စိုးမင်း၊ ၊ထမင်းအသက် ခုနစ်ရက် ရေအသက်တစ်မနက်လို့ ဆိုသလို ဖေ့စ်ဘုတ်ကြီးရဲ့ အသက်ဟာ
လည်း တစ်ရက်စာလောက်တော့ ခံမယ်ထင်ပါတယ်။ နောက်တနေ့မနက်ရောက်လို့ ရာသီလေ
ကလေး တစ်မျိုးပြောင်းသွားရင် အာရုံကလေးတွေက လိုက်လိုက်ပြောင်းသွားကြတာကိုး။ ဘူတန်မှာကတည်းက တနေ့တနေ့ အဲဒီအပေါ်မှာချည့်ပဲ အချိန်ကုန်ခဲ့တာ နှစ်ပြောင်းလရှည်
ကြာခဲ့ပြီ မောင်ရေ ဆိုတော့ ခဏတဖြုတ်ဝင် ကြည့်လိုက်ရင်ကိုပဲ ဒီကနေ့ဘာဂဏန်းထွက်မလဲ
မှန်းလို့ရနေပေါ့။
ကိုယ့်ဘ၀ရဲ့ အပြောင်းအလဲထဲမှာတော့ ဒီဖေ့စ်ဘုတ်ကြီးလည်း ပါခဲ့တာပေါ့လေ။ သူ့ပေါ်မှာမှ စာတွေ
စရေးဖြစ်လာတာ မဟုတ်လား။ စာရေးဆရာဖြစ်ရချည်သေးရဲ့လို့လည်း မမျှော်ခဲ့ပါဘူး။ (ခုလည်း
ဖြစ်မှ မဖြစ်သေးတာ)။ ပေါ်ပြူလာဖြစ်ရချည်သေးရဲ့လို့လည်း မအောင့်မေ့ပါဘူး။ အခုလုပ်နေမိတဲ့အ
လုပ်အပေါ်မှာ ကျေနပ်မိတာ တစ်ခုပဲ ရှိတယ်။ တွေးမိလာတာပေါ့။ အရင်ကဆို မစဉ်းမစား မတွေး
မတော ထင်ရာလုပ်၊ ထင်ရာပြော မောင့်သဘောဗျ။ အစကရေးခဲ့တဲ့စာတွေနဲ့ အခုနောက်ပိုင်းရေးဖြစ်
တဲ့စာတွေ ကွာလာတာလည်း ကိုယ့်ဘာသာ သတိထားမိလာတယ်။ မြင်းရိုင်းများ တစတစယဉ်လာ
သလိုပေါ့။
တစ်သက်လုံး အကျက်အမှတ်နဲ့ လူဖြစ်လာခဲ့တာ ခုခါမှ ဦးဏှောက်ကြီးက အတွေးအတောဘက်ကို
ရောက်လာသလိုပဲ။ အသက်အရွယ်နဲ့များ ဆိုင်မလားမသိ။
နောက်တစ်ခုသတိထားမိပြန်တာက အပြင်လောကကြီးဟာလည်း အရင်ကနဲ့မတူ ပြောင်းလဲ
လာပုံတွေကိုပေါ့။ သင်္ခါရလောကကြီး လို့ ပြောကြတာ ဒါ့ကြောင့်ထင်ပါရဲ့။ ကိုယ်ကရော အရင်အ
တိုင်းနေလို့လား။
ရက်စွဲနဲ့ ဓါတ်ပုံအဟောင်းတွေ ပြန်ကြည့်လိုက်ရင် သံဝေဂရစရာကြီး။ ကိုယ့်ထက်ပိုပြီး သံဝေဂရတဲ့သူတွေ
ကတော့ မင်္ဂလာဆောင်ဓါတ်ပုံတွေ တင်လိုက်ကြ၊ ဟိုစတေးတပ်ကလေးပြင်လိုက်ကြနဲ့ မောင်အရင်လို
မဟုတ်တော့ဘူးလို့ လူသိရှင်ကြား ၀င့်ဝါကြတယ်။
ဒါဆိုရင် နိုင်ငံတော်ကြီးကရော မပြောင်းလဲပဲ အရင်အတိုင်းရှိနေမယ်လို့ လှေနံဓါးထစ် မှတ်ထားတာ
ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်။ တစ်သက်လုံးခွတိုက်ပြီး အပုပ်ချလာခဲ့တာ အခုကောင်းလာပြီ။ နင်
