ထောင်ထွက်ဖြစ်လျှင် ထုတ်ဝေမည်…

 

by Linn Yaung  အရှိန်အ၀ါကြီးမားလှသော စာပေတိုက်တစ်ခု၏ ရုံးခန်းအတွင်းသို့ မောင်လင်းရောင်တစ်ယောက်
တွန့်ဆုတ်တွန့်ဆုတ်နှင့် ၀င်သွားသည်။ အယ်ဒီတာဟုထင်ရသော လေးထောင့်မျက်မှန်
ထူထူနှင့်ပုဂ္ဂိုလ်ကြီးက စာမူတစ်ခုကို ငုံဖတ်နေရာမှ မျက်လုံးလှန်၍ မေး၏။

 

“ဘာကိစ္စလည်း သူငယ်..”

“ဟိုလေ.. ကျွန်တော့် စာမူလေး ပေးထားတာ… အဲဒါ.. ဟိုလေ.. ဖတ်များဖတ်ပြီးပြီလား..လို့…လို့..”

“နာမည်”

စကားတောင် မဆုံးသေး။

အယ်ဒီတာကြီးက ခပ်ပြတ်ပြတ်မေးသည်။

“ဟို..ဟို..လင်းရောင်ပါ”

ကြောက်ကြောက်ဖြင့် ဖြေ၏။

အယ်ဒီတာကြီးက စာမူတစ်ထပ်ကြီးကို ဟိုလှန်..ဒီလှန်ရှာချင်ယောင်ဆောင်၍…

“မရှိဘူး.. တို့ဆီမှာ… 

စာမူပေးထားတဲ့လူတွေထဲမှာ .. “ဟိုမိုလင်းရောင်” ဆိုတာ တစ်ယောက်မှ မရှိဘူး…”

 

“ခင်ဗျာ.. ..ဆရာရယ်.. လင်းရောင်ပါ.. ဟိုမိုလင်းရောင်မဟုတ်ပါဘူး”

သူ အမြန် ဖြေရှင်းရ၏။

“သြော်..ဆောရီး…ကိုယ်က မင်းကို ခပ်နွဲ့နွဲ့နဲ့ဆိုတော့ .. “ဟိုမို” ထင်လို့..”

 

ဘုရား…ဘုရား..

သူ နည်းနည်းတော့ လေသွားသည်။

ဒီနေ့ သူ ပန်းရောင်အကျီ င်္အကျပ်ဝတ်ထားသဖြင့် အမြင်မှားခြင်းဖြစ်နိုင်သည်။

မျက်ပေါက်ကျဉ်းကျဉ်း၊ နှာခေါင်းပွပွ.. မုတ်ဆိတ်မွှေး ဟိုတစ်စ ..ဒီတစ်စနှင့် သူ့ကို (ဟိုမို)ဟု ထင်တာတော့ နည်းနည်းလွန်သည်။

စကားပြောလျှင် နည်းနည်းနွဲ့သော်လည်း သူ ဟိုမိုမဟုတ်ပါ။ ဒါတော့ ဒီဘဲကြီးနည်းနည်းတော့များပြီဟု ထင်လေသည်။

 

“ကဲ..ပြောပါဦး မင်းစာမူခေါင်းစဉ်က ဘာလဲ”

“ကိုယ်ရယ်…မေမေရယ်ပါ…”

“ဘာာာာ…..”

အမငီး …လန့်ထှာ..

 

သူ ကတုန်ကယင်ဖြစ်သွားသည်။ သူ့စာမူမှာ ပြဿနာတစ်ခုခုများ ဖြစ်ပြီလား။

“ခင်ဗျာ..ဟုတ်ကဲ့…ကိုယ်ရယ် ..မေမေရယ်… ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ”

သူ ကသုတ်ကယက်  ပြန်ဖြေရသည်။ အလွဲအချော်တစ်ခုခုများ ဖြစ်နေပြီလား။ နည်းနည်းတော့ စိုးရိမ်၏။

 

