ့နေရတယ်။

ကချင်လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာ ဘာကြောင့်ပေါ်လာလဲ ဆိုတဲ့ ပြဿနာရင်းမြစ်ကို မကြည့်ပဲ၊ မဖြေရှင်းပဲနဲ့တော့ ဘယ်တော့မှ ပြေလည်တဲ့ အဖြေတရပ်ကို ရမှာမဟုတ်ဘူး။ ငါတို့မှာ အင်အားရှိတယ်၊ အပြုတ်တိုက်ပစ်လိုက်လို့ရတယ် လို့ ဆုံးဖြတ်လိုက်ရင် နောက်ဆက်တွဲ ပေးဆပ်ရမယ့် သမိုင်းရန်ကြွေးတွေဟာ မဆုံးနိုင်တင်နေကျန်နေခဲ့တော့မှာပါ။ တပ်မတော်သားတွေဟာလည်း စစ်ပွဲတွေမှာ အသက်တွေအများကြီးပေးဆပ်ကြရဦးမယ်။ ခုကိုပေးဆပ်နေရပြီမလား။ အဲဒီလို သေရကြေရတာတွေအားလုံး ဒီပြည်ထောင်စုသားတွေချည်းပါ။ ခုသေသွားတဲ့ ရဲဘော်တွေ၊ အရာရှိအကြပ်တပ်သားတွေရဲ့ မိသားစုတွေဟာ ဘယ်လောက်ပူဆွေးဝမ်းနည်းနေကြမလဲ။ အဲဒီ ရဲဘော်တွေ၊ အရာရှိအကြပ်တပ်သားတွေရဲ့မိသားစုတွေလိုပဲ တပ်မတော်သားတွေအားလုံးကိုတွေးစေချင်တဲ့ အတွေးတခုက တကယ်လို့ ဒီစစ်ကိုတိုက်ဖို့မလိုပဲ တခြားနည်းနဲ့ဖြေရှင်းလို့ရရင်ကော ဆိုတာပါပဲ။ လိုင်ဇာမြို့ထဲမှာ ကချင်လက်နက်ကိုင်တပ်တွေချည်းပဲ ရှိတာမဟုတ်ဘူး။ အပြစ်မဲ့တဲ့ သာမန်ကချင်ပြည်သူလူထုတွေ၊ အပြစ်မဲ့တဲ့ ကလေးသူငယ်လေးတွေအများကြီးဗျ။(မနေ့တနေ့ကမှ ဒုက္ခသည်စခန်းထဲ မွေးထားတဲ့ကလေးလေး တယောက်တောင် ရှိလိမ့်မယ်) အဲဒီလို အပြစ်မဲ့တဲ့သူတွေဟာ ရက်ရက်စက်စက် တိုက်ပွဲတွေကို ကြုံလိုက်တွေ့လိုက်ရရင် ဘယ်တော့မှ မကြေနိုင်တဲ့ ရန်ကြွေးတွေဟာ များသထက်များသွားတော့မှာပါပဲ။ ဒီပြည်ထောင်စုကြီးအတွင်းမှာ သေနတ်သံတွေစဲဖို့၊ ထာဝရငြိမ်းချမ်းဖို့ဆိုရင် ဒီလမ်းဟာ တက်တက်စင်အောင်လွဲမယ့်လမ်းကြီးပါ။ အမေရိကန်တွေ ဘယ်လောက်ပဲစစ်အင်အားကြီးကြီး အယ်လ်ကိုင်ဒါတွေရဲ့ ခြောက်လှန့်မှုကို နိစ္စဓူဝ ခံနေရတယ်မလား။ ဒါ စ ကတည်းက ကိုင်တွယ်ဖြေရှင်းပုံမှားယွင်းလို့လို့ပဲ ကျနော်မြင်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ လုပ်စရာတွေအများကြီး၊ လုပ်ဖို့ကြိုးစားနေတာတွေ အများကြီးလို့ ကျနော်နားလည် ခံယူမိပါတယ်။ မနေ့က ဆရာခင်မောင်ညိုရဲ့ဆောင်းပါးလေးကို ဖတ်ပြီး အစိုးရအနေနဲ့ ကြိုးပမ်းအားထုတ်နေတာတွေ ရှိပါလိမ့်မယ် လို့မြင်မိပါတယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးနေတာ၊ ဆက်သွယ်ရေးက လက်ကိုင်ဖုန်းတွေကို တိုးချဲ့ချပေးနေတာ၊ (ဈေးနှုန်းတွေ ဒါ့ထက်ချိုဖို့၊ လိုင်းတွေဒါ့ထက်ကောင်းဖို့၊ အင်တာနက်အသုံးပြုမှုတွေ နိုင်ငံတကာအဆင့်အတန်းမီဖို့ တွေကတော့ လိုပါသေးတယ်) စတဲ့ လုပ်ရပ်တွေဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေလို့မြင်ပါတယ်။ တချိန်တည်းမှာ အဲဒီလို လုပ်ချင်တာတွေ များတဲ့ အစိုးရတရပ်အဖို့ အတိုင်းတိုင်းအမြို့မြို့မှာ ဖေါက်ခွဲတိုက်ခိုက်မှုတွေ ရှိနေလို့ကတော့ ဘာမှ လက်တွေ့အကောင်အထည်ပေါ်လာမှာ မဟုတ်ပဲ ငါးနှစ်သက်တမ်းကုန်ဆုံးသွားလိမ့်မယ်။ သက်တမ်းစေ့ရင် အပေါင်းလက္ခဏာတိုးတက်မှုထက်၊ ရှိပြီးသားတွေတောင် ဖေါက်ခွဲ ဖျက်ဆီးခံလိုက်ရတဲ့ အနုတ်လက္ခဏာကိုဆောင်သွားလိမ့်မယ်။ ခုကို ကချင်ပြည်နယ်မှာ တံတားတွေ ဘယ်နှစင်းပျက်စီးခဲ့ပြီလဲ။

ထပ်ပြီးတောင်းဆိုပါရစေ။

အစိုးရအနေနဲ့ အတတ်နိုင်ဆုံး စစ်ကို ရှောင်ကွင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးပါ။ နောက်ဆုံးအချိန်အထိ သဘောထားကြီးကြီးနဲ့ စေ့စပ်ဆွေးနွေးပေးပါ။ ကချင်တိုင်းရင်းသားများရဲ့ အနာတွေ၊ ခံစားမှုတွေကို နားလည်စာနာပေးပါ။ တခြားပြည်နယ်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားများနဲ့ ပဋိပက္ခအားလုံးကိုလည်း ငြိမ်းချမ်းစွာနဲ့ဖြေရှင်းပေးဖို့တောင်းဆိုပါရစေ။

ချိုတူးဇော် ၏ ဖေ့ဘွတ် စာမျက် နှာ မှ ရယူပါသည်

2 thoughts on “လိုင်ဇာမြို့ကို တိုက်တော့မယ် ဆိုရင်

  1. If Kyatpyae Junta Regime didn’t acknowledge legally of Daw Suu with NLD,registrated at Multi-parties’s election comission of SLORC in 1988,will have to remove SLORC’s historical laws,Acts,Rules & disciplines.

  2. Kyatpyae Junta Regime has ordered to disorganize NLD’s political legal stand by self-registrating of Social welfares organization because they wanted to remove early the legal stand of Daw Suu with NLD and external democratic forces(NCGUB,NCUB & extra) too by 2011-election on 2008-constitution , a dishonest socalled peace-talks & unjust civil wars.

Comments are closed.