မသိချင်ယောင်ဆောင်ပြီး ပါးစပ်ကြီးပိတ်နေတာလား လို့ ဆိုနေပါဦးမယ်။ အရင်ကလည်း အပုပ်ချချင်လို့
မကောင်းကြောင်းရှာရေးနေခဲ့တာမဟုတ်၊ သူများမြှောက်ပေးလို့ ရေးခဲ့တာမဟုတ်၊
(တကယ်တော့ အတန်တန် တားကြပါတယ်) ကိုယ့်စိတ်ထဲမှာ ခံစားလာရတဲ့အတိုင်း၊ တွေးမိတဲ့အတိုင်း
မျှဝေရေးလိုက်တာပဲ။ အခုလည်း ရင်ထဲမှာ ခံစားလာရရင် ရေးမှာပေါ့။ သုမနကျောမှာ ဒဏ်ရာတွေမှ
မကျက်သေးပဲနဲ့။ ချောင်ပိတ်ရိုက်လို့ဝမှ ထန်းလျက်ခဲကလေးပြပြီး အို့ အို့ လို့ခေါ်ရင် အောင်နက်တောင်
ချက်ချင်း ထွက်မလာရဲဘူးလေ။ စိုးမြတ်သူဇာကြီး အမေကြီးကားက ပထမတစ်ခေါက်ပြန်လာလို့ အယ်
စတုံဂွမ်ကြီး ဖြစ်လာတဲ့အခါ စတွေ့တွေ့ချင်း ဒွေးကပြောတဲ့ စကားကလေးတစ်ခွန်းကို ပြောပြချင်ပါတယ်။
“သြော် .. သူများတွေ ပြောနေသလောက်ကြီးလဲ မဆိုးသေးပါဘူးနော့..”တဲ့။ ၀တာကတော့ တကယ်
ဝနေတာ မြင်ဖူးတယ် မဟုတ်လား။ သို့သော်လည်း အချင်းချင်းဆိုတော့ အားပေးရတာပေါ့အေ။
နောက်တော့လည်း ပိန်သွားတာပဲ ဟုတ်တယ်ဟုတ်။ အခုလည်းပဲ ကျုပ်တို့အစိုးရကြီးကို နဖူးတွေ့ ဒူးတွေ့
တွေ့မိရင် နှုတ်ဆက်ချင်တာကတော့ ”သြော် .. သူများတွေ ပြောနေသလောက်ကြီးလည်း မဆိုးသေးပါဘူး
နော့…” လို့။
ဘာပဲပြောပြော ပြောင်းလဲမှုဖြစ်စဉ်ကြီးထဲမှာ သူတို့လည်း ဘာသားနဲ့ထုထားတာမို့လို့ ထာဝစဉ်
တည်မြဲနေမလဲ။ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်မှ ရှင်သန်ကျန်ရစ်တယ်ဆိုတာ ကမ္ဘာဦးအ
စကတည်းက နိယာမပဲဟာ။ လူတွေကတော့ ဒီလူတွေပဲ။ ဒါပေမယ့် အရင်ကနဲ့မတူတော့ဘူး မဟုတ်လား။
တကယ်ပြောင်းလဲတာ ဟုတ်မဟုတ်ဆိုတာ သူတို့အပေါ်မှာ မတည်ပါဘူး။ ပြည်သူတွေ အားလုံးအပေါ်မှာပဲ
တည်ပါတယ်။ ပြည်သူတွေကိုယ်တိုင်က တကယ်ပြောင်းလဲမှ သူတို့လည်းပဲ သူတို့ရှင်သန်နေထိုင်ရေးအ
တွက် လိုက်ပြီး ပြောင်းလဲယူကြမှာပေါ့။ အခုမှ ခက်တော့တာပါပဲဗျာ။ ပြည်သူတွေက မပြောင်းလဲသေးဘူးဗျ။
အရင်သောက်ကျင့်တွေ အတိုင်းပဲရှိသေးတယ်။ ကလေးဘ၀တုန်းက သင်္ကြန်သံချပ်တွေထဲမှာ မောင်ကြေးမုံတို့
အော်ခဲ့တဲ့ ခြင်းကြီးထဲက ကြက်တွေလိုပဲဆိုတာ အခု အနှစ်လေးဆယ်ပြည့်တော့မယ်။ ဒီအတိုင်းပဲရှိသေးတာ။