အယ်ဒီတာကြီးမျက်နှာ ရုတ်တရက် နီသွား၏။

ရုတ်တရက် စကားမပြောနိုင်ပဲ သူ့ကို သေသေချာချာစိုက်ကြည့်သည်။

သူ၏ ပွယောင်းယောင်းမျက်နှာမှ နှာခေါင်းထွားထွားကြီး ပိုပွလာသလား ထင်ရလေ၏။

မျက်ရည်များ ဝေ့ခနဲ စို့တက်လာသည်။

ထို့နောက် မျက်တောင်တွေ တဖျက်ဖျက်ခက်၏။

ဝဲကျလာသော မျက်ရည်များကို .. ပုတ်ခက် ပုတ်ခက်လုပ်ရင်း ..

အသံ ရှိုက်မ၀င်သွားအောင် အားတင်းပြီး ပြောလေသည်။

 

“အဟင့်.. အဟင့်… အဲဒါ ညီလေး စာမူလား…”

“ခင်ဗျာ.. ဟုတ်…….ဟုတ်ကဲ့.. ”

 

“အာား… ”

အသံအကျယ်ကြီးဖြင့် ရုတ်တရက် ထအော်သည်။

မက်တပ်ရပ်ကာ လေးလေးစားစား လက်ကမ်းပေးသည်..။

ဝဲလ်ကမ်း… ကြိုဆိုပါတယ်ဆိုသည့် အနေအထားဖြစ်၏။

“ လေးစားတယ်ကွာ…လေးစားတယ်. ညီရာ…

ကိုယ် မင်းကို စောင့်နေတာ…”

အယ်ဒီတာကြီး မတ်တပ်ရပ်ကာ သူ့ကို  အသိအမှတ်ပြုလေသည်။

 

“ဟုတ်ကဲ့…ဟုတ်ကဲ့.. အဲဒါ…အဲဒီစာမူလေးများ…..”

 

“အေး… အဲဒီစာမူ အစ်ကို ဖတ်ပြီးပြီ.. အရမ်းသဘောကျတယ်ကွာ.. ကောင်းလိုက်တာ..

စဖတ်ကတည်းက သဘာဝကျကျနဲ့ ဆွေးဆွေးမြေ့မြေ့အရသာမျိုး ခံစားရတယ်..

မိခင်နဲ့ သားတစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးထားတာ..

Broken Family .. တစ်ခုရဲ့ ဘ၀ကို တင်ပြထားတာ…

ဒါမျိုးဟာ ဂန္ထ၀င်အမျိုးအစားပဲ… စာအုပ်ထဲက ဇာတ်လိုက်ဟာ.. သူဌေးသားမဟုတ်ဘူး.. ရုပ်မချောဘူး.. ပြီးတော့ ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် ရည်းစားထားတတ်တဲ့.. မြင်ဖူးနေကျ ဇာတ်ကောင်မဟုတ်ဘူး.. မွဲပြာပုဆိုးဇာတ်ကောင်တွေထဲက ခွဲထွက်ပြီး အသက်လေးငါး ခြောက်နှစ်လောက်ကလေးလေးကို အဓိက ဇာတ်ဆောင်နေရာမှာ ထားထားတာ .. အစ်ကို သိပ်သဘောကျတယ်ကွာ….”

 

အယ်ဒီတာကြီး ကရားရေလွှတ် ချီးမွှန်းသည်။

သူ့မှာ ..  ၀မ်းသာရမလိုလို.. ၀မ်းနည်းရလိုလို…

မျှော်လင့်ချက်များ ဟုန်းကနဲ ထ လာသည်။

ကိုယ့်လို ဘာမဟုတ်တဲ့ ပမွှားတစ်ကောင်ရဲ့ စာမူကို ဒီလို နိုင်ငံကျော် အယ်ဒီတာကြီးတစ်ယောက်က နွေးနွေးထွေးထွေးကြိုဆိုသဖြင့် ရင်ထဲမှာလှုပ်ရှားသွားရခြင်းဖြစ်၏။

စာသမား ပေသမားပီသသော အယ်ဒီတာကြီး၏ မျက်နှာဖောအစ်အစ်ကြီးမှာ

ရုတ်တရက်ကြီး ခင်မင်စရာ ချစ်စရာကောင်းလာသည်ဟု သူထင်လေသည်။

 

