မြောက်ပိုင်း ဒေသ မှ အရိုးတွန်သံများ ( အပိုင်း – ၁ )

အောင်မိုးဝင်း၊                ၊(၁)ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။ ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။

တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း  တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။

(၂)

ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် – ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။

တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။

(၃)

ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။  လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။

တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။  ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။

အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။

(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)

ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံခဲ့ရ

 ( ၁၃) ရဲဘော်အောင်အောင် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)

ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံရ

(၁၇)ပည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက

(၁) ကိုကျော်ဝေ ( မန္တလေး)

(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။

(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊

(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်

(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) – ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်

ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။

9 thoughts on “မြောက်ပိုင်း ဒေသ မှ အရိုးတွန်သံများ ( အပိုင်း – ၁ )

  1. bal thu tway bar pal pyaw pyaw bar tway pal load pay nay load pay … bar mha ma ti tae luu tway ka tot set pyee tot tay kyay nay kya own mhr par pal …

  2. ကျနော် FNG ကို အမြဲတမ်းဖတ်ပါတယ်။ သတင်းတွေ၊ဆောင်းပါးတွေကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် ကောမန့် တခါမှ ၀င်မရေးဖြစ်ပါဘူး။

    ဒီဆောင်းပါးကို ဖတ်ရတာ တကယ်ကို တုန်လှုပ်ချောက်ခြားစရာပါ။ မြန်မာ့အရေးလေ့လာသူ (ယခင် ABSDF နိုင်ငံခြားရေးတာဝန်ခံ လုပ်ခဲ့ဖူးသူ) ကိုအောင်နိုင်ဦး က ဧရာဝတီ သတင်းဆိုဒ်မှာ ABSDF နှစ်ခြမ်းကွဲပုံတွေ၊ အရှုပ်တော်ပုံတွေကို သူ့ဆောင်းပါးထဲမှာ ဖွင့်ချခဲ့ပါတယ်။ အဲဒီတုန်းက ပြည်ပမှာနေပြီးတော့ ဒီလိုရေးရပါ့မလားဆိုပြီးတော့ ကျနော်သူ့ကို အမျိုးသား သစ္စာဖောက်လို့စိတ်ထဲမှာ မှတ်ထားလိုက်မိတယ်။ သူ နဲ့လည်း လူချင်းသိပါတယ်။ ချင်းမိုင်က သူ့အိမ်ကိုလည်း မကြာခဏ ရောက်ဖူးပါတယ်။ ဧရာဝတီကိုလည်း ပြည်ပအတိုက်အခံသတင်းဌာနအနေနဲ့ ကိုအောင်နိုင်ဦးရဲ့ ပြည်အအတိုက်အခံတွေအကြောင်း ဖွင့်ချတဲ့ ဆောင်းပါးတွေကို တင်တဲ့အတွက် သံသယဖြစ်မိခဲ့တယ်။

    ကိုအောင်နိုင်ဦးဆောင်းပါးထဲမှာ ဒီဆောင်းပါးမှာလောက်အသေးစိတ် အခုလို ရေးမထားဘူးပေါ့လေ။ အခု ဒီဆောင်းပါးကိုဖတ်ရတော့မှ သြော်….နအဖ၊ န၀တ မှ မဟုတ်ဘူး။ အမှန်တရားကို မြတ်နိုးလို့ တိုက်ပွဲဝင်ကြပါတယ်ဆိုတဲ့ ကျောင်းသားတွေလည်း အခုလို သက်သေ၊ အထောက်အထားမခိုင်လုံပဲ နဲ့ လူတပြုံကြီးကို ရက်ရက်စက်စက် သတ်ခဲ့ကြတာပါလားဆိုပြီးတော့ အော့နှလုံးနာသွားတယ်။ တကယ်ကို ရွံသွားပြီဗျာ။ တော်လှန်ရေးတရပ်မှာ လူသတ်တာ ဘာမှမဆန်းပေမယ့် သေနတ်ရှိရဲ့ သားနဲ့ သေနတ်နဲ့ တခါတည်း အဆုံးမစီရင်ပဲ မသေမချင်း လက်ဖြတ်၊ခေါင်းဖြတ်၊မုဒိမ်းကျင့် တယ်ဆိုတာက လူကမွေးကြတာမှ ဟုတ်ကြရဲ့လားဗျာ။ အရင်ကတော့ ကျနော် စစ်တပ်ကိုပဲ အဆိုးမြင်ခဲ့တာ။ အခုတော့ အားလုံးအတူတူပဲ။ မကောင်းဘူး။ ဘယ်သူမှမကောင်းဘူး။ ကျနော် မွေးလာတဲ့ ကလေးတွေများ ဒီလို စိတ်ဓာတ်တွေရှိလာမှဖြင့်ဗျာ။ တွေးတောင် မတွေးရဲတော့ဘူး။

    ဒါက စစ်အစိုးရရဲ့ စနစ်းဆိုးကြောင့်မဟုတ်ပါဘူး။ လူအချင်းချင်း စာနာစိတ်မရှိတာ၊ လူစိတ်မရှိတာလို့ ပြောလို့ရပါတယ်။ အခုလိုပြောရင်တော့ သူတို့ကပြောမှာပေါ့။ မင်းဘာနားလည်လို့လဲ၊ဘယ်လောက်သိလို့လဲလို့။ သိတာပေါ့ဗျာ။ ကျနော်လည်း ဒီဘက်ခေတ်မှာ အဲဒီ AB အဖွဲ့ဝင်တွေ၊ တော်လှန်ရေး သမားဆိုသူတွေရဲ့ ကြားမှာ နေခဲ့ဖူးတော့ သိတာပေါ့။ သူတို့ကိုယ်သူတို့ သမိုင်းတခေတ်ရဲ့ သူရဲကောင်းတွေလိုလို၊ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးမှာ အရေးပါဆုံးပုဂ္ဂိုလ်တွေလိုလို ထင်တလုံးနဲ့နေနေကြတဲ့ လူတွေပါ။ တခါတလေ သူတို့ကြားမှာနေရစဉ် သဘောထားမတိုက်ဆိုင်တာလေးတွေရှိရင် ဘာပြောတယ်မှတ်လဲ။ “ဒီမှာက မြန်မာပြည်ထဲမှာလို ထောင်တော့မရှိဘူးကွ (တခါတည်း သတ်ပစ်တယ်ဆိုတဲ့ သဘော)” ဆိုတဲ့ ချိမ်းချောက်တဲ့ စကားမျိုးကို မကြာခဏပြောတယ်။