ဟောရင်းမတ်တပ်က ပျံတော်မူခဲ့တဲ့ ဘုန်းကြီးတွေလည်း မနည်းတော့ဘူး။ “လိမ္မာရစ်ကြပါ” ဆိုတာ
ဥိးဝိစာရကတည်းက မှာသွားခဲ့တာမဟုတ်လား။ လူလိမ္မာလုပ်ကြပါလို့ အနက်ပြန်ထားကြသလားမသိ။
တို့ကတော့ တို့ကတော့ နဲ့ သိုးမည်းဟောင်းကြီးတွေ ဘ၀က မကျွတ်သေးဘူး။
ဘာလို့ မပြောင်းလဲရမတုန်း မောင်ရာ၊ အရင်ကလို ထီးဖုန်းအောက်ကနေ “ရင်ထဲကို အေးမြသွားမယ်
ရေခဲရေ။ သောက်မလားကို့” ဆိုတဲ့အသံနဲ့အပြိုင် ကျူတဲ့အစားမျိုးမဟုတ်တော့ဘူး။ ဘတ်စကားပေါ်
ဟန်းဖုန်းပြောရင် ဟိုလူကြည့်ဒီလူကြည့် အကြည့်မခံရတော့ဘူး။ ၀တ်ထားစားထားတာကအစ
လန်ထွက်နေတယ် မဟုတ်လား။
ဆံပင်တွေတောင် ဆေးဆိုးပြီး နားပေါက်တွေဖောက်ထားတာ မမြင်ဘူးလား။ အရင်အတိုင်းပဲလို့ လာမပြောပါနဲ့
သနားတယ်လို့ ဆိုချင်ဆိုမယ်။ ဟုတ်ပါတယ်။ လူတစ်ကိုယ်လုံးပြောင်းလဲသွားတာကတော့ တသွေးတမွေးကိုဖြစ်လို့။
မှတ်မိချင်မှတောင် မှတ်မိမယ်။ မပြောင်းလဲတာက စိတ်ဓါတ်နဲ့ အကျင့်တွေ။ သွားလေသူကြီးတွေဟာ
လူထုဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာကို သိပ်အလေးထားကြပါတယ်။
သူတို့ မေ့နေကြတာက လူမှုကျင့်ဝတ်နဲ့ စိတ်ဓါတ်မြှင့်တင်ရေးဆိုတာ ဘာမှန်းသိအောင် လေ့ကျင့်မပေးခဲ့ဘူး။
ခုချိန်အထိ မြန်မာပြည်မှာ လူတစ်ယောက်ကို အဆင့်အတန်းခွဲခြားမယ်ဆိုရင် သူစီးတဲ့ကား၊ သူနေတဲ့အိမ်၊
သူ့မိဘဘာလုပ်သလဲ ဆိုတာနဲ့ပဲ တန်ဖိုးဖြတ်ကြတယ်။ သူ့အနေအထိုင်၊ အကျင့်စာရိတ္တ၊ စိတ်နေသဘောထား
ဆိုတာတွေက တစ်ပြားမှ တန်ကြေးမရှိဘူး။ လူရိုးဆိုတာ သင်းချိုင်းမှာတောင် မရှိတော့ဘူး။ ကြံတောနေရာက
ပွဲစားတန်းမှာ သွားကြည့်။ အကိုရေ ဘာကားရိုက်ချင်သလဲ ပြော။ အောက်ကားလား အထက်ကားလား။
ဘယ်လောက်သုံးမှာလဲ နဲ့ သွက်သွက်လည်သွားမယ်။
နိုင်ငံတစ်နိုင်ငံက လူတွေရဲ့ အဆင့်အတန်းကို အကဲဖြတ်တဲ့အခါမှာ စောစောကပြောတဲ့ ပဲလည်းလှော်မရ
သဲလည်းကော်မရတဲ့ နတ်အိုးကွဲလို တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်လို့မှ နှစ်ပြားထွက်မလာတဲ့ စိတ်နေစိတ်ထား၊