“ဒါဆို.. ဒါဆို.. ကျွန်တော့် စာမူလေးကို ရွေးလိုက်ပြီပေါ့နော်…”

သူ အငမ်းမရမေး၏။

သူ့ပတ်ဝန်းကျင်မှာ အရောင်များလက်လာသလား ခံစားရသည်။

တောက်ပသော အလင်းရောင်တစ်ခုကို ခံစားရလေသည်။

ကြိုးစားအားထုတ်မှု၏ အခြားတစ်ဖက်မှာ အောင်မြင်ခြင်းတစ်ခုခုကတော့ စောင့်ကြိုနေမြဲမဟုတ်ပါလား။

 

“အေးးး… အဲဒီလိုတော့လဲ ..မဟုတ်သေးဘူးကွ….”

“ဗျာ….”

အယ်ဒီတာကြီး၏ စကားကို သူ ရုတ်တရက်နားမလည်။

အယ်ဒီတာကြီးက အားနာသလိုလို.. ပြော၏။

သူ အံ့သြမင်တပ်စွာ နားထောင်၏။

 

“ဒီလိုကွ.. အစ်ကိုတို့ မဂ္ဂဇင်းက ကလောင်သစ်တွေအတွက် နေရာတစ်နေရာစာပေးဖို့ သိပ်ခက်နေတယ်။ အရင်ပေးနေကျ စာမျက်နှာကလည်း ညီလေးအရင်.. ရွေးထားပြီးသားစာမူတွေက ရှိနေတယ်။ ပြီးတော့ …ညီလေးရဲ့ စာမူကလည်း တစ်ပတ်ထဲ ထည့်လို့ရတာမဟုတ်ဘူး… အခန်းဆက်ဝတ္ထုအနေနဲ့ ထည့်မှ ရမှာဆိုတော့ကွာ…. အခက်အခဲ တစ်ခုအနေနဲ့က…….”

 

အယ်ဒီတာကြီးက စကားကို ဆုံးအောင်ဆက်မပြောဘဲ.. သူ့ကို အားနာသယောင်ဖြင့် စားပွဲခုံကို လက်ညှိုးလေးဖြင့် တစ်ဒေါက်ဒေါက်ခေါက်ကာ ငြင်းပယ်ရန် စကားလုံး ရွေးချယ်နေဟန် ရှိလေသည်။

သူ၏ စိတ်ဓာတ်များ အမြင့်ဆုံးတစ်နေရာမှ ငရဲအထိ စိုက်ဆင်းသွားသလို ၀ုန်းကနဲ ပြုတ်ကျသွားသည်။

ဟုတ်တော့လည်း ဟုတ်သည်။

သူ့ ၀တ္တုက နည်းနည်းရှည်၏။ သူလို သာမာန်အွန်လိုင်း စာရေးသူတစ်ယောက်အတွက် နာမည်ကြီး လစဉ်ထုတ်မဂ္ဂဇင်းမှာ နေရာပေးဖို့ ခက်ခဲမည်မှာ သဘာဝကျပါသည်။ ကိုယ့်ဝတ္ထုရှည်ကို အခန်းဆက်နေရာပေးမည့်အစား.. နာမည်ကျော်ကြားသော စာရေးဆရာ၊ ဆရာမများကိုသာ နေရာပေးချင်လိမ့်မည်။

 

“ဒါပေမယ့်…..”

အယ်ဒီတာကြီးက စကားဆက်သည်။

“အစ်ကိုတို့ မဂ္ဂဇင်းမှာ နေရာမပေးနိုင်ပေမယ့်.. ညီလေးဝတ္ထုကို ဖတ်ပြီး ထုတ်ဝေသူတစ်ယောက်က အရမ်းစိတ်ဝင်စားနေတယ်ကွ”

 

သူ့ ရင်ထဲမှာ ဟာ…ခနဲ ဖြစ်သွားသည်။ အယ်ဒီတာကြီးက ဆက်ပြော၏။

“အဲဒါ.. ညီလေးက လုံးချင်းတစ်အုပ်စာ ရေးနိုင်မယ်ဆိုရင်တော့ ညီလေးဝတ္ထုကို ထုတ်ပေးချင်တယ်လို့ အစ်ကို့ကို ကမ်းလှမ်းထားတယ်”

