ဆလိုင်းလျန်မုန်းက ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်လေးတွေနဲ့ ရင်းနှီးတယ်ဆိုတော့ ငါတို့က ဘာလုပ်ရမှာလဲ။ သူကဘာပြောချင်တာလဲ။ စေ့စပ်ဖျန်ဖြေမလို့လား။ စေ့စပ်တာတွေ၊ ဖျန်ဖြေတာတွေ၊ ရင်ကြားစေ့တာတွေ တော်လောက်ပြီ။ ရင်ကြားစေ့ရေးကြောင့် လူငယ်တွေ ၇၀၀ ကျော်သေပြီးပြီလို့ပဲ ပြောချင်တယ်။
ကြားဝင်ဖို့ ဖျန်ဖြေဖို့ဆိုတာကို ကိုကိုကြီးလည်းပြောတယ်။ သန်းလွင်ထွန်းလည်းပြောတယ်။ တရုတ်လည်းပြောတယ်။ အာစီယံလည်းပြောတယ်။ ကုလသမဂ္ဂလည်းပြောတယ်။ ငါတို့ကတော့ ကြားကြိုက်တဲ့လူတွေကို အလိုမရှိဘူး။ ကြားကြိုက်တဲ့လူတွေ တော်ရာကြားထဲမှာပဲနေကြ။ စေ့စပ်ချင်တဲ့ကောင်တွေကိုအလိုမရှိဘူး။ တကယ်စေ့စပ်နိုင်ရင် တယောက်မှမသေခင်က စေ့စပ်ကြပါလား။ လူငယ်တွေ ၇၀၀ ကျော်ကို ရက်ရက်စက်စက်ပုံစံမျိုးတွေနဲ့ လူမဆန်စွာ သတ်ဖြတ်ပြီးမှတော့ စေ့စပ်ပါဦးမယ်၊ အရင်လိုဘဝမျိုးနဲ့ ပြန်နေရအောင်ပါလို့လာပြောလို့ကတော့ လက်မခံနိုင်ဘူး။ သေဆုံးသွားတဲ့ အာဇာနည် ၇၀၀ ကျော်ရဲ့အသက်တွေ၊ သွေးတွေကို အဟောသိကံအဖြစ်မခံနိုင်ဘူး။

ဒီလို တိရစ္ဆာန်စိတ်မျိုးရှိတဲ့ စစ်တပ်နဲ့ ငါတို့ အတူမနေနိုင်ဘူး။ ပြည်သူတရပ်လုံးဒီသဘောထားအတိုင်းရှိလိမ့်မယ် လို့ပဲ ယုံကြည်တယ်။ ဒီစစ်တပ်ရှိနေသေးသမျှ၊ ဒီစစ်အာဏာရှင်စနစ်ရှိနေသေးသမျှ သတ်နေဦးမှာပဲ။ ကိုယ့်အထင် ကိုယ့်အမြင်ကိုပြောနေတာမဟုတ်ဘူး။ သက်သေအထောက်အထားတွေ အများကြီးရှိတယ်။ ဒီစစ်တပ် ဒီလိုသတ်လာတာ မနည်းတော့ဘူး။ ၆၂ ဇူလိုင်မှာ ကျောင်းသားရာကျော်သတ်တယ်။ အဲဒါနဲ့ပြီးရောလားဆိုတော့ မပြီးဘူး။ ဦးသန့်အရေးအခင်းမှာလည်း သတ်တယ်။ အလုပ်သမားအရေးအခင်းမှာလည်း သတ်တယ်။ ၈၈ ကျပိုသတ်တယ်။ ၂၀၀၇ ကျတော့ ဘုန်းကြီးပါမရှောင် သတ်တယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က ရင်ကြားစေ့ဦးမယ်ဆိုတော့ စေ့ချင်စေ့ပါ၊ စမ်းကြည့်ပါစေဆိုပြီး စောင့်ကြည့်သည်းခံပေးခဲ့ကြတယ်။ အခုဘာဖြစ်လဲ။ ပိုပြီး ရက်ရက်စက်စက် လူမဆန်တဲ့နည်းနဲ့ ထပ်သတ်တယ်။ အခုတခါ ဒီစစ်တပ်နဲ့ အပစ်ရပ်ဖျန်ဖြေပေးချင်ပြန်သေးတယ်ဆိုတာက ဘာနဲ့တူနေသလဲဆိုတော့ “အခုတခါတော့ ဒီလောက်သတ်ရ တော်ရောပေါ့။ နောင် မေ့လောက်မှ ထပ်သတ်ပါ” လို့ ကြားဝင်ဖျန်ဖြေပေးတာနဲ့ ဘာမှမထူးဘူး။ တော်ပြီ။ အပစ်ရပ်ရုံ ဖျန်ဖြေတာမျိုးတော့ တော်လောက်ပြီ။ သူတို့စစ်အာဏာရှင်တွေ စစ်ယန္တရားကြီးတွေ အပျိုရည်မပျက် မားမားမတ်မတ်ကြီး ကျန်နေဦးမဲ့ ဖျန်ဖြေနည်းမျိုးတော့ တာ့တာပဲ။
ဒီတခါ ငါတို့ အပြတ်ဖြတ်မှဖြစ်မယ်။ ဒီကောင်တွေနဲ့ တနိုင်ငံတည်းမှာ အတူတူမနေနိုင်တော့ဘူး။
ထပ်ပြောမယ်။ ဒီလူသတ်သမားတွေနဲ့ ငါတို့ တနိုင်ငံတည်းမှာ အတူတူနေဖို့ မဖြစ်နိုင်တော့ဘူး။
ရွေးချယ်စရာဟာ လက်နက်ကိုင်တော်လှန်ရေးမှတပါး တခြားမရှိဘူး။
ဇော်ဝင်း
၈၈ ဗကသ