စာရိတ္တ၊ ဓလေ့စရိုက်ဆိုတာတွေက စကားပြောလာပါတယ်။ ဥပမာတစ်ခု ပြောပြပါ့မယ်။ လူမျိုးရေးတွေ ပါလာ
တယ်ထင်ရင် ခွင့်လွှတ်ကြပါ။ ရည်ရွယ်ချက်က အဲဒီမှာ မရှိပါဘူး။ ကာလကတ္တားဟာ ကမ္ဘာမှာ လူဦးရေ
အသိပ်သည်းဆုံး မြို့ကြီးတွေထဲမှာ အင်္ဂလိပ်ခေတ်ကတည်းက ဗိုလ်စွဲထားပါတယ်။
အိန္ဒိယဟာလည်း ကမ္ဘာပေါ်မှာ ရှေးအကျဆုံး မြို့ပြနိုင်ငံတွေထဲမှာ မဇ္ဖိမတိုင်းရယ်လို့ အစဉ်အလာကြီးမားခဲ့တာပါ။
အခုလည်း အာရှတိုက်မှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံပါတဲ့။ ကာလကတ္တားက ဘင်္ဂါလီသားများရဲ့သဘာဝကတော့
ရောက်ဖူးသူတွေကို မေးကြည့်ကြပါ။
ကျွန်တော်ပြောတဲ့အတိုင်း ဟုတ်မဟုတ်။ ကာလကတ္တားမှာ အင်္ဂလိပ်လိုပြောပြီး အငှားကားစီးလို့မရပါဘူး။
ဒရိုင်ဘာတွေ အင်္ဂလိပ်လို မတတ်လို့ မဟုတ်။ အဂ်လိပ်လိုပြောတတ်တဲ့ ဒရိုင်ဘာတွေဆို ပို ကြောက်ရလို့ပါ။
သွားရမယ့်လိပ်စာကို ကဒ်ပြားကြီးနဲ့ပေးလိုက်ပြီး ပိုက်ဆံအရွက်လိုက်ထောင်ပြ ဒီဈေးနဲ့နော်လို့ ဘယ်လိုပဲ
ပြောထားပြောထား။ ဟိုတွေ ဒီတွေ ထင်သလို လျှောက်မောင်း လမ်းမှားတယ် လမ်းပိတ်တယ် ထင်သလိုပြောပြီး
သုံးလေးဆထပ်တောင်းတာ ထုံးစံပါ။
တစ်ခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်၊ ကိုယ်တစ်ယောက်တည်း ကြုံရတာလည်းမဟုတ်။ နောက်ပိတ်ဆုံး
လေဆိပ်ကနေ ဘောက်ချာနဲ့ဖြတ်ပေးတဲ့ ကြိုတင်ပေးအငှားကားတွေ စီးတာတောင်မှ ဘောက်ဆူးမပေးရင်
အထုပ်မပေးဘူး ဆိုတဲ့သူတွေနဲ့ချည့် တွေ့ရပါတယ်။ ဟိုတယ်က ကုလားစကားပြောတတ်တဲ့လူနဲ့ ကားငှားစီး
လည်း လွတ်မယ်မထင်နဲ့။
ငါးဆယ်ပေးရတယ်ဆိုတဲ့ကားဟာ လမ်းရောက်ရင် နှစ်ရာဖြစ်သွားရော။ မက်ထရိုစီးတတ်သွားတော့ အဲဒါ
လေးကျပ်ပဲ တန်တဲ့ခရိး။ ပိုတောင်မြန်သေးတာ။ လေဆိပ်ကငွေလဲတဲ့ဆိုင်နဲ့ မြို့ထဲကဆိုင်တွေကလည်း
ရူပီးသုံးရာလောက် ဈေးကွာပါတယ်။
မြို့ထဲမှာလည်း လဲနေကြဆိုင်မဟုတ်ရင် သေသေချာချာ ဈေးမေးပြီးလဲလေမှ။ မဟုတ်ရင် နောက်ကျောက
ဝှိုက်ဘုတ်ပေါ်မှာ ရေးထားတဲ့ဈေးနဲ့ သုံးရာလောက် ကွာပြန်တာပဲ။ အဲဒါ ရောင်းဈေး ၀ယ်ဈေးမဟုတ်ဘူး