 

အယ်ဒီတာကြီးက ပြုံးစစဖြင့် သူ့ကို အကဲခတ်သလိုကြည့်သည်။

သူ…. ရုတ်တရက် စကားမပြောနိုင်။ မယုံနိုင်အောင် ဖြစ်နေလေသည်။

သူ့လို ပါချီပါချက်တစ်ယောက်၏ စာကို ထုတ်ဝေသူတစ်ယောက်က စိတ်ဝင်စားခြင်းဆိုသည်မှာ နည်းနည်းနောနော ကုသိုလ်ကံလား။

အိပ်မက်လား ..တကယ်လား.. သူ့ လက်ဖ၀ါးကို  ခပ်ပါးပါးလေး ဆိတ်ဆွဲကြည့်သည်။

နာ၏။

ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့..။ တကယ်ပေါ့။ .. အယ်ဒီတာကြီးက ဆက်စကားပြောသည်။

 

“ဒါပေမယ့် .. ညီလေး….

မင်း… ထောင်ကျဖူးသလား…”

 

“ခင်ဗျာ.. ဟင့်အင်းခင်ဗျ.. မကျဖူးဘူးခင်ဗျ… ကျွန်တော့်မှာ ထောက်ခံစာပါပါတယ်…”

သူ အားတတ်သရောဖြေ၏။

 

အယ်ဒီတာကြီးမျက်နှာ ရုတ်တရက် ရှုံ့မဲ့သွားပြန်သည်။

“ဒါဆိုရင်လည်း အဆင်မပြေသေးဘူးကွ”

“ခင်ဗျာ….”

သူ ဘာပြန်ပြောရမှန်းမသိ။

အယ်ဒီတာကြီးက……

“ဒီလိုကွ.. ဒီခေတ်က တစ်ခါမှ စာအုပ်မထုတ်ဖူးသေးတဲ့ စာရေးဆရာအသစ်တွေဟာ ..

အနည်းဆုံးတော့ ထောင်ကျဖူးရမယ်ကွ…. ဒါမှလည်း သူ့ဝတ္ထုက ရောင်းလို့စွန်တာ..

စာအုပ်ကြော်ငြာထည့်တာတောင် .. “ထောင်ထဲမှာ ရေးသည်”..ဆိုတာ မပါရင်  လူရာမ၀င်ဘူးကွ”

“ဒါဟာ လက်ရှိ စာပေလောကရဲ့ မတ်သက်ပဲ …။ ဒါကို ဘယ်ထုတ်ဝေသူမှ မလွန်ဆန်နိုင်ဘူး..

မင်းသာ ထောင်ကျဖူးတယ်ဆိုရင်..  ဒီနေ့ ထုတ်.. မနက်ဖန် မင်းစာအုပ်ကို ရုပ်ရှင်ဒါရိုက်တာတွေ လာဝယ်လိမ့်မယ်..

အစ်ကိုတို့ဘက်က အဲဒီလောက်အထိ တာဝန်ယူပေးနိုင်တယ်.. ဒါပေမယ့် အဓိက ကတော့ မင်းထောင်ကျဖူးဖို့တော့ လိုတယ် ညီလေးရ”

 

“အာဗျာ.. ကျွန်တော်မှ …တစ်ခါမှ မှ .. ထောင်မကျဖူးတာ.. အဲဒါ ဘယ်လိုလုပ်ရမလဲ…”

“အေး..ဒါဆို .. ညီလေး အရင် ထောင်ကျကြည့်လိုက်ကွာ.. ဟုတ်လား… နို့မို့ဆို ညီလေးစာမူဘယ်လောက်ကောင်းကောင်း ထုတ်ဝေသူကလည်း စိတ်ဝင်စားမှာ မဟုတ်ဘူးကွ… အဲဒီတော့.. ဘာမှုနဲ့ ဖြစ်ဖြစ်ကွာ.. ထောင်ခဏတော့ ကျလိုက်..