    အခုဆိုရင် စစ်တပ်ရော၊တော်လှန်ရေးသမားဆိုသူတွေကိုရော အော့နှလုံးနာလွန်းလို့ သူတို့နဲ့ အဝေးဆုံးနေရာတခုမှာ ကျနော့်ကိုယ်ကျနော် ဇာတ်မြှုပ်နေပစ်လိုက်တယ်။ အဆက်အဆံလည်း မလုပ်ချင်တော့ဘူး။ ဒီဆောင်းပါးကို ဖတ်ပြီး ကျနော် မြန်မာတယောက်ပါဆိုပြီး ဂုဏ်မယူရဲတော့ပါဘူး။ ကျနော်တို့တွေ အမျိုးယုတ်တွေဖြစ်နေကြပြီလားဗျာ။

  3. ဒါဟာ လက်စားချေချင်တာမဟုတ်။ တရားမျှတမှုကိုတောင်းဆိုတာသာဖြစ်တယ်။
    ဒါဟာအညှိုးအတေးထာတာမဟုတ်၊ ရာဇဝတ်မှုကိုဖေါ်ထုတ်တာသာဖြစ်တယ်။
    ဒါဟာ လုပ်ကိုလုပ်ရမယ့် အလုပ်ဖြစ်တယ်။
    ဒီလိုလူမဆန်တဲ့ လုပ်ရပ်တွေကို ဗမာမှသာလုပ်တာမဟုတ်။ ဘယ်လိုလူမျိုးမှာမဆို ဒီလိုအဖြစ်တွေ၊ဒီလိုပြုမူသူတွေရှိတယ်ဆိုတာ၊ ဆိုင်ဆိုင်မဆိုင်ဆိုင် ဗမာမုန်းတီးရေးဝင်ပြောချင်သူကိုသတိပေးလိုက်ပါရဲ့။ ဒီရာဇဝတ်မှုကိုကျူးလွန်သူအားလုံးဟာ ဗမာတွေချည်းပါလို့မင်းလဘယ်လိုလုပ်သေချာရတာလဲ။
    ဒီ

  4. ဗမာလူမျိုးတွေဟာ လူမဆန်တဲ့ မျိုးရိုးဗီဇနဲ့ ရိုင်းစိုင်းတဲ့ စိတ်နေသဘောထားရှိကြတယ်။ အဲဒီတော့လဲ သူတို့နဲ့ ထိုက်တန်တဲ့ ခေတ်သစ်ကျွန်ဘဝတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျွန်ခံနေကြရတယ်။ ဒီနေ့ကမ္ဘာမှာ မြန်မာဆိုတာ အဆင့်နိမ့်တဲ့လူတန်းစားပါ။ အရင်းအမြစ်ကတော့ စိတ်ဓါတ်အောက်တန်းကျလို့ အမြဲတမ်းလူအောက်ကျကြပါတယ်။ အဲဒီထဲမှာ ဗမာကတော့ အောက်တန်းအကျဆုံးပဲ။

    1. ဒီလိုလူမဆန်တဲ့ လုပ်ရပ်တွေကို ဗမာမှသာလုပ်တာမဟုတ်။ ဘယ်လိုလူမျိုးမှာမဆို ဒီလိုအဖြစ်တွေ၊ဒီလိုပြုမူသူတွေရှိတယ်ဆိုတာ၊ ဆိုင်ဆိုင်မဆိုင်ဆိုင် ဗမာမုန်းတီးရေးဝင်ပြောချင်သူကိုသတိပေးလိုက်ပါရဲ့။ ဒီရာဇဝတ်မှုကိုကျူးလွန်သူအားလုံးဟာ ဗမာတွေချည်းပါလို့မင်းကဘယ်လိုလုပ်သေချာရတာလဲ။

      December 26, 2011
      Reply

  5. ဘာတွေလဲ..အဲဒါဗမာစိတ်ဓာတ်လား?
    နိုင်တိုင်းလူမဆန်စွာပြုခွင့်ရှိကြေးလား…ဒါဆို န.အ.ဖ.ကိုဘာလို့တိုက်နေတာလဲ..
    ဘာထူးလဲ…လက်စားချေတယ်..အညိုးအတေးထားတယ်…
    ဒီလိုစိတ်ဓာတ်နဲ့..တိုင်းပြည်ထူထောင်လို့ရမယ်ထင်နေလား..
    ဝေးသေး…န.အ.ဖ ပြုတ်သွားလဲ…ဘာမှမထူးဘူး..နောက်ထပ်နံမယ်တစ်မျိုးနဲ့..
    တက်လာဦးမှာပဲ….ရိုင်းစိုင်းအဖွဲ့အစည်းတက်လာဦးမှာပဲ..

  6. ဒီပြဿနာများကို လက်ရှိABSDF ကကိုင်တွယ်ဖြေရှင်းသင့်သည်။

Comments are closed.