လို့ ပြောင်ငြင်းပါတယ်။ တကယ်တော့ ဇယားကွက်မှာ နေ့စွဲရော ၀ယ်ဈေးရော၊ ရောင်းဈေးပါ အကြွေဈေးပါ
မကန် ရေးထားပြီးသား။
ဒါမျိုးလာကျောလို့ ဘာရမလဲဆိုတဲ့စိတ်ဓါတ်နဲ့တော့ မလာလေနဲ့။ တနေကုန် တွေ့သမျှလူနဲ့ ရန်ဖြစ်နေရလို့
ထမင်းတောင် စားရလိမ့်မယ် မဟုတ်။ ရန်ကုန်က ကားစပါယ်ယာတွေ အကြွေပြန်မအမ်းတာလောက်ကတော့
သူတို့ဆီက တို့များရိုးရာ တို့ရိုးရာပဲ။ နေ့တိုင်းစားနေကျ ထမင်းဆိုင်တောင် ဘောက်ချာထဲကအတိုင်းပေးပြီး
ဘောက်ဆူးမပေးရင် ရေခွက် ၊ ခက်ရင်းလာချမပေးဘူး။ ခေါ်ရင် မကြားချင်ယောင်ဆောင်မယ်။
လူတဘက်သားပြောရမယ်ဆိုရင် ရစရာမရှိဘူး။ အတုံးလိုက်အတစ်လိုက် လို့ မထင်ပါနဲ့။ ပြောချင်တာက
အဲဒီစိတ်ဓါတ်အဆင့်အတန်းမျိုး မြန်မာတွေမှာ ရှိလာရင် ဘယ်လောက်ရှက်စရာကောင်းသလဲဆိုတာ
သတိပြုမိစေချင်လို့ပါ။ နီးတော့ နီးစပ်လာပြိလား မသိပါဘူး။
အဲဒါ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား စိတ်ဓါတ်လို့ခေါ်ပါတယ်။ နောက်တခါ အကြောင်းကြုံကြိုက်လို့
သူများက ကိုယ့်ကို အဲသလို မှတ်ချက်ပေးလာရင် ဆဲတာထက် နာလိုက်ကြပါနော်။ ( ငါကချည့်ပဲ ဦးအောင်
မှတ်ချက်ပေးပလိုက်မယ် လို့လည်း မှတ်မနေနဲ့။ အဲဒါ အတူတူပဲ) နို့ အခု အဲဒီစိတ်က ကျုပ်တို့ဆီမှာ ရှိနေ
လို့လား လို့ မေးရင်တော့ ဒွေးပြောသလို “သြော် .. သူများတွေ ပြောသလောက်ကြီးလည်း မဆိုးသေးပါဘူး
နော့ …” ပေါ့။
တကယ်တော့ ကိုယ်ကိုယ်တိုင်ကလည်း အဆင့်မြင့်မြင့် ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေမှာ တည်းပြီး
လီမူစင်းကားကြီးတွေ ငှားမစီးနိုင်တဲ့ အစားမို့လို့ပါ။ ကာလကတ္တားမှာလည်း မွန်မွန်ရည်ရည် အထက်တန်းကျ
ကျ လူယဉ်ကျေး ပညာတတ်တွေ ပေါလွန်လွန်းလို့။ ကိုယ်က နောက်ဖေးလမ်းကြား လမ်းသလားတော့
ခွေးချေးနင်းမိတာ ဘာဆန်းသလဲ။ သူတို့ဆီမှာတော့ ရဲရဲသာနင်းပစ်လိုက် လူချေးမှ လူချေး လို့ တစ်ခါ
ပြောခဲ့ဖူးပြီရော။
အခုပြောတာက မြန်မာတွေခွေးချေးမဖြစ်ဖို့ အဲဒါကြီးတွေက ရွံစရာကြီးတွေ အော့အော့ကျိကျိ လို့ ဥပမာပေးတာပါ။
သူများကို စော်ကားသလိုဖြစ်ရင် ကန်တော့ပါသေးရဲ့။ အဲ ခုမှ ပိုဆိုးသွားပြီ။ ကန်တော့ ကန်တော့။ ဒီမှာ အဲဒါမျိုးရှိမရှိ