ပြီးရင် ထောင်က လွှတ်ဝရမ်းလေး အစ်ကို့ဆီယူလာပြီး သက်သေပြ…. အစ်ကိုက  ညီလေးနဲ့ ထုတ်ဝေသူနဲ့ကို တွေ့ပေးမယ်လေ..

စိတ်ချပါ.. ညီလေးလို အရေးအသားမျိုးနဲ့ စာပေနယ်မှာ အောင်မြင်မယ်ဆိုတာ အစ်ကိုယုံပါတယ်.. ”

 

အယ်ဒီတာကြီး၏ စကားနားထောင်ပြီး သူ တော်တော်စိတ်ဓာတ်ကျသွားသည်။

ဘယ်ခေတ် ဘယ်အချိန်တုန်းကမှ  စာရေးဆရာများ ထောင်ကျဖို့လိုသည်ဟု သူ မကြားစဖူး။

ယခုတော့ လုံးချင်းဝတ္ထုလေး တစ်အုပ်ထွက်ရရေး  ထောင်ကျပေးရမည့် အဖြစ်မျိုးနှင့် လာတွေ့နေရသည်။

 

သူ အယ်ဒီတာရှေ့မှ စာမူကို ဖျက်ခနဲ ကောက်လိုက်သည်။

“ဒီမယ်.. ကျုပ် ..လုံးချင်းလဲ မထုတ်ဘူး.. စာရေးဆရာလည်း မလုပ်ဘူး.. ရှင်းလား..

ထောင်ကျမှ အောင်မြင်မယ်ဆိုရင် ခင်ဗျားဘာသာ ထောင်ကျခံပြီး စာအုပ်ထုတ်.. သွားမယ်”

 

သူ အယ်ဒီတာကြီး ဘာစကားမှ မပြောနိုင်ခင် ထ ထွက်လာမိသည်။

ရင်ထဲမှာ လှိုက်ကာလှိုက်ကာ နာ၏။

နောက်ဘယ်တော့မှ စာမရေးတော့ဘူးဟု တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချဖြစ်၏။

လမ်းပေါ်သို့အရောက် .. သူ့စာမူလေးကို ပြန်ငုံကြည့်သောအခါ….

“ကိုယ်ရယ်..မေမေရယ်” ဟုသော ခေါင်းစဉ်နောက်တွင် အယ်ဒီတာကြီး၏ လက်ရေးဖြင့် ကွင်းစကွင်းပိတ်ခက်ထားသော…

(ထောင်ထွက်ဖြစ်လျှင် ထုတ်ဝေမည်) ဟူသော မှတ်ချက်ကို တွေ့ရလေသည်။

 

*********************************************

 

(လင်းရောင်)

*********************************************

 

(သရော်စာရေးချင်တဲ့ လူကတော့ သရော်စရာတွေ့ရင် သရော်မိတာပါပဲ။ မုန်းလို့ ချစ်လို့ မဟုတ်ပါ။

ဒီစာကြောင့် ကိုယ်ချစ်ခင်လေးစားရတဲ့သူတွေကို ထိပါးသလိုဖြစ်တယ်ဆိုရင်လည်း ခွင့်လွှတ်နားပေးကြပါကုန်..)

Like ·  · Share

 

2 thoughts on “ထောင်ထွက်ဖြစ်လျှင် ထုတ်ဝေမည်…

  1. သရော်တာကိုဟုတ်လို့လားဗျာ။
    အမြင်မတည့်တာလား။

  2. အရမ်း ကောင်းသည် တော်တော်ကြိုက်သည် ကျွန်တော်လည်း စာအုပ်ဆိုင်မှာ ( နိုင်ငံရေးသမား တွေဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေ) ကိုမင်းကိုနိုင် ကိုမြအေး (အခုနောက်တော့ ) ကိုကိုကြီး စသဖြင့် သတို့ရဲ့စာအုပ်တွေကို တွေ့ ရလေတော့………ဆရာ ရေးလိုက်သလို ပဲ ချက်ချင်းခံစားမိပါသည်

Comments are closed.