လေဆိပ်ကနေ၊ အောင်မင်္ဂလာကနေ ကားငှားစီးဖူးရင် သိကြလိမ့်မယ်။ အဲဒါကြွားစရာမဟုတ်ဘူး။
(ကိုယ့်ဂိုးတော့ ကိုယ် အသေကာရတာပ)
ပေါက်ကရရှစ်ဆယ်စာတွေ လျှောက်ရေးတဲ့အခါ တချို့သူတွေက လူမျိုးရေးခွဲခြားလွန်းတယ်။
ကျဉ်းမြောင်းတဲ့ အမြင်ရှိတယ် လို့ မှတ်ချက်ပေးပါတယ်။ တော်တော် စိတ်မကောင်းမိပါဘူး။ ကိုယ်
အပြောခံရလို့ မဟုတ်ပါ။ ကိုယ်ရေးတဲ့စာကြောင့် တဘက်သားမှာ အမျိုးနဲ့ချီ နာသွားရလို့ စိတ်မကောင်းတာပါ။
အခါခါပြောခဲ့သလိုပဲ ပုဂ္ဂိုလ်ရေးမရည်ရွယ်တဲ့စာမို့ တရားကိုယ်သဘောကို မြင်အောင် ကြည့်စေချင်ပါတယ်။
ကာလကတ္တားသားတွေအပေါ်မြင်တဲ့ အမြင်ဟာ ကျွန်တော်တစ်ယောက်တည်း အဲဒီလို မြင်တာ မဟုတ်ပါဘူး။
A Passage to India ဆိုတဲ့ ကမ္ဘာကျော်ဝတ္ထုကြီးကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ကြည့်ဖူးပါတယ်။
(နည်းနည်းလောက် လျှာရှည်လိုက်ဦးမယ်နော်။ မကြည့်ဖူးသေးတဲ့သူတွေ နားမလည်မှာစိုးလို့)
စေ့စပ်ထားတဲ့ အင်္ဂလိပ်စစ်ဗိုလ်ကလေးရှိရာ အိန္ဒိယကို ယောက္ခမလောင်းနဲ့အတူ အလည်လိုက်သွားတဲ့
မိန်းမပျိုကလေးဟာ ရှေးကျလှတဲ့ အိန္ဒိယရိုးရာ အံဖွယ်အဆန်းတကျယ်တွေကို စိတ်ဝင်စားမိလို့
လမ်းပြစကားပြန်လုပ်ပေးတဲ့ ဘင်္ဂါလီဆရာဝန်ကလေးနဲ့ မြောက်ပိုင်းဒေသက ကျောက်ဂူကြီးတွေကို
လိုက်လေ့လာပါသတဲ့။ အဘွားကြီးက ဥိးဆောင်တာကို အဖော်လိုက်ရတာဖြစ်ပေမယ့် တစ်နေ့တော့
နေမကောင်းလို့ မလိုက်နိုင်တဲ့ အဘွားကြီးမပါပဲ ရင်းနှီးစပြုနေတဲ့ အဲဒီသူငယ်နဲ့ တောင်ပေါ်ကဂူတွေထဲ
အလည်လိုက်သွားမိပါရော။
အပူရှိန်ပြင်းလွန်းလို့ မူးရိပ်ရိပ်ဖြစ်လာလို့ ဂူထဲမှာ မျက်စိတွေ ပြာလာခိုက်မှာ ဘသားချောက အမုန်းဆွဲပလိုက်တာ
ခမျာမှာ ဆေးရုံရောက်သွားပါလေရော။ လူသိရှင်ကြားနဲ့ မီးခိုးကြွက်လျှောက်သွားတဲ့အခါ တိုင်းသိပြည်သိ
အဓိကရုဏ်းတွေပါ စလာပါတော့တယ်။ အဖြူတွေတစ်နိုင်ငံလုံး သိမ်းထားချိန်မှာ ရာရာစစ အမည်းကများ
မတန်မရာဆိုပြီး ဒေါသးပုန်ထလို့ နှိမ်လိုက်နှိမ်လိုက်တာများလေ။ ကြည့်တဲ့သူတောင် မခံချင်ဘူး။ အဲဒီသူငယ်က
မိန်းမနဲ့ ကလေးတွေနဲ့ ကျောင်းကလည်း မပြီးသေးတာလားမသိ။ တမိသားစုလုံး ဒုက္ခရောက်ကုန်တော့မှာမို့
သူမဟုတ်တော့သလို ရှိခိုးဦးတင် တောင်းပန်ပါတယ်။ သေချာပြန်စဉ်းစားကြည့်ပါဦးလေ။ သူမှ ဟုတ်ရဲ့လား။
လူတူတာများလား။ တို့လူမျိုးတွေက အမွှေးတထူထူ သူလိုလို ကိုယ်လိုလို ခပ်ဆင်ဆင်တွေ မဟုတ်ဘူးလားတဲ့။
တရားရုံးရောက်တော့ အမည်းရှေ့နေတွေက အဲဒီသံသယကို အတင်းနင်းပြီး သေချာလို့လားဆိုတာကိုချည့်ပဲ
ဟိုလိုလှည့်မေးလိုက် ဒီလိုလှည့်မေးလိုက် မေးပါတယ်။ မူးနေတယ်ဆို။ ပြာဝေနေတယ်ဆို။ ဟုတ်ကဲ့လား
ကလေးမရယ်။ စိတ်ထင်လို့ဖြစ်မှာပါ နဲ့။ ဟိုကဖြင့် ဆေးရုံတောင် ရောက်ရှာတယ်။ သူတို့က တကယ်လား
အိမ်မက်လား လုပ်ကောင်းတုန်း။ စီရင်ချက်ချခါနီးကလေးမှာ ဘိုမကလေးက ဂရုဏာသက်သွားလို့လား
အားနာသွားတာလားမသိ။ သိပ်တော့ မသေချာပါဘူးလေ ဆိုလိုက်တော့ အမှုက ဇောက်ထိုးဆင်းသွား
ပါတော့တယ်။
ဒင်းတို့ အဖြူမတွေဟာ အိနြေ္ဒကို မရဘူး။ သူတို့ဟာသူတို့ မူလကျီသွန်နီလာလုပ်ပြီးတော့ တို့အမျိုးသားတွေကို
မှိုချိုးမျှစ်ချိုး စွပ်စွဲတယ်။ အခုကြည့်စမ်း ငါတို့လူမျိုး ပညာတတ်ကလေး သူတော်ကောင်းကလေး။ ကံကြီးပေ
လို့ပေါ့။
နို့မို့ သွားပြီ သူ့ဘ၀ ဆိုပြီး တွန်းတင်လိုက်ကြတာ နေ့ချင်းညချင်း နိုင်ငံရေးသူရဲကောင်းကြီး၊ အမျိုးသား
လူစွမ်းကောင်းကြီး ဖြစ်သွားပါလေရော။ ကလေးမလေးခမျာမတော့ ဘိုတွေလောကမှာ ငါတို့အရှက်ခွဲတဲ့
မိန်းမ၊ ဒီလောက် ချည်ပြီးတုပ်ပြီး တွန်းလှဲရုံကလေး စီမံထားတာကို သေတ္တာဖောက်တဲ့ဟာမဆိုပြီး
ဝိုင်းကျဉ်ကြလို့ အိမ်မပြန်နိုင်တော့ဘူး။ တောရွာတစ်ရွာက ရေကန်ကလေးနံဘေးမှာ အရိုးထုတ်
သွားရတယ်။
ဘယ်သူမှ ဆေးဖော်ကျောဘက်လုပ်မယ့်သူ မရှိဘူး။ တနေ့သောအခါမှာတော့ နိုင်ငံရေးသူရဲကောင်းကြီးမှာ
အကုသိုလ်တစ္ဆေခြောက်ရှာတယ်။ အမှန်တရားဆိုတာကို ဘယ်သူသိသိ မသိသိ သူတို့နှစ်ယောက်တော့
သိထားပြီးသား။ သူလွန်ကျူးတဲ့ ပစ်မှု၊ သူလိမ်ညာလိုက်တဲ့ အကုသိုလ်ကြောင့် ဟိုခမျာဘယ်လောက်
ဘ၀ပျက်သွားရသလဲဆိုတာလည်း သူ့မျက်စိရှေ့တင်လေ။ နောက်ဆုံးတော့ လိုက်သွားပြီး တောင်းပန်ရတယ်။
ဒီအခါမှာ အသက်အရွယ် တော်တော်ရနေပြီဖြစ်တဲ့ အဲဒီအမျိုးသမီးက ရန်လည်းမတွေ့ဘူး။ စိတ်လည်းမဆိုးဘူး။
အေးအေးသက်သာပဲ ပြန်ပြောပါတယ်။ အဖြစ်အပျက်ရဲ့ နောက်ပိုင်းမှာ ဘ၀ပျက်သွားတာက သူမဟုတ်ပါဘူးတဲ့။
သူက သူ့ဘ၀အစစ်အမှန်အတိုင်းပဲ ရှိနေပါတယ်တဲ့။ လိမ်ညာလိုက်ရတဲ့သူမျာသာ တကယ်အစစ်အမှန်မဟုတ်တဲ့
ဘ၀တုကြီးနဲ့ တစ်သက်လုံးဆက်နေသွားရတာပါတဲ့။ ကြည့်ထားမိတာ ဆယ်နှစ်လောက်ကြာပြီမို့
လုံးစေ့ပတ်စေ့တော့ မမှတ်မိတော့ပါဘူး။ ရင်ထဲကိုတော့ တော်တော်ကလေးထိသွားတဲ့ ကားတစ်ကားပါ။
လောကကြီးဟာ မာယာတွေက အများသားပါလေ။ မျက်စိနဲ့ တပ်အပ်တွေ့လို့လည်း ယုံရတာမဟုတ်၊
နားနဲ့ဆတ်ဆတ်ကြားလို့လည်း စိတ်ချရတာမဟုတ်လို့ မှန်တယ် မမှန်တယ်ဆိုတာ ပါးစပ်ကပြောနေတဲ့ လက်က
လုပ်ပြနေတဲ့အတိုင်း ယူဆလို့ ရတာမှ မဟုတ်ပဲ။ သူများကို လိမ်ညာလှည့်ဖြားပြီး ဟန်ဆောင်ထားတဲ့သူဟာ
မဖုံးနိုင်လို့ ကုန်းကုန်းကြီး ဖြစ်တဲ့အခါ ပေါ်ချင်ပေါ်၊ မပေါ်လည်းပဲ သူတစ်သက်လုံး ဘ၀အတုကြီးနဲ့ ဟန်လုပ်နေ
ရတော့မှာပေါ့။ ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံးမဟုတ်လား။ ကိုယ့်ကိုယ်ကိုယ်မသိရင်ရော ဘာဖြစ်မလဲ။
အဲဒါ မောဟလို့ခေါ်တယ်လေ။ ဘာကိုမှ မမြင်နိုင်တော့ဘူး။ အမိုက်တိုက်ကြီး ဖုံးသလိုပဲတဲ့။ သံသရာမှာ
လမ်းပျောက်ပြီး မျက်ကန်းခရီးသည်ဖြစ်ရတာ အဲဒိမောဟကြောင့်ပေါ့ကွယ်။ လောဘဆိုတာက
မြင်လွယ်တယ်။ ကိုယ့်ဘာသာရော ဘေးလူကရောသိနိုင်တယ်။ ဒေါသလည်း ထိုနည်းလည်းကောင်းပဲ။
မောဟကတော့ ပညာမျက်စိနဲ့မှ မြင်နိုင်သတဲ့။ အဲဒါ ဘုရားဟောတွေလေ။ အုန်းကျွန်းတစ်လုံးမှ မပါဘူး။
ငါတော့ ဟောရင်းဟောရင်း ဘုန်းကြီးကျောင်းနဲ့တော့ တော်တော်နီးလာပြီ။ ဘုရား ဘုရား။ မဟနကြီးနဲ့တွေ့ရင်
ကြောက်စရာ။ သြော် … သူများတွေ ပြောနေကြသလောက်တော့ ဆိုးမယ်မထင်ပါဘူးနော့။
ကဲ .. လာပြီဗျာ။ တရားသိမ်းကြရအောင် လိုက်ဆိုလိုက်စမ်းပ..။ (မီးခြစ်ကလေးတွေ ထွန်းပြီး ယိမ်းကြမယ်ဗျို့… )
“ဟန်ဆောင်ကြင်နာမှုများအလယ် ပျော်ရွှင်မိုက်မဲ အိမ်မက်နေဆဲ….”
